" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Monday, May 23, 2011

"အိုသူကို မနာရလေအောင်"

ဗုဒ္ဓသြ၀ါဒတရား လိုက်နာသူဟာ ဒီဘ၀မှာလည်း လူကောင်းသူကောင်း
တစ်ယောက်ဖြစ်နိုင်ပြီး စိတ်ချမ်းသာမှုကိုလည်း ရနိုင်ပါတယ်။
အပြစ်တစ်စုံတစ်ရာ မကျူးလွန်တဲ့အတွက် သေရမှာကို မကြောက်ပဲ
ဒီဘ၀ကို ရဲရဲကြီး စွန့်လွှတ်နိုင်သူလည်း ဖြစ်နိုင်ပါတယ်။
ပါရမီဆုကို မကျင့်ပဲ တောင်းနေရုံနဲ့ မရဘူး။မတောင်းပဲ ကျင့်နေရင် ရပါတယ်။
(အမရပူရ မဟာဂန္ဓာရုံဆရာတော်)

"အိုသူကို မနာရလေအောင်"
နှေးရမည့်အရွယ် များမို့ နှေးတတ်တာ၊ လေးရမည့်အရွယ်ရောက်ကြလို့ လေး ကြတာကို နှေးရလေးရကောင်းလားလို့ အပြစ်မတင်မိဖို့ အရေးကြီးပါတယ်။ မေ့ချိန်ရောက်လို့ မေ့ကြတာကို မေ့ရကောင်း လားလို့လည်း အပြစ်တင်သင့်မယ် မဟုတ်ဘူးပေါ့။ ဖေးမရမည့် သူတွေကို ဖေးမခြင်း ဆိုတာ ကောင်းမြတ်လှတဲ့ မင်္ဂလာ တစ်ရပ်သာပါ။ ။
(အရှင်ဉာဏိက)

ကုသိုလ်တရားများသောသူ၏ စိတ်သည် ငြိမ်သက်အေးချမ်း၏။ ပူပန်သောကနည်း၏။

ထိုကဲ့သို့ ကြည်လင်သော စိတ်ရှိသူတို့သည် ကိုယ်၏ချမ်းသာမှုကိုလည်း ရကြ၏။

စိတ်၏ချမ်းသာမှုကိုလည်း ရကြ၏။ စိတ်ချမ်းသာမှုကို လူတိုင်းအလိုရှိကြပေသည်။

အကုသိုလ်ကို ရှောင်နိုင်မှ စိတ်ချမ်းသာမည်။

(ဦးဇယဒိသာဘိဝံသ မစိုးရိမ်)

မိတ်ဆွေအပေါင်းတို့တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုသည့်တရားရှာရာ၌
အထောက်အကူပြုသော မိတ်ဆွေသည် အမွန်မြတ်ဆုံး မိတ်ဆွေဖြစ်ပေသည်။
မိမိသည် လောက၌ မည်မျှအထွက်ထိပ်သို့ရောက်နေစေကာမူ ထိုမိတ်ဆွေမျိုးကို
မခွဲမခွာသင့်ပေ။ မိတ်ဆွေကြောင့် အဝီစီငရဲသို့ရောက်နိုင်သည်၊မိတ်ဆွေကြောင့်
နိဗ္ဗာန်တရားကို ရနိုင်သည့်လမ်းကြောင်းသို့ ရောက်နိုင်သည်။ မကောင်းမှုကို
ပြုရာ၌ မိတ်ဆွေပေါများနေတတ်သော်လည်း နိဗ္ဗာန်တရားကို ရှာရာ၌ မိတ်ဆွေ
နည်းပါးနေတတ်လေသည်။

ဘုရား တရား သံဃာနှင့်တန်းတူထား၍ နတ်ကိုလည်းကောင်း၊ အခြား ဘိုးဘိုးအောင်
အောင်မင်းခေါင် သူရဿတီ စသောဟိုပုဂ္ဂိုလ် ဒီပုဂ္ဂိုလ် ဟိုဂိုဏ်း ဒီဂိုဏ်းတို့ကို
လည်းကောင်း၊ ဗုဒ္ဓသာသနာကို ဗန်းပြ၍ အပူဇော်ခံနေကြသူတွေကိုလည်းကောင်း၊
ကိုးကွယ်ကြလျှင် သရဏဂုံပျက်တတ်သည်၊ သတိထားဖို့ကောင်းပါသည်။
(မဟာစည်ဆရာတော်)

သူ့ကိုချီးမြောက် ကိုယ့်ဂုဏ်မြောက်၏၊
ယွန်းဖေါက်အလို ဝန်မတိုနဲ့၊
သူ့ကိုဂုဏ်နှိမ့် ကိုယ့်ဂုဏ်နိမ့်၏၊
စည်းစိမ်အရာ သူ့ချမ်းသာ၌၊
ဣဿာမပြု ဝမ်းမြောက်ရှုလော့၊
သူ့ကိုစောင့်မှ သူကကိုယ်ကို၊
ကြည်ညိုမေတ္တာ စောင့်နိုင်ရာ၏။
(မဃဒေဝ)

သတ္တ၀ါတိုင်းဟာ ကိုယ်ရေးကိုယ်တာသာ အရေးအကြီုးဆုံးဖြစ်တယ်။
လောကမှာ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ ပုပ်ရင် ပေါ်စမြဲပါပဲ။
သူတစ်ပါးအကျိုး မသည်ပိုးက ကိုယ့်ကျိုးမရနိုင်။
ဟန်လောကကြီးထဲမှာ ပါးစပ်ချင်း ကြွားဝါနေကြတာပဲ ရှိတယ်။
ပါးစပ်ပြောဟာ အလုပ်သဘောစစ်စစ် မဖြစ်နိုင်ပါဘူး။
(အမရပူရ မဟာဂန္ဓာရုံဆရာတော်)

အရာရာမှာ ပထမ ဗဟုသုတရှိဖို့၊ ဒုတိယ သတိထားဖို့၊ တတိယ မှန် မမှန် စုံစမ်းဖို့နဲ့၊
စတုတ္ထ ၀ီရိယနဲ့ အလုပ်လုပ်ဖို့ပဲ၊။
သံသရာကြီးထဲမှာ ဆွေတွေ မျိုးတွေကတော့ မဆန်းပါဘူး၊ သူတော်ကောင်းအဖြစ်
တွေ့ရမှ တန်ဖိုးရှိပါတယ်။
(မဟာဂန္ဓာရုံဆရာတော်)

လောကကြီးမှာ ခက်တာက အထက်တန်းရောက်ပြန်တော့လည်း
အောက်တန်းကလူတွေကိုအဖက်မတန်သလို မထီမဲ့မြင်ဟန် ပြုထားကြတယ်။
အောက်တန်းကြပြန်တော့လည်း မနာလိုဝန်တိုမှုတွေ ရှိနေတတ်ကြပြန်တယ်။
(မဟာဂန္ဓာရုံဆရာတော်)

အစားကောင်း အနေကောင်း အ၀တ်ကောင်းတိုင်း ချမ်းသာတာမဟုတ်ဘူး၊ တဏှာ
လောဘ ဒေါသနည်းရင် ချမ်းသာတာပဲ။
(အမရပူရ မဟာဂန္ဓာရုံဆရာတော်)

လူတွေဟာ ဖြစ်လာတဲ့ အခြေအနေကို ရုန်းကန်မယ်တော့ မကြံဘဲ
ကုန်းခံမယ်သာ စိတ်ကူးနေကြတယ်။
လူတွေက ဒါနကိုသာ ရွှေအိုးလို့ ထင်နေကြတယ်။
သီလ သမာဓိ ပညာတို့လည်း ရွှေအိုးတွေပါပဲ။
ကံကောင်းအောင် စောင့်မနေနဲ့၊ ကံကောင်းအောင် လူက
ကုသိုလ်ကောင်းမှု များများ လုပ်ပေးပါ။
(မဟာဂန္ဓာရုံဆရာတော် )

No comments: