" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, June 29, 2014

လူတော်ဖြစ်အောင်ကြိုးစားပါ

  တနေ့တုန်းက မိဘတယောက်ဟာ သူ့သမီးကို စာမေးပွဲမှာအမှတ်နည်းလို့ ဆိုပြီး ကြိမ်ဖြင့်ရိုက်ပြီး ဆုံးမနေသည်။ ကျောင်းသူလေးဟာ ရှက်လည်း ရှက်သည်။ ကြောက်လည်း ကြောက်သွားသည်။ အဲ့ဒီလို ဆူလိုက်၊ ရိုက်လိုက်လို့ ပိုပြီး ညံ့သွားတာတွေကို ကျွန်တော် ခဏ ခဏ တွေ့နေရသည်။
      အဲဒီကျောင်းသူလေးရဲ့ဖြစ်ရပ်ကို ကြည့်ပြီး " ညံ့ခြင်း "၊ " တော်ခြင်း " အကြောင်းကို စဉ်းစားနေမိသည်။
      တကယ်တော့ ဒီနေ့လူငယ်တွေ တော်ကြပါသည်။ ဗဟုသုတလည်း ကြွယ်ဝကြပါသည်။ ဒါပေမယ့် သူတို့တော်နေတာကို ကျွန်တော်တို့လူကြီးတွေ သတိမပြုမိကြ။ သူတို့တော်နေကြတာဟာ ကျွန်တော်တို့ တော်စေချင် သလိုတော်နေကြတာ မဟုတ်ကြ။ ဒါကြောင့်သူတို့နဲ့ ကျွန်တော်တို့ရဲ့ အကြားမှာ ပဋိပက္ခတွေ အမြဲဖြစ်နေကြရသည်။
     ချားလ်ဒါဝင်ရဲ့အကြောင်း ပြောပြချင်ပါသည်။
     ချားလ်ဒါဝင်ကို လူတိုင်းသိကြသည်။ လူကို မျောက်က ဆင်းသက်တယ်လို့ ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုသွားခဲ့တဲ့ ပညာ ရှင်တယောက်ဖြစ်သည်။ သူ့ရဲ့ ငယ်ဘ၀မှာ ထင်ရှားတဲ့ အဖြစ်အပျက်တခု ရှိခဲ့ဖူးသည်။ သူဟာ ငယ်စဉ်ကတည်းက ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းမှာ နေရသည်။ ကျောင်းနေပြီး (၂) နှစ်လောက်ကြာတဲ့အခါ ကျောင်းရုံးခန်းထဲမှာ သူ့ကိုကျောင်းအုပ်ကြီးနဲ့ သူ့ရဲ့ ဖခင်က ဆူသည်။ ရိုက်သည်။ သူ့ကိုရိုက်ပြီးတဲ့အခါ သူက ဆရာနဲ့အဖေ့ကို မေးတဲ့ ပြောစကားများသည် ကျွန်တော်တို့ အားလုံးအတွက် တွေးစရာလေးတွေ ရှိနေသည်။
                                သူက မေးသည်။
               " ဆရာကြီးနဲ့အဖေ ခင်ဗျား၊ ကျွန်တော့်ကို ဘာကြောင့်ရိုက်နေကြတာတုံး "
      သူ့အဖေက ပြန်ပြောသည်။
               " ဘာလို့ အရိုက်ခံရမှန်း မသိလောက်အောင်ကို ညံ့ဖျင်းလှချည်လား ငါ့သားရာ "
      ဆရာက၀င်ပြောသည်။
                " မင်း......  ဒီကျောင်းမှာနေတာ (၂)နှစ်ရှိပြီ။ ဒီစာမျက်နှာ (၂)မျက်နှာရအောင် မင်းမကျက်နိုင်ဖူး။ ဒါကြောင့် မင်းကို ငါတို့ ဆူနေရတာ။ ရိုက်နေတာ။ မင်းတော်တော်ညံ့တဲ့အကောင်ပဲ။ တုံးတဲ့အကောင်ပဲ "
                " ကျွန်တော်မသိလို့မေးပါရစေချင်ဗျ။ ညံ့တယ်၊ တုံးတယ် ဆိုတာ ဘာလဲဗျာ။ ကျွန်တော့်ကိုရှင်းပြပါ။ "
         အဲ့အချိန်မှာ သူ့အဖေဟာ အလွန်ကို ဒေါသထွက်သွားသည်။ သူ့သားကို ကြည့်ပြီးတော့လည်း တော်တော် စိတ်ဓါတ်ကျသွားသည်။ ဒေါနဲ့ မောနဲ့ ပြန်ဖြေလိုက်သည်။
                " မင်း ဒီစာ(၂)မျက်နှာကို ဒီလောက်အကြာကြီး သင်ပေးတာတောင် အလွတ် မရဖူး။ အဲ့ဒါညံ့တာ ပေါ့ကွ "
         ချားလ်းဒါဝင်ဟာ သူ့အဖေရဲ့မျက်နှာကို ပြန်ကြည့်လိုက်သည်။ ဆရာ့ကိုလည်း ရဲရဲကြီး ကြည့်လိုက်သည်။ ပြီးတော့ .............  သူ့ပါးစပ်ကနေပြီး စကားတစ်ခွန်း ဆိုလိုက်သည်။
               " လတ်စသတ်တော့ ......... ညံ့တယ်ဆိုတာ အဖေတို့၊ ဆရာတို့ ဖြစ်စေချင်တာ လုပ်မပေးနိုင်လို့ ပြောတာကိုး "
              သူ့အဖေဟာ ဒေါသတစ်ကြီးနဲ့ ပြန်အော်လိုက်သည်။
            " ဟုတ်တယ်ကွ၊ မင်း........... တော်တော်ညံ့တဲ့ တုံးတဲ့အကောင်ပဲ "        
          ချားလ်းဒါဝင်ဟာ ချက်ချင်းဆိုသလိုပဲ အဖေနဲ့ ဆရာ့ကို ပြန်ပြောလိုက်တော့သည်။
              " ဒါဆိုရင် အဖေနဲ့ ဆရာလည်း ညံ့တာပဲဗျာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဖြစ်ချင်တာကို လုပ်မပေးနိုင်ကြဘူး။ ကျွန်တော့်ကို နားလည်ဖို့လည်း မကြိုးစားဘူး။ ကျွန်တော့်ကို နားလည်း မလည်ကြဘူး။ ညံ့တယ်ဆိုတာ..... အဖေတို့ ဆရာတို့ အကြိုက်ကို မလိုက်လို့ ကျွန်တော့်ကို စွတ်စွဲတဲ့စကားပဲ။ ဒီလိုဆိုရင် အဖေတို့ ဆရာတို့က ကျွန်တော့်အကြိုက်ကို မလိုက်တဲ့အတွက် ကျွန်တော့်အတွက်တော့ ဆရာတို့ အဖေတို့ဟာ လူညံ့ပဲ "
       ဒီလိုနဲ့ ချားလ်ဒါဝင် တယောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထုတ်ခံရပါသည်။ ကျောင်းထွက်ခဲ့ရပါသည်။ ချားလ်ဒါဝင် တော်သလား၊ ညံ့သလား စဉ်းစားကြည့်ရအောင်။ ဒီကနေ့ လူတိုင်းနီးပါး ချားလ်းဒါဝင်ကိုသိကြသည်။ ချားလ်ဒါဝင်ကို ညံ့တယ်လို့ပြောတဲ့ သူ့ရဲ့ ဖခင်နဲ့ ဆရာကို ဒီကနေ့ဘယ်သူမှမသိကြ။
      တကယ်တော့ ....... လူတယောက်က အခြားလူတယောက်ကို ညံ့တယ်လို့ပြောတိုင်း အပြောခံ၇သူဟာ စိတ်ဓါတ်မကျသင့်ပါ။ ညံ့တယ်ဆိုတာ ......... သူ့အကြိုက်မလိုက်လို့ စွတ်စွဲပြောဆိုတဲ့စကားလုံးမျှသာဖြစ်သည်။
    မိဘတယောက်ဟာ ...... ကိုယ့်သားသမီးကို ညံ့တယ်လို့ ခဏခဏ မပြောသင့်ပါ။ ညံ့တယ်လို့အပြောခံရတဲ့ ကလေးတယောက်ဟာ သူ့ကိုယ်သူ တကယ် ညံ့တယ်ထင်သွားပြီး လူဆိုးတယောက်ဖြစ်သွားနိုင်သည်။ တကယ်တော့ ..... မိဘအကြိုက်ကို မလိုက်တဲ့အတွက် ညံ့တယ်လို့ပြောခံနေရတဲ့ သားသမီးတွေ လောကမှာ အများကြီးရှိပါသည်။
    ဒီလိုပါပဲ။ ဆရာတယောက်ဟာ ကိုယ့်တပည့်ကို ညံ့တယ်လို့မမြင်သင့်ပါ။ မပြောသင့်ပါ။ ကျွန်တော်တို့ ကိုယ်တိုင် လည်းသူတို့အရွယ်တုန်းက ဘယ်လောက်များ တော်ခဲ့ကြလို့လဲဗျာ။ ကျောင်းသားတယောက်ဟာ .... အမှတ်နည်းတိုင်း လူညံ့တယောက်မဟုတ်ပါ။ အမှတ်များတိုင်းလည်း တကယ်တော်တယ်လို့ တထစ်ချ သတ်မှတ်လို့မရပါ။
    ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့် အပေးအယူမတည့်ကြလို့ တယောက်ကို တယောက် အပြန်အလှန် ညံ့တယ်လို့ စွပ်စွဲနေတတ်ကြသည်။ အဲ့လိုစွပ်စွဲနေရုံနဲ့ နှစ်ဖက်စလုံး တော်မလာနိုင်ပါ။ တယောက်ကို တယောက်နားလည်အောင် ကြိုးစားဖို့က ပိုပြီးအဓိကကျပါသည်။ နားလည်မှု လွဲကြရင်းနဲ့ သူ့ကြောင့် ကိုယ့်ဘ၀ပျက်စီး၊ ကိုယ့်ကြောင့် သူ့ဘ၀နစ်မွန်း။ ကြည့်တတ်ရင် မြင်တွေ့နိုင်ပါသည်။
    တကယ့် လူညံ့ကို ကျွန်တော်ကတော့ ဒီလိုတွေးမိသည်။
   လောဘကြီးတဲ့သူဟာ လောဘကြီးလွန်းတဲ့ စိတ်ကြောင့် တဖြည်းဖြည်းနဲ့ လူညံ့ဖြစ်သွားတတ်သည်။ ဒီလိုပဲ ဒေါသကြီးတဲ့သူ၊ အတ္တကြီးတဲ့သူ၊ မာနကြီးတဲ့သူ၊ ဘ၀င်မြင့်တဲ့သူဟာ အဲဒီ ဒေါသ၊ အတ္တ၊ မာနဲ့ ဘ၀င်မြင့်တဲ့ စိတ်ကြောင့် သူ့ဘ၀ဟာ တဖြည်းဖြည်းချင်း လူညံ့ဖြစ်မှန်းမသိ ဖြစ်လာတတ်သည်။
    လူတယောက်ဟာ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန နည်းသလား၊ များသလား ဆိုတာကို ကြည့်ရုံနဲ့ သူဟာ လူတော်တယောက်လား၊ လူညံ့ တယောက်လား ဆိုတာ အလွယ်တကူ ခွဲခြားသိနိုင်ပါတယ်။
    ဘာပဲပြောပြော လူတယောက်ဟာ ငယ်ငယ်တုန်းက ညံ့တာ သိပ်ပြီးအရေးမကြီး။ သူ့ကိုတော်လာအောင် ပြုပြင် ပေးနိုင်တဲ့ မိဘရှိတယ်။ ဆရာရှိတယ်။ စာပေတွေရှိသည်။ သူကိုယ်တိုင်ကလည်း လူညံ့ တယောက်မဖြစ်ချင်တဲ့ မခံချင်စိတ်ရှိသည်။ ဒါကြောင့် တော်အောင်ကြိုးစားရင်းနဲ့ ဘ၀မှာ လူတော်တယောက် ဖြစ်လာနိုင်သည်။
 ငယ်ငယ်တုန်းက ညံ့တယ်ဆိုတာ ဖြူစင်တဲ့ ညံ့ဖျင်းခြင်းမျိုး ဖြစ်သည်။ ကြီးမှညံ့တယ်ဆိုတာတော့ ရှက်စရာကောင်းသည်။ လောကအတွက်လည်း အလွန်နစ်နာသည်။ 
  အခု ........ ကျွန်တော် အသက် (၅၀) ကျော်ပြီ။

No comments: