" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, October 17, 2010

မိခင်လိုအမလို ချစ်တတ်တဲ့ ဇနီးမယားတစ်ယောက်ရဲ့အချစ်

by မြှားနတ်မောင် on Saturday, October 16, 2010 at 11:17am

ကျွန်မနဲ့သူ လက်ထပ်တုန်းက ကျွန်မ(၁၆)နှစ် သူ(၅)နှစ်.....

(၁)သူဟာ မွေးကတည်းက ကျန်းမာရေးချူချာလို့ ပိုးမွေးသလို မွေးထားရတဲ့ တစ်ဦးတည်းသော သားပါ။ အဖေ့မှာ ကိုယ်ပိုင်စီးပွါးရေးနဲ့ အထက်တန်းကျကျ နေနိုင်ကြတဲ့ သူတွေပါ။ အမေက ရိုးအပြီး ဘာသာတရား ကိုင်းရှိုင်းလွန်းတယ်။ တစ်ခါက ဗေဒင်သွားမေးတော့ ဗေဒင်ဆရာက သားကို မိန်းမပေးစားလိုက်ရင် ကျန်းမာလာမယ်လို့ ပြောတာကို ယုံပြီး ရွာထဲမှာ ချွေးမလောင်း လိုက်ရှာတော့တယ်။ ခမ်းခမ်းနားနား လက်ထပ်ပွဲ လုပ်ပေးမယ်လို့လည်း ကြေညာလိုက်တယ်။

ကျွန်မအိမ်မှာ မိသားစု ၅ယောက်ရှိတယ်။ လယ်ဧက အနည်းငယ်နဲ့ မိသားစု စားဝတ်နေရေးကို ရုန်းကန်ရတယ်။ အဖေက စားဝတ်နေရေး ပြေလည်စေချင်လို့ အဖော်တွေနဲ့ ကျောက်သွားတူးတာ ငွေရှာလို့ မရတဲ့အပြင် ကျောက်ပိလို့ ခါးရိုးကျိုးသွားတယ်။ အိမ်က ရှိမဲ့စုမဲ့လေး အဖေ့ဆေးဖိုးအတွက် ကုန်သွားခဲ့ပေမဲ့ အဖေ့ဒဏ်ရာက မပျောက်ခဲ့ဘူး။ နေ့တိုင်း အိပ်ရာပေါ်လဲလို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ မောင်လေးနှစ်ယောက်ကလည်း လူလားမမြောက်သေးဘူး။ အိမ်ရဲ့ စားဝတ်နေရေးတွေက အမေ့အတွက် ၀န်ထုတ်ဝန်ပိုး တစ်ခုဖြစ်ခဲ့တယ်။

“အစ်မသမီးနဲ့ ပေးစားလိုက်ပါလား.. သူ့အဖေကုဖို့ ပိုက်ဆံလည်းရမယ်။ စားဝတ်နေရေးအတွက်လည်း မပူရတော့ဘူး” လို့ ရွာကလူတွေ လာစေ့စပ်ကြတော့ အမေခေါင်းခါတယ်။ ဘယ်မိဘမှ ကိုယ့်သားသမီးကို ဒုက္ခတွင်းထဲ တွန်းမပို့ချင်ကြဘူးဆိုတာ ကျွန်မ သဘောပေါက်တယ်။

“ဒါပေမဲ့ ကျွန်မသွားပါရစေ.. ဒီပိုက်ဆံတွေနဲ့ အဖေ့ဒဏ်ရာကို ကုလို့ရတယ်” လို့ ကျွန်မဆိုခဲ့တယ်။

မင်္ဂလာပွဲက ထွက်လာတဲ့ သီချင်းသံက တစ်ရွာလုံးကို လွှမ်းမိုးထားတယ်။ အိပ်ရာပေါ်လဲနေတဲ့ အဖေက သူ့ရင်ဘတ်ကို ထုရင်း သမီးရဲ့ အနာဂတ်၊ သမီးရဲ့ နုနုယ်တဲ့အရွက်အတွက် ယူကြုံးမရဖြစ်နေတယ်။ အမေက မျက်ရည်ဝဲရင်း ကျွန်မရဲ့ ဆံပင်တွေကို ဖြီးသင်ပေးနေတယ်။ အနီရောင် မင်္ဂလာဝတ်စုံကို ၀တ်ပြီး ကျွန်မ မိဘနှစ်ပါးကို ကန်တော့ခဲ့တယ်။ ခေါင်းပေါ်က ဇာပုဝါကို ကိုယ်တိုင် လွှမ်းခြုံရင်း ကျွန်မ မျက်ရည်တွေ စီးကျခဲ့တယ်။ ဒီလိုနဲ့ပဲ ကျွန်မရဲ့ ဘ၀တစ်သက်စာကို ဘာမှ မသိတတ်သေးတဲ့ ကလေးငယ် တစ်ယောက်ရဲ့ လက်ထဲ ထိုးအပ်ခဲ့တယ်။

(၂)အရွယ်တင်သေးတဲ့ ယောက္ခမတွေက သဘောကောင်းကြတယ်။ သူ့အမေရဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်မကို သူက “မမ”လို့ခေါ်တယ်။ သူ့အမေနဲ့အတူ အိမ်ဝတ်ကိစ္စအားလုံး ကူလုပ်ရင်း၊ ပိုနေတဲ့ ကျွန်မရဲ့ အချိန်တွေက သူ့အတွက် ဆေးကျို၊ ဆေးတိုက်နဲ့ သူ့အတွက်ချက်ပြုတ်၊ သူ့အတွက် ကစားဖော်၊ သူ့ကိုချော့သိပ်တာက ကျွန်မအတွက် တစ်နေ့တာ အလုပ်ဖြစ်ခဲ့တယ်။ တစ်ခါတလေ ညနက်သန်းခေါင် သူ့ရောဂါဖောက်လို့ ကိုယ်အပူချိန်တွေ တက်ခဲ့ရင် သူ့ကိုချီပိုးပြီး ဆေးတိုက်၊ ရေတိုက်နဲ့ ကျွန်မ မိုးလင်းပေါက်ခဲ့တယ်။ ကျွန်မရဲ့ စိတ်ထဲမှာ သူဟာ ကျွန်မရဲ့ တစ်ကယ့်မောင်လေးအရင်း တစ်ယောက်လို သတ်မှတ်ခဲ့တယ်။ ရွာကလူတွေရဲ့ ပြောစကားတွေ ကြားမှာ ကျွန်မ ခေါင်းငုံ့နှုတ်ဆိတ်ပြီး ရှောင်နေခဲ့တယ်။

ဗေဒင်ဆရာရဲ့ စကားကပဲ မှန်ခဲ့လို့လား... သူ့ရဲ့ ကုသိုလ်ကံကြောင့်ပဲလား... ကျွန်မရဲ့ ဂရုစိုက် ပြုစုမှုကြောင့်ပဲလား.. သူ့ရောဂါက တဖြေးဖြေး သက်သာလာခဲ့တယ်။ ကျွန်မအပေါ်ထားတဲ့ သူ့ရဲ့ သံယောဇဉ်က သူ့အမေထက် ပိုခဲ့တယ်။ “ဒါလာ... ကျွန်မရဲ့ အိမ်ထောင်ရေး.. ဒီကလေးလား ကျွန်မရဲ့ခင်ပွန်း...” အိပ်မောကျနေတဲ့ သူ့ကိုငေးရင်း ကျွန်မကိုယ်ကျွန်မ မေးမိတယ်။

ကျောင်းအပ်တဲ့ အရွယ်ရောက်တော့ သူ့အတွက် လွယ်အိတ်ကို ကျွန်မကိုယ်တိုင် ချုပ်ပေးခဲ့တယ်။ သူ့လက်ကို ဆွဲလို့ ကျောင်းသွားအပ်တော့ ရွာထဲက ကလေးတွေက ကျွန်မကို “မယားအကြီး.. မယားအကြီး” ဆိုပြီး လှောင်ကြတယ်။ ရင်ထဲက နာကျင်မှု၊ ခံစားမှုတွေကို ကျွန်မ နှိုင်းမပြတတ်ခဲ့ဘူး။ မျက်ရည်ဆိုတာ ကျွန်မအတွက် အဖော်ဖြစ်ခဲ့တယ်။

တစ်ည စောင်ထဲကွေးရင်း “မမကို ချစ်တယ်” လို့ သူပြောတယ်။ သူစိတ်ထဲမှာ မမဆိုတာ မိခင်၊ မမဆိုတာ မယားလို့ အပြစ်မဲ့စွာ ထင်နေခဲ့တယ်။ ကျွန်မ ဘာမှ ပြန်မပြောမိပါဘူး။ ပထမဆုံး မချိပြုံးပြုံးလိုက်မိတယ်။

(၃)သူ့အဖေ အပြင်မှာ စီးပွားလုပ်ရင်း လောင်းကစားပါ ဖက်လာတယ်။ အနှစ်နှစ် အလလ စုဆောင်းထားတဲ့ ငွေကြေးတွေ လောင်းကစားကြောင့် ကုန်သွားတယ်။ လင်မယားနှစ်ယောက် အကြီးအကျယ် ရန်ဖြစ်ပြီး သူ့အဖေ အိမ်က ထွက်သွားခဲ့တယ်။ သူ့အမေက ရှိတဲ့ လက်ဝတ်လက်စားကို ထုခွဲရောင်းချလို့ စားဝတ်နေရေး ဖြေရှင်းခဲ့တယ်။ အရာရာ ပြည့်စုံခဲ့တဲ့ နေရာလေးက အခုတော့ ဗလာဖြစ်လို့ ကျန်ခဲ့တယ်။ လောကဓံရဲ့ အပြောင်းအလဲကို မခံနိုင်တဲ့ သူ့အမေက အိပ်ရာထက် ဘုံးဘုံးလဲနေခဲ့ပါပြီ။

“သူငယ်သေးတယ် သူ့ကို စောင့်ရှောက်ပေးပါ။ တကယ်လို့ ခွဲသွားမယ်ဆိုရင်လည်း သူအရွယ်ရောက်တဲ့အထိ စောင့်ပါ” လို့ သူ့အမေက နောက်ဆုံးမှာခဲ့တယ်။ သူ့ကံကြမ္မကို ကျွန်မလက်ထဲ ၀ကွက်အပ်လိုက်ပါပြီ။ သူ့လက်ကို ကျွန်မ ဆုပ်ကိုင်ထားလိုက်မိတယ်။ ဂတိတွေ ကျွန်မ မပေးခဲ့မိပါဘူး။ ဒါပေမဲ့ ကျွန်မတတ်နိုင်သလောက် သူ့ကို စောင့်ရှောက်ခဲ့တယ်။ ကျွန်မဟာ သူ့အစ်မလား.. မယားလား.. အမေလားဆိုတာကို ကျွန်မ ကိုယ်တိုင်လဲ မသိခဲ့ပါဘူး။

နေ့မအား ညမအား ကျွန်မ အလုပ်ကြိုးစားခဲ့တယ်။ သူ့ကို ကျောင်းဆက်ထားတယ်။ မောင်နှမလို အချစ်မျိုး၊ သားအမိလို သံယောဇဉ်မျိုးနဲ့ ကျွန်မတို့ ရှေ့ရေးက တည်ငြိမ်မှုတွေနဲ့ ဖြတ်သန်းခဲ့တယ်။ အထက်တန်းကျောင်းအောင်တော့ တစ်ခြားမြို့ တစ်မြို့မှာ သူတက္ကသိုလ် သွားတက်ရတော့မယ်။ ကျောင်းကို ကျွန်မ ကိုယ်တိုင် လိုက်ပို့ခဲ့တယ်။ ကျွန်မပြုစုလို့ အရွယ်ရောက်လာခဲ့တဲ့ သူ့ကိုငေးကြည့်ရင်း ပညာကို ကောင်းကောင်းသင်ယူဖို့ မှာခဲ့တယ်။

“မမ ကျွန်တော်ပြန်လာမဲ့ရက်ကို စောင့်နေပါ”လို့ သူပြောတော့ ကျွန်မ စိတ်ထဲ နင့်သွားမိတယ်။ မျက်နှာကိုတော့ တည်ငြိမ်အောင် ထားပြီး သူမမြင်အောင် ကျွန်မ ပြုံးလိုက်မိတယ်။ သူ့စကားကြောင့် လှောင်ပြုံးပြုံးတာတော့ မဟုတ်ပါဘူး။ ကျွန်မ ပြုစုပျိုးထောင်ရကျိုး နပ်ခဲ့ပြီလေ....

(၄)ရသမျှကို ခြိုးခြုံချွေတာပြီး ကျွန်မကြိုးစားခဲ့တယ်။

ပထမနှစ်နဲ့ ဒုတိယနှစ် နွေကျောင်းပိတ်တော့ ကျွန်မကို သူပြန်လာကူပါတယ်။ တတိယနှစ်ရောက်တော့ သူ့ကို ပိုက်ဆံတွေ ထပ်မပို့ပါနဲ့။ နွေကျောင်းပိတ်ရင် သူ ပြန်မလာတော့ဘဲ အပြင်မှာ အလုပ်ရှာလုပ်မယ် ဆိုတဲ့အကြောင်း၊ ကျွန်မအတွက် တာဝန်နည်းနည်း ပေါ့စေချင်ကြောင်း သူ့ဆီက စာလာခဲ့တယ်။

ကျွန်မလည်း အသက်(၂၉)နှစ် ရှိပါပြီ။ ဒီအသက်အရွယ်ဟာ ရွာထဲမှာ သားသမီး သုံးလေးယောက် အမေဖြစ်နေပြီ။ ကျောင်းလဲ ထားပေးခဲပြီ။ သူလည်း အရွယ်ရောက်ပြီ။ တာဝန်ကျေပါပြီလို့ ရွာထဲက လူတွေ ကျွန်မကိုပြောတယ်။ ကျွန်မက သူ့ထက် (၁၁)နှစ်ကြီးတယ်။ သူ့ကို စောင့်မနေပါနဲ့လို့တော့ ပြောကြတယ်။ အပြင်လောကမှာ သူပျော်နေပါပြီ။ သူပြန်လာတော့မှာ မဟုတ်ဘူးလို့လည်း ပြောကြတယ်။

ကျွန်မဟာ မယားဝတ္တရား ကျေပွန်ချင်လို့လား.. ဒါမှမဟုတ် သူမသွားခင် ပြောခဲ့တဲ့ “စောင့်နေပါ ပြန်လာမယ်” ဆိုတဲ့ စကားကြောင့်လား.... ဒါမှမဟုတ် မိခင်တစ်ယောက်လို ကိုယ့်သားလေးကို စိတ်မချနိုင်တဲ့ စိတ်ကြောင့်ပဲလား.. ကျွန်မ သူ့အပြန်ကို စောင့်နေခဲ့မိတယ်။ ကျွန်မရဲ့ စိတ်ထဲမှာတော့ အရင်ကလိုပဲ တည်ငြိမ်မှု အပြည့်နဲ့ပါ။

ကျောင်းပြီး ဘွဲ့ရလို့ သူပြန်လာပါပြီ။ သန်မာဖျတ်လတ်လို့ လူလားမြောက်ခဲ့ပါပြီ။ ဗဟုသုတတွေစုံလို့ ပညာတတ်ကြီး ဖြစ်ခဲ့ပါပြီ။ ကျွန်မမှာတော့ နေလောင်ဒဏ်၊ အလုပ်ဖိစီးမှုဒဏ်တွေနဲ့ အိုစာသွားခဲ့ပါပြီ။ ကျွန်မရဲ့ စိတ်ထဲမှာတော့ သူဟာ ကျွန်မရဲ့ မောင်လေးအရင်းတစ်ယောက်လို ရှိနေဆဲပါပဲ။

“မမ ကျွန်တော်အရွယ်ရောက်လို့ လူလားမြောက်ခဲ့ပြီ။ ကျွန်တော်တို့ လက်ထပ်လို့ရပြီ”လို့ သူပြောတော့ ကျွန်မ မယုံကြည်အောင်ဖြစ်မိတယ်။ ကျွန်မပြုံးလိုက်မိတယ်။ သူ့မှာလည်း စာနာတတ်တဲ့ နှလုံးသား ရှိသေးတာပဲ။ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာတယ်။ ဘ၀တစ်သက်စာရဲ့ ပျော်ရွင်တဲ့ မျက်ရည်လေးပါ။

(၅)ရွာက ကျောင်းမှာ သူကျောင်းဆရာလုပ်တယ်။ ကျွန်မတို့မှာ သမီးတစ်ယောက်၊ သားတစ်ယောက် ထွန်းကားခဲ့တယ်။ သူ့ရဲ့ လူတွေနဲ့ ဆက်ဆံတတ်မှု၊ ပညာအတွေ့အကြုံကြောင့် လူချစ်လူခင် ပေါများခဲ့တယ်။ တစ်ခြားတစ်ရွာကို ကျောင်းအုပ်အဖြစ် ရာထူးတိုးပြီး ကျွန်မတို့ ပြောင်းခဲ့ကြတယ်။ အကြောင်းမသိတဲ့ ရွာသားတွေက “ဆရာ့မိခင်နဲ့ မောင်နှမပါ ပါလာခဲ့တယ်။ ဆရာကတော်ရော..” လို့ မေးတော့ ကျွန်မ ဘာပြန်ဖြေရမှန်း မသိခဲ့ဘူး။ ကျွန်မ သူ့ကို အားနာစွာ ကြည့်မိတယ်။ သူက ကျွန်မလက်ကို ဆုပ်ကိုင်ပြီး...

“ဆရာကတော် ဒီမှာပါ။ သူရှိလို့ ဒီနေ့ ကျွန်တော်ဆိုတာ ဖြစ်လာခဲ့တယ်။ သူသာ ကျွန်တော်ရဲ့ အသက်သခင်ပါ” လို့ ပြောတော့ ကျွန်မ မျက်ရည်ဝဲခဲ့မိတယ်။

(၆)သူမ အသက်(၇၂)နှစ်။ နှစ်ရှည်လကြာ ဖိစီးခဲ့တဲ့ အလုပ်ဒဏ်၊ ပင်ပန်းမှုဒဏ်တွေကြောင့် ခြေထောက်တစ်ဘက် လေဖြတ်ခဲ့တယ်။

သူ အသက်(၆၁)နှစ်။ ပင်စင်ယူလိုက်ပါပြီ။ ဒီရပ်ကွက်ထဲ သူတို့ပြောင်းလာတာ (၂)နှစ်ကျော်ခဲ့ပြီ။ ဘယ်လောက်အေးတဲ့ ဆောင်းတွင်းမှာပဲဖြစ်ဖြစ် မိုးမရွာ လေပြင်းမတိုက်ခဲ့ရင် ပန်းခြံရဲ့ ရေကန်လေးဘေးမှာ သူတို့နှစ်ယောက်ရဲ့ အရိပ်ကို လူတိုင်းတွေ့ကြရစမြဲပါ။

သူ့လက်ကို သူမက တွဲလို့။ သူမလက်ကို သူက ဖေးမလို့။ ဖြေးဖြေးချင်း ကလေးလေး ခြေလှမ်းသင်စကလိုပဲ။ ဂရုစိုက်မှု၊ နာကြင်မှု၊ အလေးထားမှုတွေ ပြည့်ဝလို့နေတယ်။ သူတို့အကြောင်းကို သိကြတဲ့ လူတွေက သူတို့ကို ကြည့်ရင်း ကြည်နှုးလို့ မဆုံးဘူး။ သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ ချစ်ခင်မှု၊ ကြင်နာမှုတွေကိုလည်း မချီးမွမ်းပဲ မနေနိုင်ကြဘူး။
“သူဟာ ကျွန်တော့်ရဲ့ အသက်သခင်ပါ။ မိခင်လို နွေးထွေးတဲ့ မေတ္တာကို ပေးခဲ့တယ်။ အခု သူ့ကို ကျွန်တော် တစ်လှည့် ပြန်ပြုစုမဲ့ အချိန်ရောက်လာပါပြီ”

သူ့လက်ကို သူမတွဲခဲ့သလိုပဲ... အခု သူမလက်ကို သူဆုပ်ကိုင်လို့ အေးမြတဲ့ နေရောင်ခြည်အောက်မှာ ခြေလှမ်းမှန်မှန်လှမ်းရင်း အပြုံးချင်းတွေ ဖလှယ်လို့ပေါ့...



No comments: