" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Friday, July 16, 2010

နှလုံးသား သံစဉ်

သက်ဝေ

ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာနေရာတွင် ဖြစ်ပါသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ကျော်ပြီး ခရီးသည်များ နားနေ စောင့်ဆိုင်းရာနေရာကို တစ်လှမ်းချင်း လျှောက်လှမ်း ဝင်ရောက် ပျောက်ကွယ်သွားသော သားဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း မျက်ရည်ကြည်များ ရစ်ဝိုင်းနေသော ဖခင်တစ်ယောက်၏ သာမန်ထက်ပိုသောခံစားချက်တို့ကို နှစ်သိမ့်ရန် စကားလုံးများ စီစဉ်နေမိပါသည်။

တည်ကြည် ရိုးဖြောင့်သော၊ အနေအစား ဆင်းရဲခဲ့သော်လည်း မိမိ၏လိပ်ပြာကို မိမိကိုယ်တိုင် လုံလုံလဲလဲရှိခဲ့သော၊ နှစ်ပေါင်းသုံးဆယ်နီးပါး သာမန်အစိုးရ ဝန်ထမ်းဘဝကို ရောင့်ရဲတင်းတိမ်စွာဖြင့် ဖြတ်သန်းလာခဲ့ပြီး လက်ရှိ အငြိမ်းစားဘဝရောက် ဖခင်တစ်ဦး နှင့် ငယ်ရွယ်ပြီး နုနယ်ပျိုမြစ်သော သွက်လက်တက်ကြွသော၊ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုသော၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကာ စီးပွားရှာပြီး မိဘကို မတောင့်မတ မကြောင့်မကျ အခြေအနေမျိုးတွင် ထားသော်လည်း အရာရာကို အလေးအနက်မထားတတ်သော ပေါ့ပေါ့တန်တန် ခပ်မိုက်မိုက် ဂျစ်ကန်ကန် လူငယ်လေး တစ်ယောက်… ထိုသူနှစ်ယောက်၏ကြားတွင် အရာရာကို စိတ်အေးချမ်းသာစွာ အဆင်ပြေပြေဖြစ်အောင် ကြားဝင်ဆောင်ရွက်ပေးရမည့်သူမှာ ကျွန်မ ဖြစ်နေလေသည်။

ထိုညက ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည့်အတိုင်း စကားပြောရန် ကျွန်မ၏အားလပ်ချိန်ကို စောင့်နေသူ ကျွန်မ၏ ဦးလေးအတွက် ကျွန်မ အဆင်သင့်ဖြစ်နေခဲ့ပါသည်။ နှစ်သိမ့်စရာ ပြေလည်စရာ ပြောစရာစကားများ စီတန်းရှာဖွေထားခဲ့သော်လည်း တကယ်တမ်းမှာ ကျွန်မသည် နားထောင်သူ တစ်ယောက် သက်သက်သာ ဖြစ်နေခဲ့ပါသည်။

“ဦးဦး… သား ပြန်သွားလို့ ပျင်းနေပြီ ထင်တယ်…”

ရေနွေးကြမ်းအိုးထဲမှ ရေနွေးကြမ်း တစ်ခွက်ကို ငှဲ့ကာ ကမ်းပေးလိုက်ရင်း ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ထို စကားတစ်ခွန်းနှင့် ကျွန်မ အစပြုလိုက်ပါသည်။

“အင်း… တစ်ခေါက်တော့ ပြန်သွားလေပြီပေါ့ကွာ… မပြန်မချင်းလဲ သူ့အတွက် စိတ်က မဖြောင့်ဘူး… လူကြီးနဲ့ လူငယ်တွေကြား ဖြစ်တတ်တဲ့ မျိုးဆက် ကွာဟမှု တခုလို့ပဲ ပြောရမယ် ထင်ပါတယ်… အတတ်နိုင်ဆုံး နားလည်ပေးဖို့ ကြိုးစားပေမယ့် တော်တော်တော့ ခက်တယ်။ ကိုယ်က မွေးထားတဲ့သား ဆိုပေမယ့် တကယ်တမ်း ပြောကြဟေ့ ဆိုပြန်တော့လဲ ပြောမထွက်ဘူး…”

“သူ့ကို ပြောရမှာကလဲ… ကိုယ်က သူ့ရဲ့ သိတတ်မှုအပေါ် မှီခိုနေထိုင်နေရတာဆိုတော့ ဟိုးအရင်က ဆရာတစ်ယောက် သူ့တပည့်တွေကို ဆုံးမသြဝါဒစကား ပြောဖူးသလို ဟေ့ကောင်တွေ… အလုပ်လဲ ပြီးအောင်လုပ်ကြ… ကိုယ့်အတွက်လဲ ကျန်ပစေ… ဆရာ့လဲ မမေ့နဲ့… ဆိုသလြို ဖစ်နေမှာစိုးလို့ သိပ်လဲ ပြောမထွက်ပါဘူး…”

“တစ်ရက်ကတော့ သူ့ကို သူတော်ကောင်း လက္ခဏာအကြောင်း ပြောမိသေးတယ်… ကိုယ့်ကိုကိုယ် ပြုပြင်တတ်ဖို့၊ ကျေးဇူးရှိသူတွေရဲ့ ကျေးဇူးကိုသိတတ်ဖို့၊ ကျေးဇူးကို အစဉ်သဖြင့် သတိရနေစေဖို့၊ တတ်အားသ၍ ကြိုးစားပြီး ဆပ်ဖို့ အကြောင်းပါပဲ… မိဘတွေနဲ့ပတ်သက်လို့ သားတစ်ယောက်ရဲ့ ကျေးဇူးသိတတ်မှု ကျေးဇူးဆပ်မှုတွေအပေါ် ဘာမှပြောစရာ မရှိဘူး၊ ဒါပေမယ့် ကိုယ့်ကို ဒီလိုအခြေအနေလေး ရောက်လာအောင် စောင့်ရှောက်ပေးခဲ့တဲ့ သူတွေရဲ့ ကျေးဇူးတွေကို သိတတ်စေချင်တယ်၊ ငွေကြေးအနေနဲ့ ဘာမှပြန်ပြီး ကျေးဇူးဆပ်စရာ မလိုပေမယ့် သူတို့ရဲ့ စောင့်ရှောက်မှုဟာ ကိုယ့်အပေါ်မှာ အရာရောက်တယ်ဆိုရင် ကျေးဇူးဆပ်တာနဲ့ အတူတူပဲပေါ့လို့လဲ ပြောရပါသေးတယ်… ပြီးတော့ တချိန်ကျရင် ဆက်လျှောက်ရမယ့် ကိုယ့်ရဲ့ ဘဝရှေ့ရေးအတွက် ကြိုတင်စုဆောင်းဖို့ ပေါ့ပေါ့နေ ပေါ့ပေါ့စား မလုပ်ဖို့ ပြောမိတယ်… ”

ထိုအချိန်မှာ ကျွန်မ တခုခု ဝင်ပြောရန် စကားရှာနေစဉ်မှာပင် သူက ဆက်ပြောလေသည်။

“မိဝေးဖဝေးမှာ သွားနေ၊ အလုပ်လုပ်ခဲ့ရပြီး ဘာမှ မယ်မယ်ရရ ပြစရာမကျန်ရင် ကာယကံရှင်အတွက် ဘာမှ အကျိုးမရှိ၊ ဒီလိုဖြစ်အောင် စောင့်ရှောက်ပေးခဲ့ရတဲ့ သူတွေအတွက်လဲ အဖိုးမတန် ဖြစ်နေမှာပေါ့… ဒီတော့ ရတာနဲ့သုံးတာကိုလဲ အကြမ်းဖျဉ်း စာရင်းကလေး လုပ်ထားဖို့ရယ်… တို့ မိဘတွေအနေနဲ့ သားပို့တဲ့ငွေကို ဘယ်လို စစ်စစ်စီစီ သုံးစွဲခဲ့သလဲ ဆိုတာ ပြောပြမိတယ်… ထုံးစံအတိုင်း ပြောသမျှ တအင်း အင်း နဲ့ ခေါင်းညိတ်တာပါပဲ…”

“ငွေရေးကြေးရေး အသုံးလွယ်တာ၊ လက်ဖွာတာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပါးသုံးစွဲတာ၊ သူစိမ်းတွေနဲ့ ပတ်သက်ရင် စိတ်ပျော့တာ၊ မလိုအပ်ပဲ သဘောကောင်းတာတွေက မျက်စေ့ရှေ့မှာ မြင်နေရတော့ မပြောဘူးဆိုပေမယ့် ပြောဖြစ်သွားတယ်။ ပြောရင်တော့ သူက ဘာမှ နှုတ်လှန်ထိုးခြင်း၊ ပြန်လည်ပြောဆိုခြင်း မရှိ၊ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ပေမယ့် စိတ်ထဲတော့ တယ် အားမရလှပါဘူး… ရောက်တုန်းရောက်ခိုက်မို့ စိတ်အနှောက်အယှက် မဖြစ်စေချင်တာနဲ့ သိပ်လဲ မပြောဖြစ်ခဲ့ပါဘူး…”

စကားရှည်ကြီး အဆုံးတွင် ဝမ်းနည်းစွာ လေသံတိမ်ဝင်သွားသော ဖခင်တစ်ဦး၏ ရင်တွင်းမှခံစားမှုတို့ကို ကျွန်မ တနင့်တပိုး ခံစားလိုက်ရပါသည်။ သူ့ခံစားချက်ကို ဖြေသာရန် မည်သည့် စကားလုံးတို့ဖြင့် တုန့်ပြန်ပြောဆိုရမည်ကို စဉ်းစားနေစဉ်မှာပင် သူက စကားဆက်ပါသည်။

“သူ ပြန်လာတဲ့ တစ်လအတွင်းမှာ ည ညတွေ အပေါင်အသင်းတွေနဲ့ သွားလာ သုံးစွဲတာ… ညဖက်တွေ လည်ရင်း ပတ်ရင်း အိမ်ပြန်နောက်ကျတာ… သူ့အမေက သူ့သားအတွက် စားကောင်းသောက်ဖွယ်တွေ ချက်ပြီး စောင့်၊ ကိုယ်တော်က တော်တော်နဲ့ ရောက်မလာ… ရောက်လာပြန်တော့လဲ ညကြီး အချိန်မတော်မှ… တခါတခါမှာ မူးတောင်လာသေး… အိမ်ရောက်ပြီးပြန်တော့လဲ တစ်ညလုံး ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတာ…
ဟော… မိုးလင်းလို့ သူများတွေ အိပ်ရာကထမှ သူကအိပ်တာ… ကိုယ်တွေကတော့ တစ်ညလုံး သူ့ဆီက တချွတ်ချွတ်အသံတွေရယ်၊ မီးရောင်တလင်းလင်းရယ်နဲ့ အိပ်လို့မရခဲ့သမျှ သူကတော့ မနက်လင်းလင်းရှင်းရှင်းကြီးမှာ အိပ်မောကျလို့ဗျာ… သူ့အမေနဲ့တောင် ပြောရသေးတယ်… ငါတို့လဲ သူပြန်မှပဲ အိပ်ရေးဝဝ အိပ်ရတော့မှာပဲလို့… ဒါပေမယ့်လဲ နေ့လည်က လေယာဉ်ကွင်းမှာ သူ့နောက်ကျောလေး မြင်ရပြန်တော့လဲ စိတ်ထဲမကောင်းပြန်ဘူးပေါ့…”

ပြောနေရင်း နောက်တကြိမ် အသံတိုးတိမ်သွားပြန်ပါသည်။ နေ့လည်က လေယာဉ်ကွင်းမှ မြင်ကွင်းကို ပြန်လည်ပုံဖေါ် မြင်ယောင်ကြည့်နေဟန် တူပါသည်။ အေးစက်နေပြီဖြစ်သော ရေနွေးကြမ်းကို မော့သောက်ကာ စကားဆက်ရန်အတွက်လည်း အားယူနေရဟန်တူပါသည်။ ခဏကြာမှ…

“သမီးကတော့ နိုင်ငံရပ်ခြားမှာ နေကြသူချင်း အတူတူ ပြီးတော့လဲ အမ တစ်ယောက်အနေနဲ့ သူ့ကို လိုအပ်မယ်ထင်တာတွေ သွန်သင်ပေးစေချင်တယ်… သူ့မှာ လက်တွဲရမယ့် ရည်မှန်းထားသူ ရှိနေပြီပဲ… အိမ်ထောင်တစ်ခုကို တင့်တင့်တယ်တယ် ဖန်တီးနိုင်ဖို့ သူ့မှာ တာဝန်ရှိကြောင်း၊ တို့မိဘတွေအနေနဲ့က သူ့အတွက် ဒီလို ဆိုဆုံးမရုံသက်သက်ကလွဲလို့ ဘာမှများများစားစား မလုပ်ပေးနိုင်တော့ဘူးလေ… ဒီတော့ သူ့အနေနဲ့ အခုချိန်ကထဲက စုစုဆောင်းဆောင်း နေသင့်ကြောင်းလဲ ပြောပြပေးပါဦး…”

ပြောချင်နေသည်များကို ဆက်တိုက်ပြောလိုက်ပြီး မောသွားဟန်၊ ပြီးတော့ စိတ်လည်း အနည်းငယ် သက်သာရာရသွားဟန်ဖြင့် ရေနွေးကြမ်းတစ်ခွက်ကို ထပ်ငှဲ့ကာ ကုလားထိုင်နောက်ကျောကိုမှီ၍ သက်တောင့်သက်သာ အနေအထားကို ပြင်လိုက်ပါသည်။ သူက စိတ်သက်သာရာရသွားချိန်မှာ စိတ်အိုက်ပြီး တွေးငေးလေးလံသွားရသူက ကျွန်မသာ ဖြစ်နေလေတော့သည်။

မည်သည့်အချိန်မျိုးတွင်မဆို ကြီးကြီးငယ်ငယ် လူမျိုးမရွေးအရွယ်မရွေး လူတိုင်းကို စိတ်ရောကိုယ်ပါ အတတ်နိုင်ဆုံး နားလည်ပေးချင်တတ်သော ကျွန်မအတွက် မအိုမင်းသေးသော်လည်း မစွမ်းနိုင်တော့သော ဖခင်တစ်ဦး၏ သားတစ်ယောက်တွက် ပူပန်သောကနှင့် သူ၏ ရင်တွင်းမှ မေတ္တာစေတနာတို့ကို နားလည်ပေးနိုင်သလို မိဘကို ပြည့်စုံအောင် ဖြည့်ဆည်း စောင့်ရှောက်ပေးနေသော်လည်း အစစအရာရာမှာ ခေတ်နှင့်အညီ နေထိုင်ချင်သော လူငယ်လူရွယ်စရိုက်အပြည့်နှင့် ထိုမျိုးဆက်သစ်လူငယ်ကလေးကိုလည်း အပြစ်မယူလိုပဲ နားလည်ပေးချင်ပြန်ပါသည်။ သူတို့နှစ်ဦးသည် အသက်အရွယ်ချင်း ကွာဟချက်ကြောင့် သော်လည်းကောင်း၊ မတူညီတော့သော ခေတ်ရေစီးကြောင်းကြောင့် သော်လည်းကောင်း တန်ဖိုးထားကြသော အရာချင်း၊ နှလုံးသားသံစဉ်ချင်း အနည်းနှင့် အများ ကွဲလွဲနိုင်ပါသည်။

ထိုအခါ ကျွန်မအတွက် ပေတေမိုက်မဲ ဆိုးသွမ်းနေသည်မဟုတ်ဘဲ အသုံးအစွဲမဆင်ခြင်၊ အနေအထိုင် ဟော့ဟော့ရမ်းရမ်းကလေး ဖြစ်နေသော သားကို အားမလိုအားမရ ဖြစ်နေသော ဖခင်၏ ခံစားချက်ကို စာနာနားလည်ပေးနိုင်ရန် လူကြီးဆန်ဆန် နှလုံးသားတစ်ခြမ်း လိုအပ်နေပြီး တဖက်မှလဲ ကိုယ့်ထက် ဆယ်စုနှစ်တစ်ခုသာသာ ငယ်ရွယ်သော၊ သင့်တင့်သော အလုပ်အကိုင် ကိုယ်ပိုင်ဝင်ငွေလေးဖြင့် မိဘများကို ပြည့်စုံတင့်တယ်စေသူ လူရွယ်လေး တစ်ယောက်၏ လူငယ် ပီသချင်သောစရိုက်ကို စာနာနားလည်ပြီး သူ့ဖက်မှရပ်တည်ပေးနိုင်ရန် မျိုးဆက်သစ်နှလုံးသား တစ်ခြမ်းလဲ လိုအပ်နေပါသေးသည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးစလုံး တစ်ဦးကို တစ်ဦး နားလည်မှုရှိကာ အမြင်ကြည်လင်ပြီး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြစေရန်၊ ကွာဟနေသော မျိုးဆက်နှစ်ခု၏ ကွာဟချက်ကို သေးငယ်နိုင်သမျှ သေးငယ်သွားစေရန်၊ သံစဉ်မတူသော သူတို့နှစ်ဦး၏ နှလုံးသားကို အတတ်နိုင်ဆုံး သံစဉ်ညီစေရန်နှင့် သူတို့နှစ်ဦး၏ မတူညီသော အမြင်များ၊ ကွဲလွဲနေသော ဓလေ့စရိုက်များအပေါ်တွင် အတတ်နိုင်ဆုံး လက်ခံနားလည်ပေးနိုင်သော မျှတသော နှလုံးသား ပိုင်ရှင်တစ်ယောက်အဖြစ် ကျွန်မ ကြားဝင်ကြိုးစားသွားနိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်နေမိပါသည်။

သက်ဝေ
www.thanlwin.com

No comments: