" သကြားသည် ချိုပါ၏။ သို့သော် "
=================
ဒီကနေ့ခေတ်မှာ ဝိပဿနာ တရားထွန်းကားပါတယ်။ ဘယ်အရာမဆို အကောင်းအဆိုး၊ အတုအစစ်
ဒွန်တွဲနေတတ်တဲ့ သဘာဝအတိုင်း ဝိပဿနာတရား အတုတွေလည်း ရှိပါတယ်။
တရားလိုက်စားစ ယောဂီတွေ အနေနဲ့ အတုနဲ့ အစစ်ကို
ခွဲခြားပြီးသိဖို့မလွယ်ပါဘူး။ ဆရာအတု ၊ ဝိပဿနာအတု နဲ့တွေ့ရင်တော့ တစ်သံသရာ
လုံး နစ်နာကြရပါလိမ့်မယ်။
ဝိပဿနာရဲ့အစဟာ နာမရူပရိစ္ဆေဒဉာဏ်ပါ။
ရုပ်နာမ် တို့ရဲ့သဘာဝကို ပိုင်းခြားသိရပါမယ်။ ကြားနာသိ၊ ကြံစည်သိ၊
ပွားများသိလို့ သုံးမျိုးရှိရာမှာ သုံးမျိုးလုံးနဲ့သိရပါမယ်။
အဲဒ်ီလိုသိလာမှ ပညတ်၊ ပရမတ်ကွဲလာမှာပါ။
သုတဉာဏ်အားကောင်းကောင်းနဲ့
ပညတ်၊ ပရမတ်ကို ခွဲခြားနားလည်ထားမယ်ဆိုရင် အာရုံပြုသမျှဟာ
ဉာဏ်ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် လက်ကိုလေတိုးနေတယ်ဆိုပါတော့။
လက်ဟာပညတ်ပါ။ တဖျပ်ဖျပ်နဲ့ ရိုက်ခတ်နေတဲ့ ဖောဋ္ဌဗ္ဗဓာတ်က ပရမတ်ပါ။
ဒီရိုက်ခတ်နေမှုကိုပဲ ဝါယောလို့ ခေါ်လိုက်တာဖြစ်တယ်။ သူ့ကိုအေး အေးဆေးဆေးနဲ့
စောင့်ကြည့်ရင် တရိပ်ရိပ်နဲ့ ပျောက်ပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ
ဉာဏ်ပါ။ မျက်စိနဲ့ အားရပါးရကြီးစိုက်ကြည့်လို့ သိတဲ့အသိ မဟုတ်ပါဘူး။
ယောဂီတွေက ဝိပဿနာရဲ့ အာရုံဟာ ပရမတ်ဆိုတာကို ကြားဖူးကြပါတယ်။ ဒါပေမဲ့ ပညတ်၊
ပရမတ် အကွဲပြားကြလေတော့ ပညတ်ကိုအတင်းပယ်ဖို့ ကြိုးစားနေကြတယ်။ ပညတ်ဆိုတာက
ပယ်လို့ရတဲ့တရားမျိုးမှ မဟုတ်တာ။ အဲဒီတော့
မျက်စိဖွင့်ရင်ပညတ်တွေတွေ့နေရတယ်။ ဝိပဿနာရှုရင် မျက်စိမှိတ်ပြီး
ရှုရမယ်ဆိုပြီး ဖြစ်ကုန်ကြရော။
ပညတ်ဟာ ကြောက်စရာမဟုတ်ပါဘူး။
ပညတ်ကိုခွာရှုတယ်ဆိုတာ ဂရုမစိုက်တာကို ပြောတာပါ။ ပယ် နေတာလည်း မဟုတ်ပါဘူး။
စိတ်ထဲမှာ၊ ဉာဏ်ထဲမှာ ဂရုမစိုက်တော့တာပါ။
မျက်နှာကိုမှန်ကြည့်ပြီး
အလှပြင်တဲ့အခါ ပထမဆုံး မှန်ထဲမှာ မိမိမျက်နှာတစ်ခုလုံးကို အာရုံပြုသတိ
ထားမိပါလိမ့်မယ်။ နောက်တော့ မိမိခြယ်သလိုတဲ့ အစိတ်အပိုင်းကိုသာ
ဂရုစိုက်ခြယ်သနေတဲ့အခါ မျက်နှာတစ် ခုလုံးကို ဂရုမပြုမိတော့ပါဘူး။
အဲဒ်ီလိုဂရုမပြုမိလို့ မျက်နှာကြီးကမှန်ထဲကနေပျောက်သွားတာမှမဟုတ်တာ။
စိတ်ထဲမှာသာပျောက်နေတာပါ။
ဒ်ီလိုပဲပေါ့။ လူ၊ခွေး၊ အိမ်၊ သစ်ပင်
ဆိုတာတွေဟာ ပရမတ်တွေနဲ့တည်ဆောက် ထားတဲ့ ပညတ်သဏ္ဌာာန်တွေပါ။ အဲဒ်ီပညတ်တွေကို
ပယ်လို့မရပါဘူး။ ပယ်လို့လည်းမရပါဘူး။ ပညတ်ဆိုတာ သိအပ်သသောတရား( ဉေယျဓမ္မ)
ပါ။ ယောဂီရဲ့ဉာဏ်က အဆင်းဆိုတဲ့ ပရမတ်ကိုသာ အာရုံပြုလိုက်ရင် စိတ် ထဲမှာ လူ၊
ခွေး၊ အိမ် ဆိုတဲ့ သဏ္ဌာန်ပညတ်တွေ ဘယ်ပေါ်လာတော့မလဲ။
ဒီနည်းနဲ့ပညတ်ကိုခွါတာပါ။
စစချင်းတော့
ချက်ချင်းကြီးခွာလို့ရချင်မှရပါလိမ့်မယ်။ တဖြည်းဖြည်းလေ့ကျင့်ယူလာရင်
နှလုံးသွင်း လိုက်တာနဲ့ ရပါတယ်။အချိန်အကြာကြီးခွာထားနိုင်ဖို့ကတော့
သမာဓိအထောက်အပံ့ကောင်းကောင်းလိုပါတယ်။
အာရုံဟာပညတ်ဖြစ်နေပါစေဦး၊
ဒီပညတ်ကိုသိနေတဲ့ စိတ်ဟာ ပရမတ်ပါလားလို့ နားလည်ထားရင်
ဘယ်အာရုံကိုမျှမကြောက်တော့ပါဘူး။ အာရုံနဲ့စိတ် ဒီနှစ်ခုပဲရှိတာပဲ၊
ပုဂ္ဂိုလ်၊ သတ္တဝါ၊ အတ္တ၊ ဇီဝမှ မရှိတာ။ ဒါကို နားလည်ထားတော့ စိတ်အေးတာပေါ့။
ဝိပဿနာ သမ္မာသနဉာဏ်ပိုင်းမှာ တလောကလုံးကိုသုံးသပ်ရပါတယ်။ မိမိခန္ဓာကိုယ်ကို
ကြည့်လိုက်တဲ့ အခါ တပျက်ထဲပျက်နေတာကိုမြင်လိုက်၊ ပြင်ပခန္ဓာတွေကို
ကြည့်လိုက်၊ သြော်….သူတို့လဲ ဒ်ီလိုပျက်နေမှာပါ လားလို့ သုံသပ်လိုက်နဲ့
ရှုမှတ်ရပါတယ်။ အဲဒီလို ရှုနိုင်မှလည်း ပြင်ပအာရုံတွေကို
မစွဲလမ်းတော့မှာပေါ့။
ရုပ်ဆိုတဲ့သဘဝ၊ ခန္ဓာဆိုတဲ့
သဘာဝကိုနားလည်ထားရင် တစ်လောကလုံးကို နားလည်ပါတယ်။ဒါဟာ ဉာဏ်ပါ။ ရုပ်ဆိုတာ
ခွေးရုပ်၊ နွားရုပ်၊ သစ်ပင်ရုပ်၊ အိမ်ရုပ် စတာတွေကို ပြောတာမဟုတ်ပါဘူး။
ခန္ဓာဆိုတာ လည်း၊ လူခန္ဓာ၊ ခွေးခန္ဓာ စသဖြင့် အဲဒါတွေကို ပြောတမဟုတ်ပါဘူး။
ရုပ်ဆိုတာ ဖောက်ပြန်မှုသဘောသက်သက်ကို ပြေတာပါ။ နေပူလို့ဖောက်ပြန်၊
လေတိုက်လို့ဖောက်ပြန်၊ ခြင်ကိုက်လို့ဖောက်ပြန်၊ ဗိုက်ဆာလို့ဖောက်ပြန်
အမျိုးမျိုးဖောက်ပြန်နေတာဟာ ရုပ်ပါ။ အဲဒီလို ဖောက်ပြန်မှုတွေ စုဝေးနေတာကို
ရုပ်လို့ခေါ်ပါတယ်။ အဲဒီလို ခြုံငုံနားလည်မှ ဝိပဿနာအရာမှာ ရုပ်ကို
နားလည်မှာဖြစ်ပါတယ်။
ပူတယ်၊ အေးတယ်၊ မာတယ်၊ ပျော့တယ်၊ တောင့်တယ်၊
တင်းတယ်၊ လှုပ်ရှားတယ် ဆိုတာတွေက ရုပ် ရဲ့သဘာဝလက္ခဏာတွေပါ။
အဲဒီသဘာဝလက္ခဏာတွေကိုလည်း ပထမသိဖို့လိုပါတယ်။ အရင်ဆုံးမိမိသူတပါး စတဲ့
ခန္ဓာတွေဟာ ဒါတွေနဲ့တည်ဆောက်ထားပါလား၊ ဒါတွေဟာတွေဟာလည်း
အရှိတရားတွေမဟုတ်ဘူး၊ အဖြစ်တရားတွေသာဖြစ်တယ်။
သူ့ဖြစ်စဉ်ကြီးနဲ့သူသွားနေတာပါလားလို့ သိထားရပါမယ်။ သတိလေးနဲ့စောင့်
ကြည့်နေလိုက်ရင် ထင်ရှားတဲ့အာရုံတွေက ဟိုတစ်မျိုး၊ ဒီတစ်မျိုး
အမျိုးမျိုးဖြစ်ပေါ်နေကြတော့ အားလုံးကိုခြုံငုံ ပြီး ရုပ်ဆိုတာ
ဖောက်ပြန်မှုဖြစ်စဉ်ကြီးပဲလို့ သဘောပေါက်လာပါတယ်။ မွေးကတည်းကနေ သေသည်အထိ ဒီ
လိုပဲဖြစ်နေမှာပဲ။ တစ်သံသရာလုံးလည်း ဒီလိုပဲဖြစ်ခဲ့ကြမှာပဲဆိုတဲ့
ဉာဏ်လည်းရလာပါတယ်။
ရုပ်ဟာလှုပ်ရှားနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲ။
လှုပ်ရှားတယ်ဆိုတာလည်း သဘာဝတရားတွေတစ်ခုပြီးတစ် ခု
ပြောင်းလဲနေလို့လှုပ်ရှားနေတာပဲ။ မလှုပ်ရှား၊ မပြောင်းလဲအောင်လို့
မိမိကဘာမှမတတ်နိုင်၊ မလုပ်နိုင်ပါလား။ အမျိုးမျိုးပြောင်းလဲနေပြီး
ဘာမျှအနှစ်သာရမရှိတဲ့ သဘာဝပါလား၊ တစ်သက်လုံးငြိမ်နေတဲ့ အတုံးခဲကြီးလို့ထင်
ထားတာ။ တကယ်တော့ မဟုတ်ပါလားလို့ ' အနတ္တ ' သဘာဝကို သိသွားပါတော့တယ်။
လူ၊ ခွေးစတဲ့သက်ရှိရုပ်တွေနဲ့ သစ်ပင်၊ အိမ် စတဲ့သက်မဲ့ရုပ်တွေဟာ
အခြေခံရုပ်သဘာဝချင်း တူပါ တယ်။ ရုပ်ကိုဖြစ်ပေါ်ပျက်စီးစေတဲ့
နိယာမချင်းသာမတူတာပါ။ သက်ရှိက ကံ၊ စိတ်၊ ဥတု၊ အာဟာရ ကြောင့် ဖြစ်လည်းဖြစ်
ပျက်လည်းပျက်တယ်။ သက်မဲ့ရုပ်တွေကတော့ ဥတုကြောင့်သာ ဖြစ်ကြတာပါ။
ဒီသဘောတရားကို နားလည်ထားရပါတယ်။ အောက်ခြေသေဘာတရားကို နားမလည်ဘဲ " ဖြစ်ပျက် "
ရှုချင်လို့ မရပါဘူး။ ဖြစ်ပျက် မြင်တယ်ဆိုတာ ' ဥဒယဗ္ဗယဉာဏ် ' ပါ။
အောက်ခြေဉာဏ်ပိုင်မှ အထက်ဉာဏ် တက်လို့ရမှာပါ။
အောကခြေဉာဏ်ကို
ကျွမ်ကျင်ကြဖို့အတွက် ကြားလည်းကြားနာ၊ ကြံလည်းကြံစည်၊ ပွားလည်းပွားများ
ရပါတယ်။ အာရုံကိုလည်း ဉာဏ်နဲ့သုံးသပ်ပေးနေရပါတယ်။ ဒါမှလည်း
အမြင်ရှင်းမှာပါ။ ဥဒယဗ္ဗယဉာဏ် က တော့ ပွားရုံသက်သက်ပါ။ အာရုံက ဖြစ်ပြပျက်ပြ
တဲ့အတွက် ဖြစ်ပျက် ကို အေးအေးလူလူ စောင့်ကြည့်တာဖြစ် ပါတယ်။ ဒီအဆင့်ကို
အမှန်တကယ်ရောက်ပြီဆိုရင် ရိပ်သာစွဲ၊ နည်းစွဲ၊ ဆရာစွဲတွေ လွတ်ပါပြီ။
ဘယ်နည်းနဲ့ပဲ အားထုတ်ပါစေ အရှုခံက ဒီရုပ် ဒီနာမ် လေးပဲရှိတာ။ ဒါတွေမှ မရှုရင်
ဘာရှုစရာရှိသေးလို့လဲလို့ ဆုံးဖြတ်ချက်ကျ သွားပါပြီ။ ဟိုဆရာကောင်းနိုး၊
ဒီဆရာမှန်နိုး စတဲ့ ' နာနာသတ္ထာရဥလ္လောကန ' ဘေးကလည်းလွတ်ပါပြီ။ '
မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ ' ဖြစ်နေပြီး ကိုယ့်ကိုယ်လည်း
ယုံကြည်မှုရှိသွားပါပြီ။
ဖြစ်ပျက် ရှုတယ်ပြောပြီး ဟိုဆရာကောင်းနိုး၊
ဒီဆရာကောင်းနိုးလိုက်နေသေးရင်တော့ ကိုယ့်ကိုယ်ကိုပဲ
ပြန်သုံးသပ်ကြည့်ရပါမယ်။ ဉာဏ်စဉ်တွေနဲ့ အသေးစိတ်တိုက်ကြည့်သင့်ပါတယ်။
ဒီခေတ်ကြီးမှာ ဝိပဿနာအ တုတွေကို ကြားရ၊ မြင်နေရလို့ ခုလိုသတိပေးရတာပါ။
ဝိပဿနာဆိုတာ ဉဏ်အလုပ်ပါ။ ကိုယ့်မှာဉာဏ်ဖြစ်မဖြစ်ဆိုတာကိုသာ သုံးသပ်ပါ။
ဉာဏ်အစစ်ဖြစ် တယ်ဆိုရင် ဝိပဿနာရှုရတာကိုက ပေါ့ပါးလွတ်လပ်ပါတယ်။
အဲဒီလိုပြောလို့ တချို့က " သမာဓိ " မလိုအပ်ဘူး ပြောတယ်လို့ စွပ်စွဲကြပါတယ်။
သူတို့က တရားဆိုတာထိုင်မှ၊ မျက်လုံးမှိတ် အာရုံကိုသမာဓိအားနဲ့ ဖောက်ကြည့်
မှ ပညာပေါ်လာလိမ့်မယ်လို့ အယူဆရှိသူတွေပါ။
အာရုံကို သမဓိ
နဲ့ဖောက်ကြည့်လို့ ပညာပေါ်မယ်ဆိုရင် ဘုရားတောင်ပွင့်စရာမလိုပါဘူး။
ဘုရားမပွင့်ခင် ကတည်းက အာရုံကို သမာဓိနဲ့ ဖောက်ကြည့်တဲ့ ပုဂ္ဂိုလ်တွေ
ရှိခဲ့ပါတယ်။ သူတို့ " ဈာန် " ပဲ ရကြတာပါ။ ဝိပဿနာဉာဏ် မဖြစ်ခဲ့ကြပါဘူး။
ဝိပဿနာဆိုတာ မဂ္ဂင်ငါးပါးစုံမှ ဖြစ်တာပါ။ တစ်ပါးပါးလိုအပ်နေရင် ဝိပဿနာဉာဏ်
မဖြစ်တော့ပါဘူး။ ဒီတော့ သမာဓိလဲ လိုတာပေါ့။
အာရုံကိုသုံးသပ်ဆုံးဖြတ်နေတဲ့ဉာဏ် ပြန်ပြုတ်မကျသွားစေဖို့ သမာဓိကထိန်း
ပေးထားရပါတယ်။ အာရုံကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့သုံးသပ်နေတာကဉာဏ်ရဲ့အလုပ်ပါ။
သမာဓိ ရဲ့အလုပ်မ ဟုတ်ပါဘူး။ ဒါကို ခွဲခြားသိစေချင်လို့ ပြောတာပါ။
ဝိပဿနာဆိုတာ ထင်ရှားရာအာရုံကို သိအောင်လုပ်နေတာဖြစ်ပါတယ်။ ထိတယ်၊ သိတယ်၊
ကြွတယ်၊ လှမ်းတယ်၊ ချတယ်၊ သိတယ် ဆိုတာတွေဟာ သတိပဋ္ဌာန်နည်းနဲ့
ဝိပဿနာအားထုတ်နေတာပါ။ စစချင်းတော့ ဉာဏ်အပြည့်ဝမပါနိုင်ပါဘူး။
ပညတ်တွေအပေါ်မှာသာ ကျက်စားရာများခဲ့တဲ့စိတ်ဟာ ပရမတ်အာရုံကို ကြာကြာ
မယူနိုင်သေးပါဘူး။ သတိ၊ သမာဓိ တွေအားကောင်းလာရင် ဉာဏ်လည်းအားရှိပြီး
ပြည့်ဝလာပါလိမ့်မယ်။ သမထ လိုတော့ အာရုံတစ်ခုတည်းမှာ စိတ်ကိုထားပြီး
စိတ်ငြိမ်အောင် အားထုတ်တဲ့နည်းတော့မဟုတ်ပါဘူး။
အဲဒီၤလို သတိ၊ သမာဓိ
တွေအားကောင်းလာရင် လှုပ်ရှားတော့မယ်ဆိုတဲ့အခါ လှုပ်ရှားချင်တဲ့စိတ်က
လေးကိုလည်း သိလာပါတယ်။ ကြွတော့မယ်ဆိုရင်လည်း ကြွချင်တဲ့စိတ်၊
စားတော့မယ်ဆိုရင်လည်း စားချင်တဲ့ စိတ်ကလေးကို
သူ့အလိုလိုသဘောမျိုးသိလာပါတယ်။ ဒါဟာသဘာဝပါ။ ရုပ်ပိုင်းမှာ ခြေကြွနေတုန်း
တဖျပ်ဖျပ် တထစ်ထစ် နဲ့ ရွေ့လျားမှု သဘောရုပ်ကလေးတွေကအစ သိလာပါတယ်။
ဒီအသိတွေဟာ အာရုံကိုရှာရှု၊ စိုက်ရှု လို့ သိတဲ့မသိ မဟုတ်ပါဘူး။ စိတ်ထဲမှာ
သတိ၊ သမာဓိ၊ ပညာတွေ အားကောင်းလာလို့ သိသွားတဲ့သဘောပါ။ ဒီ ပညာဟာ
လုပ်ယူလို့ရတဲ့ ပညာလည်း မဟုတ်ပါဘူး။ သုတဉာဏ်ကို အခြေခံထားတဲ့ သဘာဝတရားအရ
စိတ် အားရှိလာလို့ ဖြစ်လာတဲ့ ပညာသာဖြစ်ပါတယ်။
မျက်စိမှိတ်
ထိုင်ပြီးရှုမှတ်တာကလည်း ကောင်းပါတယ်။ ဉာဏ်တော့ ပါဖို့လိုတာပေါ့လေ။
ဉာဏ်မပါရင် တော့ အာရုံကိုအတင်းရှာနေရလိမ့်မယ်။
ဝိပဿနာဆိုတာစောင့်ကြည့်တာသာဖြစ်တယ်။ စိုက်ကြည့်တာမဟုတ် ဘူး။ စိုက်ကြည့်တာက
ပင်ပန်းတယ်။ စောင့်ကြည့်တာက သက်သာတယ်။ စိုက်ကြည့်တာကအာရုံကျဉ်းတယ်။
စောင့်ကြည့်တာ အာရုံကျယ်ပြန့်တယ်။ အာရုံအများနဲ့ဆက်ဆံရတော့ ဉာဏ်လည်းထက်တယ်။
အမြင်လည်းပို ရှင်းတယ်။ တစ်လောကလုံးအထိမြင်နိုင်ပါတယ်။ စိုက်ကြည့်တာကတော့
စိုက်ကြည့်တာမှတစ်ပါး တစ်ခြားနေ ရာတွေကို မမြင်နိုင်ပါဘူး။
ဝိပဿနာဆိုတာသက်သာတယ်။ အေးအေးလူလူစောင့်ကြည့်ရတယ်ဆိုပြီး ဝီရိယကို
လျော့မချပစ်ရပါ ဘူး။ အဲဒ်ီလိုလျော့ချလိုက်ရင် ထိန၊ မိဒ္ဓဖြစ်လာနိုင်ပါတယ်။
ဘယ်အရာမှ အစွန်းမရောက်ပါစေနဲ့။ မိမိစိတ်ကြည် လင်နေလား၊
မကြည်လင်ဘူးလားဆိုတာကို သတိထားပြီးချိန်ယူရပါတယ်။
အဲဒ်ီလိုချိန်ယူတတ်ဖို့ကတော့ များ များအားထုတ်ပြီး အတွေ့ကြုံများများရှိမှ
ဖြစ်နိုင်မှာပါ။
တစ်ခါတလေမှာ စိတ်ဟာအရမ်းကို ယောက်ယက်ခတ်နေတတ်ပါတယ်။
အဲဒီစိတ်ကို သမထနည်းနဲ့သိ ပြီး ထိန်းလို့ရသွားတာ ရှိသလို၊ သိလေ၊ ရုန်းလေ၊
ပိုကြွလေလည်းကြုံရတတ်ပါတယ်။ အလိုက်သင့် စိတ်လျော့ ပြီး စောင့်ကြည့်လို့
ငြိမ်သွားတာလည်း ရှိပါတယ်။ သင့်သလိုပဲ အသုံးပြုသွားရမှာပေါ့။
အမြဲတမ်းပုံသေသတ်မှတ် ထားလို့ ရချင်မှ ရမှာပါ။ မုဆိုးစိုင်သင်ဆိုသလို
အလုပ်ကသင်သွားပါလိမ့်မယ်။ ဉာဏ်ကသင်သွားပါလိမ့်မယ်။
သဘောပေါက်တဲ့
ဉာဏ်၊ ပွင့်လင်းတဲ့ ဉာဏ်ရနေပြီဆိုရင်တော့ တကယ်ပေါ့ပါးလွတ်လပ်ပါပြီ။ အရိယာ
ဖြစ်နေပြီ၊ ဖြစ်ရမယ့် အခြေနေလို့ ပြောတာမဟုတ်ပါဘူး။ သူ့အဆင့်နဲ့သူတော့
သဘာဝတရားကြီးကို နောကျေ အောင် နားလည်သွားလို့ပါ။
နောက်ဆုံးကိလေသာစိတ်ကိုတောင် မကြောက်တော့ပါဘူး။ လောကဓံဆိုတာကို လည်း
မကြောက်တော့ဘူး။ သေမှာကိုလည်း မကြောက်တော့ပါဘူး။
ဒါဟာဝိပဿနာဉာဏ်ကြောင့် ရရှိလာတဲ့ အကျိုးတရားတွေဖြစ်တယ်။ ဒီဉာဏ်ကိုတော့
စကားလုံးနဲ့ ပုံ ဖော်ပြလို့မရနိုင်ဘူး။ သကြားမစားဖူးတဲ့လူတစ်ယောက်ကို
သကြားချိုတယ်လို့ပြောရင် သူစကားလုံးကိုသာ ကြားမှာပါ။ စိတ်ထဲမှာတော့
သူစားဖူးတဲ့ ထန်းလျက်အချို၊ သစ်သီးအချိုမျိုးဖြစ်မှာပဲဆိုပြီး
တွေးထင်နေနိုင်ရုံပဲ တတ်နိုင်ပါတယ်။ သကြားကို စားကြည့်မှသာ '
သြော်…ဒ်ီလိုချိုတာပါလားလို့ ' သဘောပေါက်မှာပါ။
ဒီတော့
ဝိပဿနာရှုတဲ့ယောဂီတွေ မိမိတို့ အမှန်တကယ်အောက်ခြေဉာဏ်ပိုင်ပိုင်နဲ့ ဖြစ်ပျက်
ရှုနေပြီဆို ရင် လွတ်လပ်မှုအတန်သင့်ရနေရပါမယ်။ မရသေးဘူးဆိုရင်တော့
မိမိဉာဏ်ကို မိမိပြန်စစ်ပါလို့ပဲ ပြောပါရစေ တော့။
အရှင်ပညာသီရိ ( ရမ္မာကျွန်း )
{ ၂၀၁၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၊ အတွဲ ( ၁၂ ) ၊ အမှတ် ( ၂ ) ၊ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း }
No comments:
Post a Comment