" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Wednesday, October 19, 2011

ဆီးချိုရောဂါနှင့် အစားအစာ

ဆီးချိုရောဂါနှင့် အစားအစာ လူတိုင်းအသက်ရှည်ရှည် ကျန်းကျန်းမာမာ နေနိုင်ရေးအတွက် အစားအစာများကို မှီဝဲနေရသည်။ အစာအာဟာရနှင့် ကင်းကွာ၍ မည်သူမျှ အသက်ရှင်နေနိုင်မည် မဟုတ်ပေ။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်ထုတ်စွမ်းအားတို့သည် အဓိကအားဖြင့် ထိုနိုင်ငံရှိ ပြည်သူလူထု၏ ကျန်းမာသန်စွမ်းမှုအပေါ်တွင် မူတည်နေပါသည်။ တစ်ဖန် ကျန်းမာသန်စွမ်းမှုသည်လည်း ထိုသူတို့၏ အာဟာရပြည့်ဝမှု ပေါ်တွင် အခြေခံလျက် ရှိပါသည်။ ထို့ကြောင့် မိမိမိသားစု ကျန်းမာဖွံ့ဖြိုးရေးအတွက် ၀င်ငွေနှင့်လည်း လိုက်လျောညီထွေဖြစ်ပြီး အာဟာရလည်း ပြည့်ဝသော အစားအစာများကို ကျွေးမွေးရမည်မှာ အိမ်ရှင်မများ၏ တာဝန်သာဖြစ်ပါသည်။ ယခုအခါ ဆီးချိုရောဂါခံစားရသူများ များပြားလာပါသည်။ ထိုဆီးချိုရောဂါမှာ သွေးထဲတွင် သကြားဓာတ် များခြင်းမှာ အဓိကအကြောင်းရင်းဖြစ်ရာ သကြားဓာတ်ကျစေသော စားဆေးများကျွေးခြင်း၊ အင်ဆူလင်ဆေးထိုးခြင်းနှင့် အစားအသောက်ကို ထိန်းသိမ်းချင့်ချိန်၍ စားခြင်းစသည်တို့ဖြင့် ကုသထိန်းသိမ်းနိုင်ပါသည်။ ဆီးချိုရောဂါရှင်တိုင်း အစားအသောက်ကို ဂရုစိုက်ရပါမည်။ လူအများယူဆကြသလို ဤရောဂါရှိသူတိုင်း အချိုဓာတ် (ထမင်း၊ ဂျုံစသည့် ကာဘိုဟိုက်ဒြိတ်ကစီစာများ)ကို လုံးဝရှောင်ရမည်မဟုတ်ပါ။ သို့သော် ဆီးချိုရောဂါရှင်တစ်ဦးအနေဖြင့် သကြား၊ ထန်းလျက်၊ ကြံသကာ၊ သကြားလုံးစသည်များကို အတတ်နိုင်ဆုံး လျှော့စားရပါမည်။ သကြားအစား ဆက်ခရငှ်းခေခ့မေငည ဆေးသကြားကို အသုံးပြုနိုင်ပါသည်။ ဆန်နှင့် ဂျုံမှ ပြုလုပ်သော အစားအစာများ (ထမင်း၊ မုန့်ဟင်းခါး၊ မုန့်တီ၊ ခေါက်ဆွဲ၊ ပေါင်မုန့်၊ ဘီစကွတ်၊ ပလာတာစသည်ဖြင့်) မှည့်၍ချိုသောအသီးများ (သကြားသီး၊ ရွှေဖရုံသီးစသည်ဖြင့်)တို့ကို ချင့်ချိန်ပြီး လျှော့စားရပါမည်။



ပဲအမျိုးမျိုး၊ ကုလားပဲ၊ ပဲနီလေး၊ ပဲစင်းငုံ၊ စားတော်ပဲ၊ ပဲပုပ်ပဲစသည်တို့ကို တော်သင့်ရုံ စားနိုင်ပါသည်။ ကော်ဖီ၊ လက်ဖက်ရည် (သကြားမပါ)၊ ဟင်းချိုရည်ကျဲ၊ ရှောက်သီး၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ သခွားသီး၊ မဆလာ၊ ကြက်သွန်နီ၊ မုန်ညင်းဖြူ၊ ကြက်သွန်မြိတ်၊ ဆလတ်ရွက်၊ နံနံပင်၊ မှို၊ အသားအမျိုးမျိုး (အဆီမစားရ)၊ ငါး၊ ပုစွန်၊ ကျောက်ဖရုံသီး၊ ဘူးသီး၊ ဒန့်သလွန်သီး၊ ဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်၊ ကြက်ဟင်းခါးသီးများကို စိတ်ကြိုက်စားသုံးနိုင်ပါသည်။ ထောပတ်၊ ၀က်ဆီ၊ ကြက်ဆီ၊ ပြောင်းဆီများ စားသုံးနိုင်ပါသည်။ ဆီးချိုရောဂါသည် လွန်စွာ ကြောက်စရာကောင်းပါသည်။ သို့သော် အစားအသောက် အနေအထိုင် ဂရုစိုက်နေလျှင် ရောဂါကိုကောင်းစွာ ထိန်းချုပ်နိုင်သည်။ အရေးကြီးဆုံးမှာ ရောဂါဖြစ်စဉ်နှင့် ရောဂါလက္ခဏာများကိုသိရှိ၍ မည်သို့နေထိုင်စားသောက်ရမည်ကို သေချာစွာ နားလည်သဘောပေါက်ရန်သာ ဖြစ်၏။ ဆီးချိုရောဂါရှင်များကို ရောဂါဖြစ်ရခြင်းအကြောင်းရင်း တိတိကျကျရှာမရသော မူလဆီးချိုရောဂါရှင်အုပ်စုနှင့် ရောဂါဖြစ်စေသော အကြောင်းတစ်ခုခုနှင့် ဆက်စပ်နေသော ရောဂါရှင်အုပ်စုဟူ၍ အကြမ်းအားဖြင့် ၂မျိုးခွဲခြားထားပါသည်။ ပထမအုပ်စု ရောဂါရှင်များတွင် မျိုးရိုးဗီဇ၊ အသက်အရွယ်၊ ခန္ဓာကိုယ်အလေးချိန်၊ ကူးစက်နာ၊ ခံစားမှုဒဏ်တို့မှ ရောဂါနှင့် ဆက်နွယ်နေကြပြီး ဒက်ဆာမီသာစဇုံးကဲ့သို့သော ဆေးဝါးများသုံးစွဲမှု၊ ခန္ဓာကိုယ်တွင်းမှ တချို့သော ဟိုမုန်းဓာတ် များ နှင့် ဆက်နွယ်လျက်ရှိကြောင်း သိရှိရပါသည်။



ဆီးချိုရောဂါ၏ ထင်ရှားသော ရောဂါလက္ခဏာများမှာ –

၁။ ရေငတ်ခြင်း၊ ၂။ ဆီးများခြင်း၊ ဆီးမကြာခဏသွားလိုခြင်း ၃။ ညအိပ်စဉ် မကြာခဏ ထ၍ဆီးသွားရခြင်း ၄။ မောပန်းလွယ်ခြင်း၊ ၅။ မကြာခဏဆာလောင်တတ်ခြင်း ၆။ မျက်စိမှုန်လာခြင်း ၇။ ကျား^မ အင်္ဂါတစ်ဝိုက် ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ၈။ အဖြူဆင်းခြင်း ၉။ ခြေလက်များ၊ ထုံကျဉ်ခြင်း ၁၀။ ပန်းသေ၊ ပန်းညှိုးခြင်း၊ ၁၁။ အနာကျက်ခဲခြင်းတို့ ဖြစ်ကြပါသည်။ အထက်ဖေါ်ပြပါ ရောဂါလက္ခဏာများကို သတိမမူဘဲ နေမိပါက အချိန်ကြာမြင့်လာသောအခါ အမြင်အာရုံထိ ခိုက်ခြင်း၊ သွေးကြောကျဉ်းရောဂါ၊ အာရုံကြောနှင့်ပတ်သက်သော ရောဂါများ ကူးစက်နာများနှင့် ကျောက်ကပ်ရောဂါပါ ဆက်တိုက်ကပ်ငြိလာကာ အသက်ကိုပါ အန္တရာယ်ပေးနိုင်ပေသည်။ အထူးသတိပြုရန်မှာ ဆီးချိုရောဂါသည် နေ့စဉ်အစားအစာများကို အချိန်မှန်မှန်စားသုံးသင့်ပေသည်။ သို့မှသာ သွေးထဲတွင် သကြားဓာတ်ပါဝင်နှုန်းသည် မတိုးလွန်း၊ မလျော့လွန်း ရှိချေမည်။ ထို့ပြင် ဆီးချိုရောဂါရှိသူများအတွက် အစာ ချက်ပြုတ်ပြင်ဆင်ပေးရာတွင် ပြုတ်ခြင်း၊ ပြုတ်ကြော်ခြင်း၊ ကင်ခြင်း၊ ဖုတ်ခြင်းများဖြင့် ချက်ပြုတ်ရပါမည်။ ဆီဖြင့်ကြော်ခြင်း၊ ချက်ခြင်းများကို တတ်နိုင်သမျှ ရှောင်သင့်ပေသည်။



ထို့ကြောင့် ဖေါ်ပြပါ အချက်အလက်များကို လေ့လာမှတ်သား၍ ရောဂါရှင်များအတွက် သင့်လျော်သော ထမင်းဝိုင်းလေးကို ပြင်ဆင်လိုက်ကြပါစို့။

Views: 145

Tags: ကျန်းမာရေး

October 18, 2011 ရက် ၊ 9:41am တွင် chit su ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

No comments: