" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Friday, July 16, 2010

သြကာသဘုရားရှိခိုးရှင်းလင်းချက်

သြကာသဘုရားရှိခိုးရှင်းလင်းချက်

သြကာသ အစချီရွတ်ဆိုသော ဘုရားရှိခိုးခြင်းဖြင့် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးကို ရှိခိုးကန်တော့ကြသည်မှာ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာပင်ဖြစ်သည်။ ရှေးရဟန်း ပညာရှိ သူတော်ကောင်းတို့က စီမံချပေးလာခဲ့ပြီး ရှေးအစဉ်အဆက်ကတည်းက ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ ထိန်းသိမ်းရွတ်ဆို ရှိခိုးပူဇော်ကန်တော့လာခဲ့သော သြကာသ ဘုရားရှိခိုး၏ အဓိပ္ပာယ်ကို ကောင်းမွန်ရှင်းစွာ သိထားသင့်ပေသည်။ အဓိပ္ပာယ်ကို ကောင်းစွာသိရှိနားလည်စွာဖြင့် သြကာသ ဘုရားရှိခိုးကို ရွတ်ဆိုရှိခိုး ကန်တော့သော ဗုဒ္ဓဘာသာဝင် အလွန်ရှားပါးလှပါ၏။ ထုံးတမ်းစဉ်လာအရ လူများရွတ်ဆိုကြရာတွင် လိုက်ပါ ရွတ်ဆိုသော်လည်း ဆိုလိုရင်းအဓိပ္ပာယ်ကို ကောင်းစွာနားမလည်ကြချေ။ အနက်အဓိပ္ပာယ်လိုရင်း သဘော ကို ကောင်းစွာသိရှိနားလည်ပြီး ရှိခိုးကန်တော့မှသာလျှင် ပိုမိုအကျိုး ကြီးမားပေလိမ့်မည်။ ဗုဒ္ဓဘာသာဝင်တို့ သြကာသဘုရားရှိခိုး၏ အဓိပ္ပာယ်ဆိုလိုရင်းကို ကောင်းစွာနားလည် သိရှိစွာဖြင့် ရှိခိုးပူဇော် ကန်တော့ကြစေရန် အတွက် ရေးသားရှင်းလင်း ဖေါ်ပြအပ်ပါသည်။

သြကာသဘုရားရှိခိုးတွင် ရှိခိုးကန်တော့ခန်းနှင့် ဆုတောင်းခန်း ဟူ၍ (၂) ပိုင်းပါရှိပါသည်။

ကန်တော့ခန်း

သြကာသ (၃) ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာမြတ် သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပ္ပတ္တိတရား လေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခါသိမ်း ကင်းလွတ်ငြိမ်း၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာကို ရပါလို၏ အရှင်ဘုရား။ အထက်ပါစာပုဒ် (၂)ခုစလုံးတွင် ပါရှိသော စကားလုံးများ၏ အဓိပ္ပာယ်ကို ဖေါ်ပြအပ်ပါသည်။

သြကာသ = ခွင့်ပြုပါ၊ အခွင့်ပေးပါ။
ကံ = ပြုလုပ်မှု၊ အလုပ်။
ကာယကံ = ကိုယ်အားဖြင့်ပြုမူခြင်း၊ ကိုယ်အမူအရာဖြင့်ပြုလုပ်ခြင်း။
ဝစီကံ = နှုတ်အားဖြင့်ပြုမူဖြင်း၊ နှုတ်အမူအရာဖြင့်ပြုလုပ်ခြင်း။
မနောကံ = စိတ်အားဖြင့်ပြုမူခြင်း၊ စိတ်ဖြင့်ကြံစည်အားထုတ်ခြင်း။
သဗ္ဗ = အားလုံး၊ အကုန်လုံး။
ဒေါသ = မလိုလားသောစိတ်၊ အပြစ်။
ခပ်သိမ်းသော = အားလုံးသော၊ ရှိရှိသမျှသော။
အကျိုးအား = အကျိုးရှိမှု၏စွမ်းအား။
အပါယ်လေးပါး = ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော မကောင်းသောဘုံဘဝ (၄) မျိုး။
ကပ်သုံးပါး = ဘေးအန္တရာယ်ဆိုးကြီး (၃) မျိုး။
ရပ်ပြစ်ရှစ်ပါး = သူတော်ကောင်းတရား နာကြားနိုင်ခွင့်မရှိသောနေရာ၊ ဌာန၊ ဘုံဘဝ (၈) မျိုး။
ရန်သူမျိုးငါးပါး = အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာ အကျိုးစီပွားတို့ကို အပြင်းအထန်ထိခိုက် ပျက်စီးအောင် ပြုနိုင်သော အရာ (၅) မျိုး။
ဝိပ္ပတ္တိ = မကောင်းသောအခြေအနေ၊ ဆုတ်ယုတ်ကျဆင်းခြင်း၊ ပြည့်စုံကောင်းမွန်မှုမရှိခြင်း။
ဗျသန = ပျက်စီးခြင်း။
အခါခပ်သိမ်း = ဘယ်အချိန်အခါ၌မဆို ဘယ်သောအခါတွင်ဖြစ်စေ။
ကင်းလွတ်ငြိမ်း = လုံးဝကင်းရှင်းလျှက်၊ လွတ်ငြိမ်းချမ်းသာခြင်း။
မဂ်တရား၊ ဖိုလ်တရား = အပါယ်ဘုံသို့ရောက်ရှိရန် မရှိတော့ဘဲ ဘဝသံသရာလည်ပတ်ခြင်းမှ လွတ်မြောက်ကာ လုံးဝသေချာစွာ နိဗ္ဗာန်သို့လှမ်းရောက်စေသောတရား။
နိဗ္ဗာန် = ဘဝချုပ်ငြိမ်းရုပ်သိမ်းသဖြင့် ဘဝဒုက္ခမရှိသော ငြိမ်းအေးချမ်းသာမှု။
(နိဗ္ဗာန်၏အဓိပ္ပာယ်ကို သာမာန်ဖွင့်ဆိုချက်မျှသာ ဖြစ်သည်။ အကျယ်တဝင့် ကောင်းစွာသိရှိစေရန် လေ့လာ သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။)

ဖွင့်ဆိုရှင်းလင်းချက်

ရှေးရဟန်းပညာရှိ သူတော်ကောင်းတို့ စီမံပို့ချခဲ့သော အစဉ်အဆက် ထိန်းသိမ်းရွတ်ဆို ပူဇော်ရှိခိုး ကန်တော့ လာသည့် ဤ သြကာသ ဘုရားရှိခိုးနှင့် ပတ်သက်၍ အဓိပ္ပာယ်နှင့်တကွ ဆိုလိုရင်းသဘော အတိမ်အနက်ကို ပိုမိုကောင်းမွန် ရှင်းလင်းစွာနားလည် သိရှိစေခြင်းငှာ ဆက်လက် ရေးသားဖေါ်ပြအပ်ပါသည်။

ရှိခိုးကန်တော့ခန်းတွင်

သြကာသ ဟူသော စကားလုံးသည် သီဟိုဠ် (ယခု သီရိလင်္ကာ) မှလာသော ပါဋ္ဌိဘာသာစကားကို မြန်မာ အသံဖြင့် ရွတ်ဆိုနေကြခြင်းဖြစ်သည်။ သြကာသကို မြန်မာဘာသာပြန်ဆိုလျှင် အခွင့်ပေးပါ၊ ခွင့်ပြုပါဟု အဓိပ္ပာယ်ရသည်။ ဘုရား တရား သံဃာဟူသော ရတနာသုံးပါးကို ရှိခိုးပူဇော် တောင်းပန်ကန်တော့ရန် ခွင့်ပြု တော်မူပါဟု သြကာသ သုံးကြိမ်ဖြင့် အစချီကာ သုံးကြိမ်ခွင့်တောင်းခြင်းဖြစ်သည်။ ကိုယ်ကိုးကွယ်ဆည်းကပ်ရာ အမြတ်ဆုံး ရတနာဖြစ်သော ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ကျူးလွန်ခဲ့မိ သည်ရှိသော် ထိုကျူးလွန်ခဲ့သမျှသော အပြစ်အားလုံးကို ခွင့်လွှတ်ကြေအေးကာ ကင်းလွတ်ပပျောက်စေလို ကြောင်း ရှိခိုးတောင်းပန်အပ်ပါ၏။

တကြိမ် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ရတနာသုံးပါးအား ရိုသေစွာ အလေးအမြတ်ထားလျှက် လက်အုပ် ချီမိုးကာ ရှိခိုးပူဇော်ဖူးမျှော်ကန်တော့ပါ၏ မာန်မာနလျှော့ချ၍ ရှိခိုးတောင်းပန် ကန်တော့ပါ၏။ (ဆရာတော် သံဃာ တော်၏ရှေ့မှောက်တွင် ရှိခိုးကန်တော့သည်ဖြစ်ပါက ဆုတောင်းခန်းကို ရွတ်ဆိုရန်မလိုပါ။ ထိုဆရာတော် သံဃာတော်၏ ဆုပေးခြင်းကို ခံယူရမည်ဖြစ်သည်။)

ဆုတောင်းခန်းတွင်

ကန်တော့ရသော အကျိုးအားကြောင့်ဟူသော စကားရပ်သည် ဤရတနာသုံးပါးကို ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ရသော ကုသိုလ်၏အကျိုးစွမ်းအားကြောင့်ဟု ဆိုလိုခြင်းဖြစ်သည်။ (အကျိုးအားကြောင့်) ဟူသော စကားလုံးအစား (အကျိုးရကြောင့်) ဟုမှားယွင်းရွတ်ဆိုတတ်ကြသည်ကို သတိပြုကြစေလိုပါသည်။

ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို ရိုသေစွာ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ရသော ကုသိုလ်၏ အကျိုးစွမ်းအားကြောင့် ကောင်းကျိုးချမ်းသာရရှိ၍ ဆင်းရဲဒုက္ခရောက်သော ဘုံဘဝ၊ အခြေအနေ၊ အရာ၊ ဌာန တို့နှင့် ဘယ်အခါ၌မဆို ကင်းဝေးပြီး ငြိမ်းအေးချမ်းသာလျက် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူသော ချမ်းသာအစစ် ကိုရပါလို၏ ဆုတောင်းခြင်း ဖြစ်သည်။

ဤသို့ဆုတောင်းရာတွင် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် (၈) ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပ္ပတ္တိတရား(၄)ပါး၊ ဗျသနတရား (၅)ပါးတို့မှ ဘယ်အခါမဆိုကင်းလွတ်ငြိမ်းစေကြောင်း ဆုတောင်းရသည့်သဘောကို ကောင်းမွန်စွာ အလေးအနက် နားလည်သိရှိစေရန်အလိုငှာ ဆက်လက်ရှင်းလင်း ဖေါ်ပြအပ်ပါသည်။

အပါယ်လေးပါး

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့သည် အပါယ် (၄)ပါးတွင် ပါဝင်၏။ ငရဲကျရောက်သော သတ္တဝါသည် အကုသိုလ်အကျိုးကို အပြင်းအထန်အလူးအလဲ ခံနေရသည်မှလွဲ၍ ကောင်းကျိုးချမ်းသာ ဘာမှမရှိ။ တိရစ္ဆာန် ဘဝသည် အကောင်း၊ အဆိုးအကြောင်း၊ အကျိုး ဘာမှမသိ (အိပ်၊ စား၊ ကာမ) သုံးမျိုးသာ ပြုလုပ်နိုင်၏။ ပိုမိုအား ကောင်းသော သတ္တဝါ၏ အန္တရာယ်ပြု နှိပ်စက် သက်ဖြတ်ခြင်းကို ခံကြရ၏။ ပြိတ္တာသည် အစွဲအလန်းကြီးသော တဏှာလောဘစိတ်ဖြစ်သည့် အကုသိုလ်စိတ်ဖြင့် သေဆုံးကာ ဘဝကူးပြောင်းရောက်ရှိသော သတ္တဝါဖြစ်သည်။ ပြိတ္တာ ဘဝသို့ရောက်ရှိလျှင် ကုသိုလ်ကောင်းမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ အားထုတ် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ တန်ခိုးသြဇာအရှိန်အဝါတို့အရ အင်အားသာလွန်သည့် သတ္တဝါ၏ ချုပ်ကိုင်မှုကို ခံကြရ၏။ အသူရကာယ်သည် လည်း ပြိတ္တာနှင့်မခြားနားလှသော ဘဝမျိုးဖြစ်ပြီး အသူရကာယ်ဘဝသည် လူနှင့်မနီးသော တော၊ တောင်၊ လျှိုမြောင်၊ ကျွန်း၊ ကန္တာရ စသည့်တို့တွင် အစုအဝေးဖြင့် နေထိုင်ရပ်တည်ကြသော ဘမျိုးဖြစ်ကြသည်။ ပြိတ္တာ ကဲ့သို့ ကုသိုလ်ကောင်းမှု မလုပ်နိုင်သည့်အပြင် လူတော်ကောင်း တရားနာကြားနိုင်ရန်ပင် အခွင့်အလမ်း မရှိကြပေ။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်ဘုံသားဘဝသို့ကျရောက်ရခြင်းသည် အကုသိုလ်ကံ အကျိုးပေးမှုကြောင့်ဖြစ်ရပြီး ကုသိုလ်တရားအကျိုးပေးခွင့်မသာ ဖြစ်လေ၏။ အကုသိုလ်ကံအကျိုးကြောင့် ဖြစ်ရ သည့် အခြေအနေဆိုး၊ ဒုက္ခဆိုကျိုး အမျိုးမျိုးတို့ ကျရောက်ရန်အတွက် အလွန်အခွင့်အလမ်း သာလေတော့ သည်။ သို့ဖြစ်၍ ကုသိုလ်ကောင်းမှု မပြုနိုင်၊ ကောင်းကျိုးချမ်းသာမရနိုင်၊ ဒုက္ခဆင်းရဲအမျိုးမျိုးသာ ကြုံတွေ့ နိုင်သော ငရဲ၊ တရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသည့် အပါယ်ဘုံသားဘဝနှင့် ကင်းလွတ်စေကြောင်း ကောင်းစွာ အလေးအနက်ထားသော အသိတရားဖြင့် ဆုတောင်းအားထုတ်သွားသင့်ပေသည်။

ကပ် (၃) ပါး

ဒဗ္ဘိကန္တာရကပ်၊ ရောဂန္တရကပ်၊ သတ္တန္တရကပ် ဟူ၍ဘေးဆိုးကြီး (၃) မျိုးကို ကပ် (၃) ပါး ဟုခေါ်သည်။
ဒုဗ္ဘိကန္တာရကပ်သည် - - - အစာရေစာရှားပါးငတ်မွတ်ခေါင်းပါးသော ဘေးဆိုးကြီးဖြစ်၏။
ရောဂန္တရကပ်သည် - - - ရောဂါကြောင့်သေကြေပျက်စီးကြရသော ဘေးဆိုးကြီးဖြစ်၏။
သတ္တန္တရကပ်သည် - - - လက်နက်ဘေးဒဏ်ဖြင့် သေကြေ ပျက်စီးကြရသော ဘေးဆိုးကြီး ဖြစ်၏။

ထိုကပ်ဘေးတို့နှင့် ကြုံတွေ့ကြရသည်ရှိသော် အဘယ်မှာ ကောင်းကျိုး ချမ်းသာရပါတော့အံ့နည်း။ အခြေ အနေဆိုး၊ ဆိုးကျိုး၊ ဒုက္ခဆင်းရဲခြင်းတို့ကိုသာ ခံစားကြရမည် ဖြစ်သည်။ သို့ဖြစ်၍ ထိုကပ် (၃) ပါးနှင့် ကင်းဝေး စေကြောင်း ကောင်းမွန်လေးနက်စွာသော အသိတရားဖြင့် ဆုတောင်း အားထုတ်သင့်ပေသည်။

ရပ်ပြစ် (၈) ပါး

အပြစ်ရှိသောအရပ် (၈)မျိုးဖြစ်၏။ အပြစ်ဟုဆိုရာ၌ သူတော်ကောင်းတရားနားကြားရန် အခွင့်အလမ်းမရှိသော အပြစ်ကိုဆိုလို၏၊ ၎င်းရပ်ပြစ် (၈) ပါး (အပြစ်ရှိသောရပ် (၈)မျိုး)တွင်
(၁) ငရဲ
(၂) တိရစ္ဆာန်
(၃) ပြိတ္တာ
(၄) အသူရကာယ်
(၅) ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ်မရှိသော ဗြဟ္မာဘုံ
(၆)ဆွံ့အနားမကြား (ကောင်းသော တရားနာယူရန်၊ ကောင်းမှုကုသိုလ်ပြုရန် မဖြစ်နိုင်လောက်အောင် ကိုယ်အင်္ဂါချို့ယွင်းသူ)
(၇) ဝေးလံသီခေါင်လွန်းသော သွားလာရောက်ရှိရန်ခဲယဉ်းသည့် အရပ်ဒေသ (ပညာရှိ သူတော်ကောင်းနှင့် ကြုံဆုံရန် ခက်ခဲသော၊ အကျိုးရှိသော အလုပ်များလုပ်ရန် ခဲယဉ်းသောအရပ်ဒေသ
(၈) မိစ္ဆာဒိဋ္ဌိဟုခေါ်သော မှားယွင်းသော အယူဝါဒရှိသူတို့ပါဝင်၏။

ထို (၈)မျိုးတွင် တမျိုးမျိုး၌ ပါဝင်နေသူဖြစ်ပါက ကောင်းကျိုး ချမ်းသာရရန် အလွန်ခဲယဉ်းတော့သည်။ ကုသိုလ်ကောင်းမှုကိုပြုရန် အခွင့်အလမ်းတို့ ကင်းဝေးကြကုန်၏။ သူတော်ကောင်းတရား နာကြားနိုင်ရန်နှင့် တရားစစ် တရားမှန်တို့ကို နားလည်သိရှိကျင့်သုံးရန် အခြေအနေမပေးသော အဖြစ်မျိုးရောက်ကြလေ၏။ သို့ဖြစ်၍ ဤရပ်ပြစ် (၈)ပါးနှင့် မကြုံဆုံမိစေရန်၊ လုံးဝကင်းလွတ်စေရန် ကောင်းမွန်လေးနက်စွာ အသိတရားဖြင့် ဆုတောင်းအားထုတ်သင့်ပေသည်။

ရန်သူမျိုး (၅) ပါး

(၁) ရေ (၂) မီး (၃) မင်း (၄) သူခိုး ဓါးပြ (၅) အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေသူ တို့သည် ရန်သူမျိုး (၅) ပါးတွင် ပါဝင်၏။ (အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေသူကို မချစ်မနှစ် သက်သောဟုလည်း ဆိုလေ့ရှိကြ၏။)
ရေကြီးလျှင် ရေဘေးဒုက္ခကြုံတွေ့ရ၏။ မီးလောင်လျှင် မီးဘေးဒုက္ခကြုံတွေ့ရ၏။ မင်းဟု ဆိုရာတွင် တိုင်းပြည်ကို အုပ်ချုပ်သူများ၊ အုပ်ချုပ်ရေးနှင့်ဆိုင်သော အာဏာပိုင် အဆင့် ဆင့်တို့ပါဝင်ကြ၏။ အုပ်ချုပ်သူများ အုပ်ချုပ်ရေး အာဏာပိုင်များသည် အာဏာနှင့် လုပ်ပိုင်ခွင့်ကို မတရားအသုံးချကာ ဒုက္ခဆိုးကျိုး အမျိုးမျိုးကို အများပြည်သူ တို့အပေါ် ကျရောက်စေတတ်သည်။ ခိုးသား ဓါးပြတို့သည်လည်း အများပြည်သူ၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာတို့ကို အန္တရာယ်ပြု လုယူ သိမ်းပိုက်လေ့ရှိကြ၏။ လင်နှင့် မယားဖြစ်စေ၊ မိဘနှင့် သားသမီး ပင်ဖြစ်စေ ဆွေမျိုး ညီအကိုမောင်နှမ အချင်းချင်းဖြစ်စေ မိတ်ဆွေ အချင်းချင်းဖြစ်စေ၊ မသမာသော မရိုးမဖြောင့်သော မကောင်းသော အကြံအစည်ဖြင့် ဥစ္စာ၊ စီးပွား၊ အသက်၊ ခန္ဓာ ထိခိုက် နစ်နာ ဆုတ်ယုတ် ပျက်စီးစေသူဖြစ်ပါက အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးသူ ဖြစ်၏။ ကိုယ်ဆင်းရဲဖြစ်သော ရန်သူပင်ဖြစ်၏။

ဝိပ္ပတ္တိတရား (၄) ပါး

(၁) ဂတိဝိပ္ပတ္တိ = ဘဝကျရောက်ရာ (ဘဝလားရာ) မကောင်းခြင်း၊ မကောင်းသော ဘုံဘဝသို့ရောက်ခြင်း။
(၂) ကာလဝိပ္ပတ္တိ = မကောင်းသော ဆုတ်ယုတ်ကျဆင်းသော အချိန်ကာလ၊ မကောင်းသော အခြေအနေဆိုး ခေတ်ကာလ။
(၃) ဥပဓိဝိပ္ပတ္တိ = ရုပ်အင်္ဂါအပါအဝင် ကိုယ်ရည်ကိုယ်သွေး နိမ့်ကျမှု၊ ဆုတ်ယုတ်ကျဆင်းမှု၊ (ချစ်ခင်လေးစား တန်ဖိုးထားလောက်သော ရုပ်ဆင်းအင်္ဂါနှင့် မပြည့်စုံခြင်း)။
(၄)ပယောဂဝိပ္ပတ္တိ = ဆောင်ရွက်အားထုတ်မှု ညံ့ဖျင်းကျဆင်းခြင်း၊ ပြည့်စုံလုံလောက်မှု မရှိခြင်း။

ဂတိဝိပ္ပတ္တိ = ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ဘဝလားရောက်ပါက ဂတိဝိပ္ပတ္တိဖြစ်၏။ ကောင်းရာသုဂတိမလားဘဲ ဘဝဆိုး (မကောင်းသောဘဝ) သို့ လားရောက်ရခြင်းဖြစ်သည်ကို ဂတိဝိပ္ပတ္တိဟု ခေါ်သည်။

ကောင်းသောဘဝများဖြစ်ကြသော လူ၊ နတ်၊ ဗြဟ္မာ အဖြစ်သို့ ရောက်ရခြင်းသည် ဂတိဝိပ္ပတ္တိမှ လွတ်ကင်းနေ ၏။ ဂတိဝိပ္ပတ္တိဖြစ်ပါက ကောင်းကျိုးချမ်းသာမရ၊ ဆင်းရဲဒုက္ခရောက်ရကြောင်းကို အပါယ် (၄) ပါး အကြောင်း၌ ဖေါ်ပြခဲ့ပြီးဖြစ်သည်။

ကာလဝိပ္ပတ္တိ = မကောင်းသောအခြေအနေတို့နှင့် တွေ့ကြုံနေရသော၊ ကောင်းကျိုးချမ်းသာရရန် ခက်ခဲသော၊ ဆိုးကျိုးဒုက္ခများကို ရင်ဆိုင်နေရသော အချိန်အခါ၊ ခေတ်၊ ကာလ တို့သည် ကာလဝိပ္ပတ္တိ ဖြစ်၏။

(၁) မင်းဆိုးမင်းညစ်၊ မကောင်းသောအစိုးရ၊ မကောင်းသောအုပ်ချုပ်သူ၊ အုပ်ချုပ်ကြီးစိုးနေသောခေတ်။
(၂) လူဆိုး၊ လူမိုက်၊ သောင်းကျန်းသူ ကြီးစိုးလွှမ်းမိုးသော အခါကာလ။
(၃) စစ်ဘေး၊ စစ်ဒဏ်သင့်နေသော (စစ်ဖြစ်နေသော) အချိန်အခါ၊ ကာလ။
(၄) ရေဘေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သော ကာလ။
(၅) မိုးခေါင်ရေရှားခြင်း၊ အစားအစာငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဆိုးများ ကူးစက်ပျံ့နှံ့နေသော အချိန်အခါ စသည်တို့သည် ကာလဝိပ္ပတ္တိတွင် အပါအဝင်ဖြစ်ကြ၏။

ကာလဝိပ္ပတ္တိ ဖြစ်သောအခါ အခြေအနေ၊ အချိန်အခါ၊ ခေတ်၊ ကာလ တို့နှင့် ကြုံဆုံရသောသူတို့မှာ ကောင်းကျိုး ဖြစ်ထွန်းရန် မလွယ်ကူချေ။ ဆိုးကျိုးရရှိရန်၊ ဒုက္ခတွေ့ရန်၊ မကောင်းသောအဖြစ်အပျက်နှင့် ကြုံဆုံရန်လွယ်လွယ် ကူကူ အခွင့်အလမ်းသာနေတော့၏။

ကာလဝိပ္ပတ္တိဖြစ်သည့် ခေတ်ကာလ၊အခြေအနေ တရပ်ရပ်နှင့် ကြုံတွေ့ကြသော အများပြည်သူတို့သည် စားဝတ်နေရေး ကျပ်တည်းခက်ခဲခြင်း၊ အသက် အန္တရာယ်စိုးရိမ် ထိခိုက်ရခြင်း၊ အနိုင်ကျင့်ဖိနှိပ်ခံရခြင်း၊ အိုးအိမ် ဥစ္စာစည်စိမ်း ပိုင်ဆိုင်မှုတို့ လုံခြုံစိတ်ချရမှုမရှိခြင်း၊ စီးပွားဥစ္စာရှာရာတွင် မလွယ်ကူခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း အစရှိသော ဆင်းရဲဒုက္ခတို့ကို ရင်ဆိုင်ခံစားကြရကုန်၏။

ဥပဓိဝိပ္ပတ္တိ = ရုပ်ရည်အဆင်းအင်္ဂါ ချို့တဲ့မှု၊ မတင့်တယ်မှု၊ လေးစားယုံကြည်ချစ်ခင်လောက်သော ကိုယ်ရည် ကိုယ်သွေး နှင့် မပြည်စုံမှုတို့သည် ဥပဓိဝိပ္ပတ္တိ ဖြစ်လေ၏။

ဥပဓိဝိပ္ပတ္တိဖြစ်သော ကိုယ်ရည်ကိုယ်သွေး ရုပ်အဆင်းအင်္ဂါချို့တဲ့ကျဆင်းသူတို့သည် ချစ်ခင်သူနည်းပါးခြင်း၊ ယုံကြည်လက်တွဲသူနည်းပါးခြင်း၊ အထင်အမြင်သေးခံရခြင်း၊ မိတ်ဆွေအပေါင်းအသင်းလုပ်သူနည်းပါးခြင်း၊ နှိမ့် ချခံရခြင်း စသည်တို့ကို ကြုံတွေ့ကြရ၏။ အလုပ်အကိုင်အားဖြင့် ကောင်းမွန်မြင့်မားသော အလုပ်အကိုင်မျိုးကို မရကြဘဲ နိမ့်ကျစွာ၊ မျက်နှာငယ်စွာ လုပ်ကိုင်ကြရ၏။

ဥပဓိဝိပ္ပတ္တိ ဖြစ်သူသည် (ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းကျဆင်းသူ) သည် အကြီးအကဲ၊ ဆရာသမားတို့၏ စောင်မကြည့်ရှု ကူညီပံ့ပိုးမှုရရှိရန် ခဲယဉ်းပေမည်။ လူချစ်လူခင်နည်းပြီး အပေါင်းအသင်းမိတ်ဆွေတို့၏ ချစ်ခင် လေးစားမှု၊ ကူညီဖေးမမှုတို့ရရန် မလွယ်ကူပေ။ ကောင်းကျိုးချမ်းသာကို ရသင့်သလောက် မရနိုင်ပေ။

ပယောဂဝိပ္ပတ္တိ = အားထုတ်ဆောင်ရွက်မှု ဆုတ်ယုတ်ကျဆင်းခြင်း၊ အလုပ်အကိုင် အားထုတ်ဆောင်ရွက်မှု လိုအပ်သလောက် မပြည့်စုံ မလုံလောက်ခြင်းတို့သည် ပယောဂဝိပ္ပတ္တိ ဖြစ်သည်။

လူငယ်အချို့သည် ပညာရှာရမည့် အချိန်အရွယ်တွင် ကျောင်းမှန်မှန်တက် စားကြိုးစားလျှင် ပညာတတ်လူတော် လူကောင်း ဖြစ်နိုင်ပါလျက်နှင့် စာမကြိုးစားဘဲ တေတေလေလေနေသောကြောင့် စားပေးပွဲကျကာ လူဖျင်း လူညံ့ဘဝသို့ ရောက်လေ၏။ ထိုလူငယ်တို့သည် ပညာရေးနှင့် ဘဝတိုးတက်ကြီးပွားရေးအတွက် အားထုတ် ဆောင်ရွက်မှု ညံ့ဖျင်းသဖြင့် ပယော ဂဝိပ္ပတ္တိ ဖြစ်ကြသူများဟု မှတ်ယူရပေမည်။

အချို့သောသူတို့သည် မိမိ၏ အိမ်ထောင်ရေး သာယာကောင်းမွန်အောင် ဆောင်ရွက်အားထုတ်ခြင်း မရှိကြပေ။ ထိုသူတို့သည် အိမ်ထောင်ရေးအတွက် ပယောဂဝိပ္ပတ္တိဖြစ်များဟု မှတ်ယူရပေမည်။

အချို့သော သူတို့သည် မိမိ၏ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်စွာထိန်းသိမ်း နေထိုင်ခြင်းမရှိကြ၊ လူကောင်း သူကောင်းဖြစ်အောင် နေတတ်ကြ၊ ထိုသူတို့သည် မိမိဘဝအတွက် အားထုတ် ဆောင်ရွက်မှု ညံ့ဖျင်းသူ (ဝါ) မိမိဘဝအတွက် ပယောဂဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။

အချို့သောသူတို့ကား မိမိ၏စီးပွားရေးကို ဂရုတစိုက်ကြိုးစားဆောင်ရွက်လျှင် ကြီးပွားချမ်းသာနိုင်ပါလျှက်နှင့် အပျော်အပါး၊ လောင်းကစားတို့ဖြင့် အချိန်ဖြုန်းသဖြင့် စီးပွားပျက်ကာ ဆင်းရဲမွဲတေသော အခြေအနေသို့ ရောက်ကြရ၏။ ထိုသူတို့သည် စီးပွားရေးအတွက် ပယောဂဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။

အချို့သူတို့သည် ကျန်းမာရေးဂရုစိုက်ပြီး အသက်ရှည်စွာ အနာရောဂါကင်းအောင် နေထိုင်သင့်လျက် အရက် အလွန်အကျွံသောက်သဖြင့် ရောဂါရပြီး အသက်တိုကြကုန်၏။ ထိုသူတို့သည် ကျန်းမာရေးအတွက် ပယောဂ ဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။

သာသနာဘောင်အတွင်း ရဟန်းဘဝဖြင့် ကိလေသာကုန်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံအားထုတ် သင့်လျှက် ရဟန်းသိက္ခာတော်ကို မစောင့်စည်း၊ ဝိနည်းဒေသနာတော်ကို မလေးစား၊ အနေအထိုင်မဆင်ခြင်ဘဲ သင်္ကန်းဝတ်ရုံမျှသာဖြစ်၏။ ထိုရဟန်းသည် သူတော်ကောင်းတရားကို မသိမမြင်နိုင်၊ သီလ၊ သမာဓိ၊ ပညာတို့ကို မရနိုင်ပေ။ ထိုရဟန်းသည် ရဟန်းတရား အားထုတ်မှုတွင် ပယောဂဝိပ္ပတ္တိဖြစ်သော ပုဂ္ဂိုလ်ဟု သိမှတ်ရပေမည်။

လောကီဆိုင်ရာ ကောင်းသောရည်မှန်းချက်အတွက်ဖြစ်စေ၊ လောကုတ္တရာဆိုင်ရာ ကောင်းသောရည်မှန်းချက် အတွက်ဖြစ်စေ၊ ထိုရည်မှန်းချက်သို့ရောက်ရှိအောင် အားထုတ်ခြင်းမျိုး မဟုတ်ဘဲ ထိုရည်မှန်းချက်သို့ရောက်ရေး ကို နှောက်နှေးစေသော အားထုတ်ခြင်း၊ ထိုရည်မှန်းချက်နှင့်လွဲချော်သော အားထုတ်ခြင်း၊ ထိုရည်မှန်းချက် ပျက်စီးစေသော အားထုတ်ခြင်းတို့သည် ပယောဂဝိပ္ပတ္တိပင် ဖြစ်၏။ ကောင်းကျိုးချမ်းသာကိုမရဘဲ ဆိုးကျိုး ဒုက္ခကိုရစေသော အားထုတ်ခြင်း၊ အကျိုးမရှိသည့်အပြင် အကျိုးယုတ်စေသော အားထုတ်ခြင်းတို့သည်လည်း ပယောဂဝိပ္ပတ္တိပင်ဖြစ်၏။ ဝိပ္ပတ္တိ၏ ဆန့်ကျင်ဘက်မှာ သမ္ပတ္တိ ဖြစ်၏။ ဝိပ္ပတ္တိသည် ဆုတ်ယုတ်ခြင်း၊ ကျဆင်းခြင်း၊ မပြည့်စုံမလုံလောက်ခြင်း၊ မကောင်းခြင်း၊ ဆိုးရွားခြင်း၊ ညံ့ဖျင်းခြင်း၊ ချို့ယွင်းခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရ၏။ သမ္ပတ္တိသည် ကောင်းမွန်ခြင်း၊ လုံလောက်ပြည့်စုံခြင်း၊ တင့်သင့်လျှောက်ပတ်ခြင်း၊ လျှော်ကန်သင့်မြတ်ခြင်း ဟု အဓိပ္ပာယ်ရ၏။

ဝိပ္ပတ္တိတရားသို့သည် ကြုံဆုံရသော ပုဂ္ဂိုလ်၊ သတ္တဝါတို့အတွက် ကောင်းကျိုးချမ်းသာရရန် ခဲယဉ်းစေ၊ အားနည်း စေပြီး ဆိုးကျိုးအမျိုးမျိုး၊ ဆင်းရဲဒုက္ခအမျိုးမျိုးတို့ ကြုံတွေ့နိုင်သောကြောင့်ဝိပ္ပတ္တိတရားတို့နှင့် ကင်းလွတ်ကာ သမ္ပတ္တိတရားနှင့်သာ ကြုံဆုံရန် အားထုတ်သင့်ပေသည်။ သမ္ပတ္တိတရားနှင့်သာ ကြုံဆုံရန် ဆုတောင်းသင့် ပေသည်။

- ဂတိဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ဂတိသမ္ပတ္တိနှင့်သာ ကြုံဆုံစေကြောင်း။
- ကာလဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ကာလသမ္ပတ္တိနှင့်သာ ကြုံဆုံရစေကြောင်း။
- ဥပဓိဝိပ္ပတ္တိနှင့်ကင်းလွတ်ပြီး ဥပဓိသမ္ပတ္တိနှင့်သာ ကြုံဆုံရစေကြောင်း။
- ပယောဂဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ပယောဂသမ္ပတ္တ္တိနှင့်သာ ကြုံဆုံရစေကြောင်း ဆုတောင်းသည့်အပြင် အားထုတ်သွားကြရန် သင့်ပေသည်။

ဗျသနတရား (၅) ပါး

ဗျသန ဟူသော ပါဋ္ဌိဝေါဟာရ၏ အဓိပ္ပာယ်မှာ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရ၏။
ဗျသန (၅)ပါးတို့မှာ အောက်ပါတို့ဖြစ်သည်။
၁။ ဘောဂဗျသန - - - အိုးအိမ်၊ ဥစ္စာ၊ စီးပွား၊ ပိုင်ဆိုင်မှုတို့ ပျက်စီးခြင်း။
၂။ ရောဂ ဗျသန - - - ရောဂါဘေးဖြင့် သေကျေပျက်စီးခြင်း။
၃။ ဉာတိ ဗျသန - - - ဆွေမျိုးဉာတကာတို့ သေဆုံးပျောက်ကွယ် ပျက်စီးခြင်း။
၎။ သီလ ဗျသန - - - သီလ ပျက်ခြင်း။
၅။ ဒိဋ္ဌိ ဗျသန - - - အယူမှားယွင်းခြင်း၊ ပျက်စီးခြင်း။

အိုးအိမ်၊ ဥစ္စာ၊ စီးပွား၊ ပိုင်ဆိုင်မှုတို့ ပျက်စီးဆုံးရှုံးခြင်း၊ ရောဂါဘေးဖြင့် အသက်အန္တရာယ်ကျရောက်ခြင်း၊ ဆွေမျိုး ဉာတကာတို့ သေးဆုံးပျောက်ကွယ် ပျက်စီးခြင်းတို့ကြုံရသူတို့မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ကြရပေမည်။ ထိုဆင်းရဲဒုက္ခခံစားနေရသဖြင့် ကောင်းကျိုးရရေး မဆောင်ရွက်နိုင်၊ ကုသိုလ်ကောင်းမှု မပြုနိုင်ဖြစ်ကြရ၏။ ကောင်းကျိုးရရေးနှင့် ကုသိုလ်ကောင်းမှုတို့အတွက် ဆောင်ရွက်အားထုတ်ရန် မဆိုထားနှင့် စိတ်ကူးနိုင်ဖို့ပင် ခဲယဉ်းပေလိမ့်မည်။

ကိုယ်ကျင့်သီလပျက်သော လူပုဂ္ဂိုလ်၊ ကျင့်ဝတ်ပျက်သော ရဟန်းတို့အပေါ်၌ အများပြည်သူတို့ ယုံကြည်မှု၊ လေးစားကြည်ညိုမှုမရှိ ဖြစ်ကြပေသည်။ ကိုယ်ကျင့်သီလ၊ (၅)ပါးသီလ၊ (၈) ပါးသီလ၊ (၉) ပါးသီးလ ရဟန်းသီလ သိက္ခာသီလ အစရှိသည့် မိမိထိန်းသိမ်းစောင့်ရှောက်နေသော သီလဖြင့်ကျင့်ကြံနေထိုင်ရာမှ သီလပျက်ခြင်း မဖြစ်သင့်ပေ။ သီလစောင့်ထိန်းနိုင်သူအတွက် ယခုဘဝ၌လည်း လူကောင်းသူကောင်း၊ သူတော်ကောင်း စာရင်းဝင်အဖြစ် အများလေးစားသူဖြစ်ရသည့်အပြင် နောင်ဘဝအတွက်လည်း ကောင်းမူကုသိုလ်ဖြစ်လေ၏။ သီလ စောင့်ထိန်းခြင်းဖြင့် ယခုဘဝ၌လည်းကောင်းသည့်အပြင် နောင်ဘဝ၌လည်း ကောင်းလေ၏။

ထိန်းသိမ်းအပ်သော သီလပျက်သောသောသူအတွက် ကောင်းမှုကုသိုလ် ယုတ်လျှော့ကျဆင်း ပျက်သုဉ်းသွားပြီး မကောင်းမှုအကုသိုလ် တိုးပွားစေမည်ဖြစ်သဖြင့် ယခုဘဝအတွက်လည်းမကောင်း၊ နောင်ဘဝအတွက်လည်း မကောင်း ဖြစ်လေ၏။

ကောင်းမွန်မှန်ကန်သော အယူရှိပါက သမ္မာဒိဋ္ဌိဖြစ်၏။ မှားယွင်းသော မကောင်းသော အယူရှိပါက မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ ကောင်းမွန်မှန်ကန်သောအယူ (သမ္မာဒိဋ္ဌိ) ကို ခံယူလက်ခံထားရာမှ မှားယွင်းသော မကောင်းသောအယူ (မိစ္ဆာဒိဋ္ဌိ) ကို ပြောင်းလဲခံယူလက်ခံ လိုက်သောသူသည် ဒိဋ္ဌိဗျသန ဖြစ်သွားသောသူ ဖြစ်လေ၏။

လောကီအတွက်ဖြစ်စေ၊ လောကုတ္တရာအတွက်ဖြစ်စေ၊ မှန်ကန်ကောင်းမွန်သောအသိအမြင် အယူအဆ ထားရှိရန် လိုအပ်ပေသည်။ မှားယွင်းသော အယူအဆ၊ မှားယွင်းသော အယူဝါဒ ထားရှိပြီး ဆောင်ရွက်အားထုတ် သမျှ အမှားများကိုသာဖြစ်စေပြီး လွဲမှားသောအဖြစ်သို့ ရောက်ရလေတော့၏။ ပိုမိုရှင်းလင်းစွာ နားလည် စေခြင်းငှာ ဥပမာအချို့ကို ဖေါ်ပြလိုက်ရပေသည်။

ဥပမာ (၁)
ဆေးလိပ်သည် သောက်သုံးရန်မသင့်ဟု မှန်ကန်စွာနားလည် သိမြင်လက်ခံထားလျှင် ကောင်းမွန်မှန်ကန်သော အသိအမြင် အယူအဆဖြစ်၏။ လူငယ်အချို့သည် လူကြီးမိဘ ဆုံးမထားသည့်အတိုင်း မှန်ကန်စွာမခံယူတော့ဘဲ အပေါင်းအသင်းတို့၏ ဆွဲဆောင်စည်းရုံးခြင်းကို လက်ခံလိုက်ရာမှာ ဆေးလိပ်ရှူရှိုက်သောက်သုံးရသည်မှာ အရသာရှိသည်ဟု လည်းကောင်း၊ ခေတ်မှီသည်ဟုလည်းကောင်း ယူဆလက်ခံလိုက်မိပြီး တကယ်ပင် ဆေးလိပ် သောက်သုံးသဖြင့် ဆေးလိပ်စွဲသူဖြစ်ရလေတော့၏။ ထိုလွဲမှားသူအဖြစ်မှ ပြန်လည်တည့်မတ်ရန် ခဲယဉ်းတော့၏။ ဆေးလိပ်စွဲသဖြင့် ဆေးလိပ်ဖိုးကုန်ရ၏။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်နှင့်ဆိုင်သော ရောဂါလည်း ရနိုင်လေတော့၏။ ဆေးလိပ်နှင့်ပတ်သက်၍ လွဲမှားသော အယူထားရှိပြီး လွဲမှားစွာ အားထုတ်မိရာမှ လွဲမှားသော သူ အဖြစ်သို့ ရောက်လေသည်ဟု မှတ်ယူရပေမည်။ လူကြီးမိဘဆုံးမသည့်အတိုင်း ဆေးလိပ်သောက်ရန် မသင့်ဟူသော မှန်သောအယူ (သမ္မာဒိဋ္ဌိ) ပျက်ပြားသဖြင့် ဒိဋ္ဌိဗျသနပင် ဖြစ်လေ၏။

ဥပမာ (၂)
အိမ်ထောင်ရှင်အမျိုးသားတဦးသည် ဇနီးသားသမီးတို့နှင့်အတူ သာယာချမ်းမြေ့စွာနေ၏။ အိမ်ထောင်ရေး သာယာအောင် ထိန်းသိမ်းဦးစီးနိုင်၏။ မိသားစုစားဝတ်နေရေးပြေလည်ရေး၊ ဝင်ငွေစီးပွားကောင်းမွန်ရေး၊ အဆင်ပြေရေးအတွက် ဆောင်ရွက်နိုင်၏။ အသောက်အစား၊ လောင်းကစား၊ အပျောက်အပါးတို့နှင့် ကင်းရှင်း အောင် နေ၏။ ထိုအိမ်ထောင်ရှင်သည် မိမိ ကိုယ်ကျင့်တရား ကောင်းမွန်ရိုးသားစွာ ကြိုးစားအားထုတ်မှုဖြင့် အိမ်ထောင်ရေးသာယာသည်ကို နှစ်သက်ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်သည်ဟု နားလည်ခံယူထား၏။ ထိုသူသည် အိမ်ထောင်ရေးနှင့် ပတ်သက်၍ မှန်ကန်သောအယူ ရှိသူဖြစ်လေ၏။

ထိုအိမ်ထောင်ရှင်အမျိုးသားသည် သူငယ်ချင်းအပေါင်းအသင်းတို့၏ တိုက်တွန်းဆွဲဆောင် စည်းရုံးခြင်းကိုခံရပြီး အရက်သောက်မှလူရာဝင်သည် ဟုလည်းကောင်း၊ ပတ်ဝန်းကျင်းကို ဂရုစိုက်နေရန်မလိုဟုလည်းကောင်း၊ လွဲမှား သောအယူအဆများကို ခံယူကျင့်သုံးလိုက်သဖြင့် အရက်သမားဘဝသို့ ရောက်တော့၏၊ အိမ်ထောင်ရေး သာယာမှု ထိခိုက်ပြီး စီးပွားရေးကျလာ၏။ အရက်သောက်သုံးမှုမှ ရောဂါလည်းရနိုင်၏။ ထိုသူသည် မိမိနှင့် မိမိအိမ်ထောင်ရေးအတွက် မှန်ကန်သောအယူအဆမှ မှားယွင်းသောအယူကို လက်ခံကျင့်သုံးသူဖြစ်၏။ အိမ်ထောင်ရေး အတွက် ဒိဋ္ဌိဗျသန ဖြစ်လေ၏။

ဥပမာ (၃)
နိုင်ငံရေးသမားတဦးသည် နိုင်ငံနှင့်ပြည်သူတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံလျှက် ဖြူစင်ရိုးသားစွာ လှုပ်ရှား ဆောင်ရွက်ခြင်းသည် ကောင်းမြတ်သော အလုပ်ဖြစ်သည်ဟူသော အယူအဆဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး အတွက် ရိုးသားကောင်းမွန်စွာ သယ်ပိုးဆောင်ရွက်နေရာမှ နိုင်ငံရေးဘန်းပြပြီး ကိုယ်ကျိုးရှာသူများနှင့် ပေါင်းမိ ရာ ကိုယ်ကျိုးစီးပွားသာအဓိကဟူသော အယူအဆကိုလက်ခံကာ ကိုယ်ကျိုးရှာလာလျှင်သော်လည်းကောင်း၊ နိုင်ငံရေးဝါဒစွဲ အစွန်းရောက်သူများနှင့်ပေါင်းမိပြီး တယူသန်အစွန်းရောက်သော အယူအဆကိုလက်ခံကာ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များ လုပ်လာလျှင်သော်လည်းကောင်း ထိုသူသည် နိုင်ငံရေးနှင့်ပတ်သက်၍ မှန်သော အယူ (သမ္မာဒိဋ္ဌိ) ပျက်ပြားပြီး မှားသောအယူ (မိစ္ဆာဒိဋ္ဌိ) ဖြစ်လေ၏။ နိုင်ငံရေး ဒိဋ္ဌိဗျသန ဖြစ်လေ၏။

ဥပမာ (၄)
ပုဂ္ဂိုလ်တစ်ဦးသည်ကိုးကွယ်ရာ အစစ်အမှန်ဖြစ်သော ဘုရား တရား သံဃာ ရတနာ သုံးပါးကို ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ပြီး ထိုရတနာသုံးပါး၏ အဆုံးအမနှင့် လျှော်ညီစွာ ကျင့်ကြံနေထိုင်၏။ ထိုသူသည် ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွင် မှန်ကန်သောအယူ (သမ္မာဒိဋ္ဌိ) ဖြစ်၏။ သို့သော် ထိုပုဂ္ဂိုလ်သည် အိမ်ထောင်ဘက်မှဖြစ်စေ၊ အပေါင်းအသင်း မိတ်ဆွေတို့မှဖြစ်စေ၊ ဆွဲဆောင်စည်းရုံးမှုအရ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် မယုံကြည်တော့ဘဲ ထိုပုဂ္ဂိုလ်သတ္တဝါက အရာရာကို ကူညီစောင့်ရှောက်သည်ဟု ယုံကြည်ကာ ထိုပုဂ္ဂိုလ်သတ္တဝါကိုသာ ယုံကြည်အားကိုးလေတော့၏။ ထိုသူသည် ဗုဒ္ဓဘာသာအရ ယုံကြည် ကိုးကွယ်မှုတွင် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သော သမ္မာဒိဋ္ဌိပျက်သွားသဖြင့် ဒိဋ္ဌိဗျသန ဖြစ်လေ၏။

အထက်ဖေါ်ပြပါ ဥပမာများတွင် မှန်ကန်သောအယူပျက်ပြားပြီး မှားယွင်းသောအယူကို လက်ခံကျင့်သုံးခြင်း ဟူသော ဒိဋ္ဌိဗျသနကြောင့် လောကီ လောကုတ္တရာ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေကြောင်း ကောင်းစွာ သိရှိနိုင်ပေသည်။ အထူးသဖြင့် စစ်မှန်သောယုံကြည်ကိုးကွယ်မှုပျက်ပြားသော ဒိဋ္ဌိဗျသန ဖြစ်ပါမူ ယခုဘဝလည်း စစ်မှန်ကောင်းမွန်သော အဆုံးအမ တရားတို့နှင့် ဝေးကွာသွားယုံသာမက နောင်ဘဝ အတွက်ဖြစ်စေ လောကုတ္တရာ ကောင်းကျိုးချမ်းသာအတွက်ဖြစ်စေ မှန်သောအယူမပျက်စေရန် (ဒိဋ္ဌိဗျသန မဖြစ်စေရန်) အလေး ထားဂရုပြုသင့်ပေသည်။

ဗျသနတရား (၅) ပါးသည် ကြုံတွေ့ရသော ပုဂ္ဂိုလ်၊ သတ္တဝါတို့အတွက် ကောင်းကျိုးချမ်းသာဆုတ်ယုတ်ပျက်စီးပြီး ဆိုးကျိုးဒုက္ခနှင့် ကိုယ်စိတ်ဆင်းရဲခြင်းကိုသာရစေသဖြင့် မည်သည့်အခါ၌မဆို ကင်းလွတ်ငြိမ်းစေကြောင်း ကောင်းသော အသိတရားဖြင့် ဆုတောင်းအားထုတ် သင့်ပေသည်။

စာဖတ်သူပရိသတ်တို့သည် မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံတွင် သြကာသ ဘုရားရှိခိုးတွင်ပါရှိသည့် မကြုံဆုံ သင့်သော၊ ကောင်းကျိုးချမ်းသာ ဆိတ်သုဉ်းကင်းဝေးစေသော မကောင်းမှုနှင့် ဆိုးကျိုးသာ တိုးပွားစေသော ဆင်းရဲဒုက္ခဖြစ်စေသော အဆိုးတရားများ အဘယ်မျှ ဖြစ်ထွန်းစေသည်၊ ဖြစ်ထွန်းနေသည်ကို ဂရုပြုသုံးသပ် သင့်ပေသည်။

ထိုအဆိုးတရားတို့ကား အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးတရားငါးပါး၊ ဝိပ္ပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါး တို့ဖြစ်၏။ မိမိတို့ဘဝ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံတွင် ထိုအဆိုးတရားတို့ ဖြစ်ထွန်း စေလျှက်၊ ဖြစ်ထွန်းနေလျှက်ရှိပါလျှင် အဘယ်သို့ တားဆီး၊ အဘယ်သို့ လွတ်ကင်းအောင် နေထိုင်အားထုတ် သင့်သည်ကို နားလည်သိရှိရန် လိုအပ်ပေသည်။ (ဆက်လက် ထုတ်ဝေသွားမည့် စာစောင်များတွင် အဘယ်အကြောင်း အရာကိစ္စတို့သည် ဤသြကာသ ဘုရားရှိခိုးပါ အဆိုးတရားများဖြစ်ကြောင်းနှင့် မည်သို့ တားဆီး၊ မည်သို့လွတ်ကင်းအောင် အားထုတ်သင့်ကြောင်း အလျှဉ်းသင့်သလို ဖေါ်ပြသွားပါမည်။)

ရှေးအစဉ်အဆက်ဆက်မှ ယခုထိတိုင် မြန်မာပြည်သား ဗုဒ္ဒဘာသာဝင်တို့ သြကာသ ဘုရားရှိခိုးကို တဦးချင်း ရွတ်ဆို၍ဖြစ်စေ၊ လူအများစု သံပြိုင်ညီညာစွာ ရွတ်ဆို၍ဖြစ်စေ ဘုရား တရား သံဃာရတနာသုံးပါးကို ရှိခိုးပူဇော်ကန်တော့ကြသည်မှာ ချစ်ခင်လေးစားဖွယ် ကောင်းမြတ်သော အစဉ်အလာ ဖြစ်ပေသည်။ ရှေး သူတော်ကောင်း ပညာရှိရဟန်းတို့ စီမံပေးထားခဲ့သည့် ဤ သြကာသဘုရားရှိခိုးကို ကောင်းမြတ်သော အစဉ် အလာအဖြစ် ဆက်လက်ထိန်းသိမ်းသွားသင့်သည့်အပြင် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အဓိပ္ပာယ်ကိုပါ ကောင်းမွန် ရှင်းလင်းစွာ လေးလေးနက်နက်နားလည် သိရှိထားသင့်ပေသည်။ ထိုသို့ကောင်းစွာ သိရှိနားလည်ပြီး ရှိခိုးပူဇော်
ကန်တော့မှသာ ပိုမိုကုသိုလ်ရရှိမည်ဖြစ်သဖြင့် သြကာသ ဘုရားရှိခိုးအကြောင်း ရှင်းလင်းတင်ပြရေးသား လိုက်ရပေသည်။

သတ္တဝါမှန်သရွေ့ အလင်းတွေ့ချမ်းမြေ့ကြပါစေ။

သူရသေန


ကျမ်းကိုးကျမ်းကား
၁။ အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)၏ ရတနာ့ဂုဏ်ရည်ကျမ်း
၂။ အရှင်သြသဓ၏ ဓမ္မာရုံကျမ်းစာ

No comments: