" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Friday, July 29, 2011

ကိုလက်စထရော များစေသော အကြောင်းများ

သွေးတွင်းမှာ စီးဆင်းနေတဲ့ ကိုလက်စထရောဆိုတဲ့ အဆီဓာတ်မှာ ကောင်းတဲ့ ကိုလက်စထရော (HDL) နဲ့ မကောင်းတဲ့ (ဆိုးကျိုး ပေးမယ့်) LDL နဲ့ Triglycerides ကိုလက်စထရော ဆိုပြီး ရှိပါတယ်။ ကိုလက်စထရောဟာ ခန္ဓာကိုယ် တည်ဆောက်မှုမှာ ပါဝင်ပါတယ်။ ပမာဏများရင် ခန္ဓာကိုယ် တည်ဆောက်ရာမှာ သာမက သွေးကြောတွေကိုပါ ကျဉ်းစေ ပိတ်စေပါတယ်။ နှလုံးကို ထောက်ပံ့ပေးတဲ့ သွေးလွှတ်ကြော တွေကို သွေးထောက်ပံ့မှု ပြတ်တောက်ပြီး နှလုံးရောဂါတွေ ဖြစ်စေပါတယ်။ သင်ရဲ့ ကိုလက်စထရော ပမာဏကို ထိန်းချုပ်နိုင်ဖို့ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ သင်ရဲ့ ကိုလက်စထရော (Cholesterol) ပမာဏကို များစေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ကောင်းသတင်း ကတော့ ဖြစ်စေတဲ့ အကြောင်းရင်း အများစုဟာ သင်ကိုယ်တိုင် ထိန်းချုပ်လို့ရတဲ့ အကြောင်းရင်းတွေ ဖြစ်နေတာပါပဲ။
၁။ လိင်အမျိုးအစားနှင့် အသက်အရွယ် (Gender and Age)
အမျိုးသားတွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ကိုလက်စထရောများဖို့ အလားအလာ ပိုများပါတယ်။ အမျိုးသမီး ဟော်မုန်းတစ်မျိုး ဖြစ်တဲ့ အီစထရိုဂျင် (Estrogen) ဟော်မုန်းဟာ ကိုလက်စထရော များတာကို ကာကွယ်ပါတယ်။ ဒါ့ကြောင့်မို့ အရွယ်ရောက်ချိန်မှာ သွေးဆုံးချိန်အထိ အမျိုးသမီးတွေမှာ ယေဘုယျအားဖြင့် ကောင်းတဲ့ ကိုလက်စထရော (HDL) ပမာဏကို မြင့်တက်စေပြီး မကောင်းတဲ့ (ဆိုးကျိုးပေးမယ့်) HDL ကိုလက်စထရော ပမာဏကို (အမျိုးသားတွေနဲ့ စာရင်) လျှော့ပေးနိုင်တာ တွေ့ရပါတယ်။ သို့ပေမယ့် သွေးဆုံးပြီးချိန်မှာတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် LDL ပမာဏ ပိုများတာ တွေ့ရပါတယ်။
၂။ မိသားစု ရာဇဝင်(Family History)
မိသားစုထဲမှာ ကိုလက်စထရောများတဲ့ ရာဇဝင်ရှိဖူးရင် သင့်မှာလည်း အလားတူ များနိုင်ပါတယ်။ ဒါ့အပြင် မိသားစု တစ်ခုတည်းမှာ အတူတူ မျှဝေ စားသုံးတာ (ဥပမာ - အဆီအအိမ့် များတဲ့ အစားအစာတွေ စားသုံးတာ) နှင့် ကိုယ်လက်လှုပ်ရှားမှု မလုပ်တာတို့ကြောင့် ကိုလက်စထရော များလာရတာပါ။ ကာကွယ်မှု အနေနဲ့ နှလုံးကျန်းမာရေး ကောင်းစေတဲ့ ဘဝနေထိုင်မှု ပုံစံမျိုး တည်ဆောက်ပါ။ ကိုလက်စထရောများတဲ့ အကြောင်းက မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် ဖြစ်ရင် မွေးကတည်းက LDL ကိုလက်စထရော များနိုင်ပါတယ်။ ဒါဆိုရင် ကိုလက်စထရော ကျစေတဲ့ ဆေးတွေ မှီဝဲနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အလုပ်လုပ်ရပါလိမ့်မယ်။
၃။ အစားအသောက် (Diet)
အစားအသောက်ထဲမှာ ကယ်လိုရီ များတာတွေ၊ ပြည့်ဝအဆီနဲ့ Trans-fat တွေ၊ သကြားဓာတ်များတာတွေ စားတာဟာ မကောင်းတဲ့ LDL နဲ့ Triglycerides ပမာဏတွေ မြင့်တက်ပြီး သင်ရဲ့ စုစုပေါင်း ကိုယ်လက်စထရောဓာတ်ကိုလည်း မြင့်တက် စေပါတယ်။
၎။ အဝလွန်ခြင်း (Obesity)
Body Mass index (BMI) ၃၀ နဲ့ အထက် ရှိသူတွေမှာ ကိုလက်စထရော ပမာဏကို လျှော့ချပေးပါတယ်။ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်ရင် တစ်ဖက်က ကိုလက်စထရော ပမာဏကို မြင့်တက်ဖို့ အလားအလာ ပိုများစေပါတယ်။
၅။ ဆေးလိပ်သောက်ခြင်း (Smoking)
စီးကရက် သောက်တာဟာ သွေးကြောနံရံတွေကို ထိခိုက် ပျက်စီးစေပါတယ်။ သွေးကြောတွင်း သွေးခဲမှုကိုလည်း ပိုများစေပါတယ်။ ဆီးချိုသွေးချို ရှိသူတွေမှာ ကောင်းတဲ့ ကိုလက်စထရော (HDL) ပမာဏ ကျပြီး၊ မကောင်းတဲ့ ကိုလက်စထရော (LDL) ပမာဏ တက်ပါတယ်။ ဆေးလိပ် သောက်တာလို သွေးတွင်း သကြားဓာတ် များတာဟာလည်း သွေးလွှတ်ကြောတွေရဲ့ နံရံတွေကို ထိခိုက် ပျက်စီးစေပါတယ်။
ချစ်ရဲဇော် (ဆေး-မကွေး)

No comments: