" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Wednesday, October 6, 2010

ညီလေးရေ (နေဘုန်းလတ်)

http://www.thanlwin.com/new/index.php?option=com_content&task=view&id=1968&Itemid=274


ငါ အရင်စာမှာတုန်းက ထည့်ရေးလိုက်တဲ့ WIPAR ဆိုတဲ့ စကားလုံးလေးအကြောင်း နည်းနည်း ထပ်ပြောပြမယ်။

Wish, Idea, Plan, Action, Result နော်။ အရင်စာမှာတုန်းက ငါ ကြေးအိုး သွားစားတာကို ဥပမာပေးခဲ့တယ် မင်းနားလည်မယ်ထင်ပါတယ်။ နားမလည်သေးဘူး ဆိုရင်လဲ ငါ အခုထပ်ပြောတာတွေ ကို ဖတ်လိုက်ရင် နားလည်သွားမှာပါ။ အဲဒီ စကားလုံး အစဉ်လေးကို ကြည့်မယ်ဆိုရင်ကောင်းသော Result တွေရဖို့ ကောင်းသော Wish တွေကနေ အစပြုရမယ် ဆိုတာ မြင်သာပါတယ်။ အစကတည်းက ကောင်းသော စိတ်ဆန္ဒ (Wish) မဖြစ်ခဲ့ဘူးဆိုရင် ကောင်းသော ရလဒ် (Result) လည်း ထွက်လာတော့မှာ မဟုတ်ဘူး။ လူအချို့က စတောင်မစရသေးဘူး လွဲနေပြီဆိုသလိုပဲ အဲဒီ (Wish) မှာကတည်းကစလွဲကြတယ်။ အစက မကောင်းမှ တော့ အဆုံးက ဆိုးပြီပေါ့ကွာ။ မကောင်းတဲ့လူတွေတော်နေတဲ့အခါ ကမ္ဘာလောကကြီးတစ်ခုလုံးဟာ အဲဒီလူတွေရဲ့ ဒဏ်ကိုခါးစည်းခံရတယ်။ ဒီလိုပြောလို့လဲရတယ်။ မကောင်းတဲ့ လူတွေရဲ့ မကောင်းတဲ့ စိတ်ဆန္ဒတွေကို လူတော်တွေက ကိုယ်ကျိုးပဲကြည့်ပြီး နောက်ပိုင်း Idea တို့ ၊ Plan တို့ ၊ Action တို့ကို ၀ိုင်းပံ့ပိုးပေးကြတဲ့ အခါ ဖြစ်လာတဲ့ ရလဒ်ဆိုးတွေရဲ့ ဒဏ်ကို ကမ္ဘာလောကကြီးတစ်ခုလုံး ခံစားကြရတယ်။ အဲဒီတော့ ပထမဆုံးဖြစ်တဲ့ Wish ဟာအရေးအကြီးဆုံးလို့ပြောရမယ်။ ကောင်းသော စိတ်ဆန္ဒတွေတော့ ဖြစ်ပါရဲ့။ အဲဒီ စိတ်ဆန္ဒတွေ ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ စိတ်ကူးစိတ်သန်း (Idea) ကလည်း သိပ်ကို အရေးကြီးတယ်။ သိပ်ကောင်းတဲ့ စိတ်ဆန္ဒတွေဟာ ညံ့ဖျင်းတဲ့စိတ်ကူးစိတ်သန်းတွေကြောင့် ပြည့်စုံကောင်းမွန်တဲ့ ရလဒ်ကောင်းတစ်ခု ထွက်မလာတာမျိုးတွေ ငါတို့ ခဏခဏ တွေ့နိုင်တယ်။ ဒီနေရာမှာ စိတ်ကူးယဉ် နေရုံ သက်သက်မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ဆန္ဒကို အမှန် တကယ် အကောင်အထည်ဖော်ချင်တာဆိုရင်တော့ ကိုယ့်စဉ်းစားလိုက်တဲ့ စိတ်ကူးစိတ်သန်းဟာ လက်တွေ့ကျဖို့၊ တကယ့် အရှိတရားတွေနဲ့ ကင်းလွတ်မနေဖို့ လိုအပ်တယ်။

ငါတို့ငယ်ငယ်ကသင်္ချာတွက်သလိုပေါ့။ ပုစ္ဆာတစ်ပုဒ်မှာ ပေးထားချက်တွေ အမြဲပါတယ်။ အဲဒီပေးထားချက် အပြင်ဘက်က အရာတွေကို တကယ်လိုအပ်တယ် ဆိုရင်တောင် ငါတို့ ယူသုံးခွင့် မရှိဘူး။ ပြဿနာတစ်ခုကို သူကန့်သတ်ပေးထားတဲ့ဘောင်ထဲမှာရအောင် ဖြေရှင်းနိုင်တာဟာ အရည်အချင်းပဲ။ လက်တွေ့ဘ၀မှာလဲ အဲဒီလိုပဲ။ စိတ်ကူးစိတ်သန်းတွေဟာ ကိုယ်လုပ်နိုင်တဲ့ အကန့်အသတ်ထက်ကျော်သွားပြီဆိုရင် အဲဒီစိတ်ကူးတွေ အကောင်အထည် ပေါ်လာဖို့ဆိုတာ သိပ်ကို ခက်သွားပြီ။ ဒီနေရာမှာ လုံးဝ အကောင်အထည်ပေါ်မလာနိုင်ဘူးလို့ ငါမပြောဘူးနော်။ လောကမှာ အကန့်အသတ်တွေ limit တွေရှိတယ်။ ဒါပေမယ့် အဲဒါတွေ ကိုယ်တိုင်ကလည်း ပြောင်းလဲမှုတစ်ခု နဲ့ ရွေ့နေတယ်။

မင်းအကောင်အထည်ဖော်မယ့် ဆောင်ရွက်မယ့်ကိစ္စတစ်ခုမှာ အချိန် အကန့်အသတ် (Time Limit) မရှိဘူးဆိုရင်တော့ ဒီအချက်ကို မင်းထည့်သွင်းစဉ်းစား စရာမလိုဘူး။ မင်းခေတ်မှာ မအောင်မြင်ရင် မင်းရဲ့သားဆက်လုပ်လိမ့်မယ်။ မင်းရဲ့သားခေတ်မှာ မအောင်မြင်ရင် မင်းရဲ့ မြေးဆက်လုပ်လိမ့်မယ်။ ဒါက Time Limit အများကြီး လိုအပ်တဲ့ စိတ်ကူးစိတ်သန်း အကြီးကြီးတွေ အတွက်ပြောတာ။ ငါတို့ရဲ့ စိတ်ဆန္ဒတွေနဲ့ စိတ်ကူးစိတ်သန်းတွေက တကယ့်ကို ဧရာမကြီးတွေဖြစ်နေပြီဆိုရင်တော့ မျိုးဆက် အဆက်ဆက်ကို လက်ဆင့်ကမ်းသွားနိုင်ဖို့ အဓိက ကြိုးစားရမှာပဲ။ အဲဒီလိုမဟုတ်ပဲ Time Limit တစ်ခုအတွင်းမှာ ရလဒ်ကောင်းတခုထွက်ဖို့ ကြိုးစားရမယ် ဆိုရင်တော့ ခုနကငါပြောတဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်း အကန့်အသတ်ကို မှန်မှန်ကန်ကန် သုံးသပ်တတ်ဖို့ကို လိုအပ်တယ်။ အဲဒီ အကန့်အသတ်အတွင်းမှာ ဖြစ်နိုင်တဲ့ စိတ်ကူးစိတ်သန်းကိုပဲ ငါတို့ရွေးချယ်သင့်တယ်။ စိတ်ကူး အကြီးကြီးတွေကြားမှာ မနိုင်မနင်းဖြစ်ပြီး အဖျားရှူးသွားကြတာမျိုးတွေ မင်းသေသေချာချာ လေ့လာကြည့်ရင် တွေ့ရလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကူးက ကြီးရင်ကြီးသလောက် သူ့ကို အကောင်အထည်ပေါ်လာအောင်လုပ်ဖို့ သူ့နောက်ကလိုက်ရတဲ့ Plan (အစီအစဉ်) နဲ့ Action (အလုပ်) ကပါ လိုက်ကြီးလာတာလေ။

ဟုတ်ပြီ .. ငါတို့ဟာ စိတ်ဆန္ဒကောင်းတစ်ခုကို အချိန်အကန့်အသတ်တစ်ခု အတွင်း အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်ချေရှိတဲ့ စိတ်ကူးတစ်ခုကို ရပြီးပြီဆိုရင် အဲဒါကို စနစ်ကျကျ အကောင်အထည်ဖော်နိုင်ဖို့ အသင့်လျော်ဆုံး အစီအစဉ် (Plan) တစ်ခုကို ရေးဆွဲဖို့ လိုလာပြီ။ ဒါလဲ အရေးကြီးတာပဲ။ Idea နဲ့ Action ကို ဆက်စပ်ပေးတဲ့ နေရာမှာ Plan ဘယ်လောက်ကောင်းသလဲ၊ အကောင်းဘူးဆိုတာ ကို မူတည်ပြီး စိတ်ကူးတွေ (Ideas) တွေကို အကောင်အထည်ဖော်ရတဲ့ အလုပ် (Actions) တွေမှာ ဘယ်လောက်ချောမွေ့သလဲ ၊ မချောမွေ့ဘူးလဲဆိုတာ ကွာသွားတယ်။ ဘယ်လောက်ကောင်းတဲ့ စိတ်ကူးစိတ်သန်းဖြစ်ပါစေ အစီအစဉ်သာသေချာမဆွဲခဲ့ဘူးဆိုရင် တကယ် အကောင်အထည် ဖော်ဖို့လုပ်ကြတဲ့ နေရာမှာ အခက်အခဲတွေများစွာ လွဲချော်မှုတွေများစွာ ၊ လိုအပ်ချက်တွေ များစွာနဲ့ ကြုံရမှာ တော်တော်သေချာတယ်။ (Planning) အစီအစဉ်ဆွဲတဲ့ နေရာမှာ အသေအချာကို အားစိုက်ထုတ်ပြီး ဖြစ်လာနိုင်တဲ့ ဖြစ်နိုင်ချေများစွာ ၊ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲများစွာ ၊ လိုအပ်လာနိုင်တဲ့ လိုအပ်ချက်များစွာ အတွက် ဘာဖြစ်ရင် ဘာလုပ်မယ် ၊ ဘယ်လိုမျိုးကြုံလာရင် ဘယ်လို ဖြေရှင်းမယ် ၊ ဘာတွေလိုအပ်ရင် ဘယ်လိုရှာဖွေဖြည့်ဆည်းမယ် ဆိုတာတွေကိုပါ အဓိက အစီအစဉ် (Main Plan) ကြီးထဲမှာ ထည့်သွင်း ရေးဆွဲနိုင်ဖို့လိုတယ်။
အရာရာ တိုင်း အတွက် ပြီးပြည့်စုံတဲ့ အစီအစဉ် (Plan) တစ်ခုဖြစ်ဖို့ကတော့ သိပ်မလွယ်ဘူး။ ဒါပေမယ့် အတတ်နိုင်ဆုံး ဟာကွက်မရှိအောင်တော့ အချိန်ယူပြင်ဆင်ရမယ်။ ဒါဆို Plan လဲချပြီးပြီ။ တကယ် လုပ်ရတော့မယ်။ Action ယူရတော့မယ်။ ရုံးလုပ်ငန်းသဘောအရပြောရမယ်ဆိုရင်တော့ Paper Work တွေပြီးသွားပြီ။ တကယ် လက်တွေ့ကွင်းဆင်း ရမယ့် အပိုင်းရောက်လာပြီပေါ့။ တကယ်လုပ်ကြတဲ့ အခါမှာ အစီအစဉ် (Plan) အတိုင်း တသွေမတိမ်း လိုက်လုပ်နိုင်ဖို့ ဆိုတာမသေချာဘူး။ မျှော်လင့်မထားတာတွေ အများကြီးဖြစ်လာနိုင်သေးတယ်လေ။ အချို့ကိစ္စတွေမှာတော့ မျှော်လင့်မထားတာတွေ ဘာမှ မဖြစ်ဘဲ အစီအစဉ်အတိုင်း လျှောလျှောလျှူလျှူ ပြီးသွားတာမျိုးတွေရှိနိုင်တယ်။ ဒါကလဲ ရှေ့က Planning ရဲ့ အားကို အပြည့်အ၀ယူသုံးလိုက်တဲ့ သဘောပေါ့။ ဒါပေမယ့် ခုနကပြောသလို မမျှော်လင့်တာတွေ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ဒီနေရာမှာ ခေါင်းဆောင်လုပ်သူ ဦးစီးဦးရွက်ပြုသူနဲ့ Ad hoc လို့ခေါ်တဲ့ ကိစ္စရပ်တွေကို လတ်တလော ဆုံးဖြတ်နိုင်စွမ်းက အရေးပါလာပြီ။ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေကိုသာ အကောင်းဆုံး မကိုင်တွယ် မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် ဆင်ပြောင်ကြီး အမြီးကျမှ တစ်ဆိုသလို ရလာမယ့် ရလဒ် (Result) အတွက် အနှောင့်အယှက် တစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်တယ်လေ။
အဲဒီတော့ အရည်အချင်းကိုလဲရှိအောင် ငါတို့ မွေးမြူပျိုးထောင်ထားသင့်တယ်။ ကမ္ဘာလောကကြီးကို ကြီးမားတဲ့ အပြောင်းအလဲတွေ ယူဆောင်လာကြတာဟာ လူကောင်းတွေမဟုတ်ဘူး။ လူတော်လူကောင်းတွေ ၊ လူတော် လူမကောင်းတွေကွ။ ကမ္ဘာလောကကြီးထဲမှာ မကောင်းတဲ့ ရလဒ်တွေချည်း ထွက်မလာစေဖို့ မကောင်းတဲ့ လူတော်တွေ တော်တာထက် ၊ ကောင်းတဲ့ လူတွေက ပိုတော်အောင် ကြိုးစားကြဖို့လိုတယ်။ တော်တဲ့လူတွေကို လူဆိုးတွေ ဖြစ်မသွားအောင် လုပ်ဖို့လဲလိုတာပေါ့။

ငါအထက်မှာ ပြောခဲ့တဲ့ စကားလုံး အစဉ်လေးဟာ တစ်ခုပြီးတစ်ခု ဖြစ်တယ် ဆိုတာကိုလဲ သဘောပေါက်ရမယ်။ Wish ကနေတန်းပြီး Result ဖြစ်မသွားဘူး။ စိတ်ကူး အဆင့် ကို မရောက်တဲ့ စိတ်ဆန္ဒဟာ ဘာမှ အသုံးမ၀င်ဘူး။ အဲဒီလိုပဲ .. အကောင်အထည်ဖော်ဖို့ အစီအစဉ်သာ မဆွဲဘူးဆိုရင် စိတ်ကူးတွေကလဲ စိတ်ကူးအတိုင်းပဲ ရှိနေမှာပဲ။ ဘာလုပ်မှာလဲ။ ဘယ်သူပြောတာလဲတော့ မသိဘူး။ ငါကြေားဖူးတဲ့ စကားလေးတစ်ခွန်းကိုပြောပြမယ်။ "မင်းမရေးဖြစ်တဲ့ စာကြောင်းပေါင်းများစွာထက် မင်းချရေးလိုက်တဲ့ စာတစ်ကြောင်းက ပိုတန်ဖိုးရှိတယ်" တဲ့။ ငါကတော့ အဲဒီစကားလေး ကို သိပ်သဘောကျတာပဲ။

ကဲ .. ငါ့ညီရေ မင်းစိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အခုကတည်းက စပြီးကြိုးစားတော့လေကွာ။

မင်းရဲ့
ကိုလတ်

No comments: