" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, July 10, 2016

" ဝိပဿနာဆိုတာ ဘာလဲ?"

" ဝိပဿနာဆိုတာ ဘာလဲ?" စာရေးသူ=အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
************************
ဝိပဿနာဆိုတာဟာ အရှိကိုအရှိတိုင်းမြင်တဲ့ ဥာဏ်ပါပဲ။ စာစကားနှင့်ပြောရရင် ပရမတ္ထသဘာဝကို ပရမတ် သဘာဝအတိုင်း မြင်တဲ့ဥာဏ်ပါပဲ။ ယနေ့မြင်နေကြတာက ပရမတ်သဘာဝကို ပညတ်အပေါ်ကဖုံးပြီး မြင်နေကြ ပါတယ်။ အဲဒီပညတ်အဖုံးကိုခွာပြီး ပရမတ်အတိုင်း မြင်တဲ့ဥာဏ်ကို ဝိပဿနာဥာဏ်လို့ခေါ်ပါတယ်။ သတ္တဝါတွေမှာ အဖုံး(၄)မျိုး ဖုံးထားခြင်း ကွယ်ထားခြင်း ခံနေရပါတယ်။ အဲဒါတွေက ဘာတွေလဲလို့ဆိုတော့
(၁)။ နာမည်ပညတ်ခေါ်တဲ့ အမည်ဖုံးနေခြင်း။
(၂)။ သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေခြင်း။
(၃)။ သမူဟပညတ်ခေါ်တဲ့ အပေါင်းအစု ဖုံးနေခြင်း။
(၄)။ သဏ္ဌာနပညတ်ခေါ်တဲ့ အသွင်သဏ္ဌန်ဖုံးနေခြင်းတို့ဖြစ်ပါတယ်။ ဒီလေးမျိုးဖုံးထားခြင်း ခံနေရတဲ့အတွက် အမှန်တကယ်အရှိကို မမြင်နိုင်ဘဲ ဖြစ်နေကြတယ်။
၁။ လောကမှာ အရာဝတ္ထုမှန်သမျှတွေဟာ တကယ်ကတော့ ပရမတ်တွေချည်းဖြစ်ကြပါတယ်။ဒါကိုပင် နာမည် မတပ်ရင် ခေါ်လို့မဖြစ်တော့ ၊စကားပြောလို့မဖြစ်တော့၊ (ငါ၊ သူ၊တစ်ပါး၊ ယောင်္ကျား၊ မိန်းမ၊ မောင်ဖြူ၊ မောင်မဲ၊ မချော) စသည်ဖြင့် နာမည်အသီးသီးတပ်ကြပါတယ်။ ကြာတော့ သတ္တဝါတွေဟာ မူလပရမတ်အပေါ် စိတ်မရောက်ဘဲ နာမည်တင်ပဲ စိတ်စွဲသွားတော့တယ်။ နာမည်ကို ရိုးရိုးစွဲရုံတင်မကဘဲ တချို့ဆိုရင် နာမည်ကပဲ ခိုက်တယ်။ နာမည်ကပဲ အကျိုးပေးတယ်ဆိုပြီး နာမည်ပြောင်းရတာနဲ့ ရွေးရတာနဲ့ ရှုပ်ကုန်တော့တာပါ။ ဒါဟာ မူလ(ခန္ဓာငါးပါး- တနည်း- ရုပ်တရား၊ နာမ်တရား လို့ခေါ်တဲ့ ပရမတ်)ကို မမြင်အောင် (မောင်ဖြူ၊ မောင်မဲ) စတဲ့ နာမည်ပညတ်က ပရမတ်အမှန်ကို ဖုံးလိုက်တာပါ။
၂။ “သန္တတိပညတ်ခေါ်တဲ့ အစဉ်အတန်းဖုံးနေတယ်” ဆိုတာက ပရမတ္ထသဘာဝ အစစ်အမှန်ဟာ တစ်ခုနှင့် တစ်ခု တစ်စပ်တည်းမဟုတ်ဘူး။ (အပြတ်တွေ) ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်ဆက်တည်းလို့ထင်ရလောက် အောင် ဖြစ်ပျက်မှုက မြန်လေတော့ ဥာဏ်က ထိအောင်မစူးစိုက်နိုင်လို့ တဆက်တည်း ထင်မှတ်နေကြတယ်။ မီးစ တစ်ခုကို ညဥ့်အခါ လူတစ်ယောက်က အဝေးကနေပြီး စက်ဝိုင်းဖြစ်အောင် မြန်မြန်လှည့်ပြရင် မသိတဲ့သူက မီးစက်ဝိုင်းလို့ ထင်ရသလိုပါပဲ။ဒါဟာ ပရမတ်အမှန်ကို သန္တတိပညတ်က ဖုံးလိုက်တဲ့သဘောပါပဲ။
၃။”သမူဟပညတ်ခေါ်တဲ့ အပေါင်းအစုကနေဖုံးနေပုံ” ကိုတော့ ဒီလိုမှတ်သားရပါမယ်။ ပရမတ်သဘာဝမှာ ရုပ်တွေလဲ သူ့ဘာသူ၊ သူ့ကလာပ်စည်းနှင့်သူ တစ်ခုပြီးမှ တစ်ခုဖြစ်နေကြတယ်။ စိတ်တွေလဲ တစ်စိတ်ပြီးမှ တစ်စိတ်ဖြစ်နေကြတယ်။ အပေါင်းအစုရယ်လို့ မရှိပါဘူး။ ဒီလိုမရှိပါဘဲလျက် အပေါင်းအစုရယ်လို့ ထင်မှတ် နေကြတယ်။ အထူးသဖြင့် ရုပ်အပေါ်မှာ ရုပ်တုံးကြီးပဲ ရုပ်ခဲကြီးပဲလို့ ထင်မှတ်နေကြတာဟာ သမူဟပညတ် အဖုံးခံရတာပါပဲ။
၎။သဏ္ဌာနပညတ်ခေါ်တဲ့ သဏ္ဌာန်အသွင် ဖုံးပုံကတော့ ပရမတ္ထသဘာဝမှာ ယောက်ျားသဏ္ဌာန်၊ မိန်းမသဏ္ဌာန် ခွေးသဏ္ဌာန်၊ ငှက်သဏ္ဌာန်၊ လက်သဏ္ဌာန်ရယ်လို့ မရှိပါဘူး။ အဝိုင်း လေးထောင့် ဆိုတဲ့ သဏ္ဌာန်တွေလဲ မရှိပါဘူး။ ဒီသဏ္ဌာန်တွေဆိုတာက ပရမတ္ထသဘာဝရဲ့ တည်နေဟန်ကို လိုက်ပြီး ခေါ်နေကြတာ၊ တကယ်အရင်းခံ ပရမတ်ကတော့ သဏ္ဌာန်အနေဖြင့် မရှိပါဘူး။ ဒါကို ဥပမာဖြင့်ပြရရင် မြေမှုန့်တွေကိုစု၊ ရေနှင့်နယ်၊ ပြီးတော့ အမှုန့်တွေကို နွားရုပ်လုပ်ရင်နွားရုပ်လို့ ခေါ်နိုင်တယ်။ လူရုပ်လုပ်ရင် လူရုပ်လို့ခေါ်နိုင်တယ် လုပ်ချင်ရာအရုပ်တွေလုပ်ပြီး ခေါ်နိုင်ကြတယ်။ ဒါပေမယ့်တကယ်အရင်းခံကတော့ မြေမှုန့်အစစ်သာ ဖြစ်တယ်။ ဒါကိုပင် သူ့တည်နေဟန်ကိုလိုက်ပြီး အမျိုးမျိုးခေါ်နေကြတာဖြစ်ပါတယ်။ ဒီဥပမာနှင့်တထပ်တည်းပင် ပရမတ်တွေကိုလဲ သူတို့တည်နေဟန်ကိုလိုက်ပြီး လူလို့ခေါ်ချင်ခေါ်ကြတယ်။ နတ်လို့ခေါ်ချင်ခေါ်ကြတယ်။ အိမ် ကျောင်း၊ ဇရပ်အသီးသီးခေါ်ကြတယ်။ ဒါပေမယ့် မူလပရမတ်ကတော့ လူလည်းမဟုတ်၊ နတ်လည်းမဟုတ်၊ အိမ်၊ကျောင်း၊ ဇရပ်လည်းမဟုတ်ဘူး။ သတ္တဝါတွေဟာ ဒီသဏ္ဌာန်တွေကိုချည်း မျက်မှန်း တန်းမိနေတာက ကမ္ဘာအနမတဂ္ဂ ကြာလေတော့ အမှားကြာတော့ အမှန်ဖြစ်တာလို တကယ် ပရမတ်တွေကိုတော့ မမြင်လိုတော့ဘဲ သဏ္ဌာန်ပညတ်တွေ အပေါ်မှာ ထင်မြင်စွဲလမ်း နေကြတယ်။ ဒါဟာ ပရမတ်အမှန်ကို သဏ္ဌာန်ပညတ်ဖုံးတာပဲ။
“ဝိပဿနာဆိုတာဘာလဲ” ဆိုတဲ့ အမေးကို ပေါင်းပြီး ဖြေရရင် အမှား အဝိဇ္ဇာကြီးဖုံးထားတာကိုခွာပြီး အမှန် ပရမတ် အပေါ်မှာ(တစ်နည်း) ပင်ကိုယ်အရှိတရားအပေါ်မှာ အဲဒီအရှိတရားရဲ့ ပင်ကိုယ်သဘောကို မြင်ခြင်း၊ ကြည့်ခြင်းဖြစ်တယ်လို့ပြောရပါမယ်။ ပရမတ္ထသဘာဝတွေဟာ ပင်ကိုယ်သဘာဝအားဖြင့်ဖြစ်ပြီး ဖြစ်လိုက်၊ ပျက်လိုက်နေပါတယ်။ ဝိပဿနာဥာဏ်ဆိုတာက အဲဒီအမှန်သဘာဝကို အမှန်အတိုင်းရှုမြင်မှုသာဖြစ်ပါတယ်။ ကိုယ်လိုချင်သလိုဆွဲပြီး ကြည့်တဲ့ဥာဏ်မျိုးမဟုတ်ဘဲ အရှိကို အရှိတိုင်း ကြည့်တဲ့ဥာဏ်မျိုးဖြစ်ပါတယ်။ (တစ်နည်း) နိဗ္ဗာန်ရောက်ကြောင်းလက်တွေ့ကျင့်စဉ်သည် (ဝိပဿနာ)ပင်ဖြစ်သည်။ ဝိပဿနာဟူသည် ဝိ= အထူး၊ ပဿ= ရှုကြည့်ရခြင်း၊ (ဝိပဿနာ) ဟူသည် (ရုပ်-နာမ်) တို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုကြည့်ရခြင်းပင် ဖြစ်ပါသည်။
“ခန္ဓာဒိ သင်္ခတဓမ္မေ၊ အနိစ္စာဒိ ဝိဝိဓာကာရေန ပဿတီတိ ဝိပဿနာ”၊ “ ပညတ္တိံဌပေတွာ အနိစ္စာဒိကာရေန ဝိဝိဒံပဿတီတိ ဝိပဿနာ” (မဟာသတိပဋ္ဌာနသုတ်)
ဟူ၍ပြဆိုထားရာ၊ (ဝိပဿနာ)ဟူသည် (နိဗ္ဗာန်)ရောက်ကြောင်းအတွက် (ပညတ်) တို့ကို ပယ်ခွာပြီး (ရုပ်နာမ်)တို့၏ (အနိစ္စ) မမြဲခြင်း၊ (ဒုက္ခ) ဆင်းရဲခြင်း၊ (အနတ္တ) အစိုးမရခြင်း၊ ကိုယ့်အလို မဟုတ် ခြင်း စသည့် အထူးထူးအပြားပြားသော အခြင်းအရာတို့ကို (ဥာဏ်)ဖြင့်မြင်အောင် ရှု့ကြည့်ခြင်းသည် (ဝိပဿနာ) မည်ပါတယ်လို့ ဖြေကြားလိုက်ရပါမယ်။
ဒီဝိပဿနာဥာဏ်ဟာ ဆင်ခြင်ပုံ အဆင့်ဆင့်ကို လိုက်ပြီး အသီးသီးဥာဏ်စဉ် ၁၀-ပါး ရှိပါတယ်။ ပရမတ်တရား တွေကို မူလအခြေခံအားဖြင့် အာရုံဆီသို့ ညွတ်တတ်သော သဘောကတစ်မျိုး၊ မာသဘော၊ ပူသဘော၊ အေးသဘော၊စတဲ့ သဘောကတစ်မျိုးလို့ သိခြင်းကို နာမ်နှင့် ရုပ် ပိုင်းခြားသိတဲ့အတွက် (နာမရူပပဋိစ္ဆေဒဥာဏ်) လို့ခေါ်တယ်။ ပြီးတော့ နာမ် တရား၊ ရုပ်တရားဆိုတာ သူ့အလိုလို ဖြစ်တာမဟုတ်ဘဲ အကြောင်းကြောင့် ဖြစ်တယ်လို့ စသည်ဖြင့် အကြောင်းနှင့်တကွ ပိုင်းခြာသိတဲ့ဥာဏ်ကိုတော့ (ပစ္စယပရိဂ္ဂဟဥာဏ်) လို့ခေါ်တယ်။ ဒီဥာဏ်နှစ်ပါးကိုတော့ ဝိပဿနာရဲ့ အခြေခံဥာဏ်လို့မှတ်ရပါမယ်။ ဒီဥာဏ်နှစ်ပါးကိုရရင် စူဠသောတာပန်လို့ ခေါ်ပါတယ်။ ဒုတိယဘဝမှာ ဂတိမြဲပြီး အပါယ်မကျတဲ့ သောတာပန်အငယ်စားလို့ ခေါ်ပါတယ်။ ဒီအထက်က ဝိပဿနာဥာဏ်များကတော့
၁။ သမ္မသနဥာဏ်။ (၂)။ ဥဒယဗ္ဗယဥာဏ်။ (၃)။ဘင်္ဂဥာဏ်။ (၄)။ဘယဥာဏ်။ (၅)။ အာဒီနဝဥာဏ်။ (၆)။နိဗ္ဗိဒါဥာဏ်။ (၇)။ မုဉ္စိတုကမျတာဥာဏ်။ (၈)။ ပဋိသင်္ခါဥာဏ်။ (၉)။ သင်္ခါရုပေက္ခဥာစ်။ (၁၀)။ အနုလောမဥာဏ် ဆိုပြီး ဝိပဿနာဥာဏ် ဆယ်ပါးရှိပါတယ်။ ဒီလို တစ်ပါးတည်းသော ဝိပဿနာဥာဏ်က (၁၀) ဖြစ်ရတယ်ဆိုတာဟာ ဥာဏ်ရဲ့မြင်ပုံ အခြင်းအရာ အနုအရင့်ကိုလိုက်ပြီး ကွဲပြားရတယ်လို့ မှတ်ရပါမယ်။ နာမည်တပ်ထားခြင်းသာဖြစ်ပါတယ်။ ဒီဝိပဿနာဥာဏ်တွေဟာ လောကီဥာဏ်တွေသာ ဖြစ်ပါတယ်။ လောကုတ္တရာဥာဏ် မဟုတ်သေးပါဘူး။ မဂ်ဥာဏ် ဖိုလ်ဥာဏ်ကူးမှ လောကုတ္တရာဥာဏ်တွေ ဖြစ်ပါတယ်။
မဂ်ဥာဏ်သို့ကူးပုံ
အနုလောမဥာဏ်ကို ရောက်ရင် မဂ်သို့ကူးတော့မည်ဟု မှတ်ရပါမယ်။ အဲဒီအခါမှာ စိတ်ကလေးဖြစ်ပုံကို အဘိဓမ္မသင်္ဂဟကျမ်းမှာ ပြထားတာရှိပါတယ်။ ပါဠိတော်ကို မပြတော့ပါဘူး။ အနုလောမဥာဏ်ဖြစ်ပြီးရင် ပုထုဇဉ်အနွယ်ကို ဖြတ်လျက် အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့ ဂေါတြဘူစိတ်ဖြစ်ပါတယ်။ ဒီစိတ်ဟာ နိဗ္ဗာန်အာရုံပြုပါတယ်။ ဒါပေမယ့် အဲဒီ ဂေါတြဘူစိတ်ဟာ လောကီ မဟာကုသိုလ်စိတ်ပဲ ဖြစ်ပါသေးတယ်။ အဲဒီနောက်မှာ မဂ်စိတ်ဖြစ်လာပုံက ဒီလိုပါ။ အဲဒီ ဂေါတြဘူဥာဏ်ရဲ့အခြားမဲ့မှာ သိ၊ ပယ်၊ဆိုက်၊ ပွား (၄)ပါး ကိစ္စကို တစ်ချက်တည်း ပြီးစေတဲ့ မဂ်စိတ်ဖြစ်ပေါ်လာပါတယ်။ အဲဒီမဂ်စိတ် တစ်ကြိမ်ဖြစ်ပြီး ဖိုလ်စိတ် ၂-ကြိမ်၊ ၃-ကြိမ်ဖြစ်ပြီးနောက် ဘဝင်ကျပါတယ်။ အဲဒီ ဖိုလ်စိတ်လည်း နိဗ္ဗာန်ကိုပဲအာရုံပြုပါတယ်။ အဲဒီလို မဂ်စိတ် ဖိုလ်စိတ်တွေနဲ့ နိဗ္ဗာန်ကို အာရုံပြုတာကိုပင် နိဗ္ဗာန်သို့ ရောက်တယ်လို့ဆိုပါတယ်။ လူကနိဗ္ဗာန်ကိုရောက်သွား တာ မဟုတ်ပါဘူး။ သေပြီးမှ နိဗ္ဗာန်ကို ရောက်သွားတာမဟုတ်ဘူး။ ဒီလိုတစ်ကြိမ်မျှ နိဗ္ဗာန်ကိုမြင်လိုက်ရင် ဒိဋ္ဌိ၊ ဝိစိကိစ္ဆာပြတ်ပြီး သောတာပန်တည်တယ်။ အပါယ်တံခါးလည်းလုံးဝ ပိတ်တယ်။ (၇)ဘဝ အလွန်ဆုံး သံသရာမှာ လည်ပြီး အထက်တန်းကျကျ စံစားပြီးနောက် နိဗ္ဗာန်ဝင်မည့် သေချာသူဖြစ်ပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
Credit=အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: