" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Sunday, October 17, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ -

မဟာဂန္ဓာရုံဆရာတော် (Posted by Ko Nyan မြန်မာ့သွေး )

ရေပြင်ကြီးလိုပေါ့

မေတ္တာပို့တယ်ဆိုတာ သားတစ်ယောက်သာရှိတဲ့ မိခင်က ဒီသားလေးအပေါ်မှာ မေတ္တာစိတ်ရှိတဲ့ မျက်လုံးနဲ့ အမြဲမပြတ် မျက်စိအောက်က အပျောက်မခံ စောင့်ရှောက်နေသလိုတဲ့။ သတ္တ၀ါအားလုံးရဲ့အပေါ်မှာ မိမိချမ်းသာသလို တစ်တန်းတည်းထားပြီး ချမ်းသာစေလိုတဲ့စိတ်ထား အမြဲရှိစေရမယ်။

"တစ်တန်းတည်းထား" ဆိုတာ ဥပမာပြောရလျှင် ရေပြင်ကြီးလိုပေါ့။ ရေပြင်ကြီးတစ်ခုဟာ လူကောင်းတစ်ယောက် လာချိုးလည်း အချိုးခံတယ်။ အနူကြီးတစ်ယောက် လာပြီး ဆင်းချိုးလည်း အချိုးခံတာပဲ။ ဆင်းရဲသား လာချိုးလည်း ဒီအတိုင်းပဲ။ ဘယ်သူ့ကိုမျှ ပိုပြီး အေးမပေးပါဘူး။ တစ်တန်းတည်းထားပြီး အေးပေးလိုက်တာပဲ၊ အဲဒီအတိုင်းပဲပေါ့။

အောင်မြင်လာကြရစမြဲပါပဲ

ကိုယ့်ရဲ့အစွမ်းအစကို စနစ်တကျ ဖော်ထုတ်အသုံးပြု၊ ဇွဲနဲ့ကြိုးစားလျှင် သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတို့နဲ့ တွဲဖက်ပြီး အသုံးပြုလျှင် တစ်ချိန်မှာ အောင်မြင်လာကြရစမြဲပါပဲ။

အထက်တန်းရောက်နေလျှင်

အလုပ်တစ်ခုလုပ်လျှင် ကောင်းမကောင်း စိစစ်ပြီး ပြုပြင်လိုက်ကြစမ်းပါ။ သူများကို မနာလိုဝန်တိုဖို့လည်း မလိုဘူး။ အဲဒီစိတ်တွေဖြစ်လျှင် ကိုယ်သာဆင်းရဲရတယ်။ အပြောခံရသူမှာတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ်က အထက်တန်းရောက်နေလျှင် စိတ်ကောင်းလည်း ရှိရတယ်။ အပြောလည်း ခံရမယ်၊ သို့မဟုတ်လျှင် ပြန်ကျသွားနိုင်တယ်။

ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ

သူတော်ကောင်းဆိုတာ မတော်တာကို မတော်ဘူးလို့ ပြောပါ။ စိတ်ဆိုတာ ကောင်းတဲ့အာရုံ အမြဲထုံပေးနိုင်မှ တော်ကာကျတယ်။ သူများချမ်းသာတာကို "ချမ်းသာပါစေ" လို့ ၀မ်းမြောက်လိုက်လျှင် တစ်ဖက်သားမှာ ချမ်းသာတယ် မချမ်းသာဘူးတော့ မသိဘူး၊ ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ။ ဆင်းရဲတဲ့သူနဲ့ တွေ့တော့လည်း ကရုဏာဖြစ်ရမယ်။ အရာရာမှာ မေတ္တာစိတ်ထားပြီး စိတ်ကောင်းထား သည်းခံဖြစ်နိုင်လျှင် အကောင်းဆုံးပဲ။

လျှော့ချမပစ်ကြပါနဲ့

မြင့်မြတ်တဲံလမ်းစဉ်အတိုင်း သွားနေပါလျက်နဲ့ နိမ့်ရာကိုတော့ မဆင်းချင်ကြပါနဲ့။ အကုသိုလ်ဖြစ်မယ့်နေရာကို ရှောင်ကြဉ်ပြီး ကုသိုလ်ဖြစ်မယ့်နေရာကို ရွေးတတ်ပါစေ။ ဒီဘ၀ရဲ့ အခြေအနေကို မပျက်စေဘဲ နောင်ဘ၀တွေအတွက် ဒါထက်ကောင်းတဲ့သူဖြစ်အောင် ကြိုးစားကြစမ်းပါ။ ကိုယ့်ရဲ့ ကံ ဉာဏ် ၀ီရိယ ကို လျှော့ချမပစ်ကြပါနဲ့။

မလိုက်ချင် လိုက်ချင်နဲ့

လူတွေမှာ ပစ္စည်းကို ရအောင်ရှာ၊ ရှာလို့လည်း မတင်းတိမ်၊ ခံစားလို့လည်း မတင်းတိမ်။ ဒီကြားထဲ သေမင်းက ဆွဲသွားတော့ မလိုက်ချင် လိုက်ချင်နဲ့ လိုက်သွားရတယ်။ ဒါကြောင့် လောကီအာရုံ ကာမဂုဏ်တွေကို အမြဲတမ်း ကြံစည်နေလျှင် စိတ်ဓာတ်အား နည်းလာတတ်တယ်။ စိတ်အားနည်းလာလျှင် ကိုယ်အားလည်း နွမ်းလာတာပဲ။ ဘုရားက "လောကီအာရုံ ကာမဂုဏ်တွေမှ ကင်းဆိတ်ရမယ်" ဆိုတာ လူရော ဘုန်းကြီးရော သဘောမပေါက်ကြဘူး။

ခက်ခဲတဲ့ဘဝ

လူ့ဘ၀ရဖို့တောင် မလွယ်လှဘူး။ စာထဲမှာ ဥပမာနဲ့ ပြောထားတယ်။ ပင်လယ်ပြင်ကျယ်ကြီးထဲမှာ ထမ်းပိုးတုံးကြီးတစ်ခု လေတိုက်ရာ မျောချင်သလို မျောနေသတဲ့။ အပေါက်ကလည်း တစ်ပေါက်တည်းတဲ့။ ရေပြင်အောက်ခြေမှာရှိတဲ့ လိပ်ကန်းကြီးကလည်း အနှစ် ၁၀၀ ကြာမှ တစ်ခါသာ ပေါ်တယ်။ အဲဒီ လိပ်ကန်းကြီးရဲ့ ခေါင်းနဲ့ ထမ်းပိုးပေါက် စွပ်မိဖို့ဟာ ဘယ်လွယ်မလဲ။ ဒါပေမယ့် အဲဒါကမှ ကြုံကြုံကြိုက်ကြိုက် စွပ်မိချင် စွပ်မိဦးမယ်တဲ့။ လူ့ဘ၀ကြုံဖို့က အဲဒီထက် ခက်တယ်တဲ့။ အခု အဲဒီ ခက်တဲ့ဘ၀ကို ရနေကြပြီ၊ ရတုန်းရခိုက်မှာ ပါရမီတွေ ဖြည့်လိုက်ကြစမ်းပါ။ စိတ်ကောင်းနှလုံးကောင်း မွေးလိုက်ကြစမ်းပါ။

ကြိုးစားပြီးရင်း ကြိုးစား

ရှေးက ပါရမီတွေ များခဲ့မှလည်း ပစ္စုပ္ပန်ဘ၀မှာလာပြီး တော်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ် ချိန်ကြည့်ပါ။ ငါ့ ပါရမီ ရှေးက ဘယ်လောက်များခဲ့သလဲ၊ မများခဲ့ဘူးလဲ ဆိုတာ။ လာမယ့် အနာဂတ်ဘ၀တွေမှာ ပါရမီ မနည်းအောင် ယခုကစပြီး ဖြည့်ထားကြပါ။ ကြိုးစားပြီးရင်း ကြိုးစား၊ မနားမနေ ဘ၀ပါရမီကို ထူထောင်ကြပါ။

စံနမူနာပြ

သူများကို ဆုံးမဖို့ဆိုတာ ကိုယ်တိုင်ကလည်း စည်းကမ်းရှိရတယ်။ ဆရာသမား မိဘများက တပည့် သားသမီးများကို ဆုံးမလို့ မရဘူးဆိုတာ ကိုယ်တိုင် ဆုံးမတဲ့အတိုင်း မနေလို့ပဲ။ ကိုယ့်ဘက်က ဘာမျှချို့ယွင်းချက် မရှိစေရဘူး။ စံနမူနာပြ လိုက်နာကျင့်သုံးပြရမှာ။ သူများကိုတော့ ပြောပြီး ကိုယ်က မလိုက်နာဘူးဆိုလျှင် ဘယ်ဟုတ်လိမ့်မလဲ။ ဒါတွေ အရေးကြီးတယ်။

ရင့်မှ မှည့်တဲ့အသီး

အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။ ဒါမှလည်း ကြာရှည်ခံပါတယ်။ ရင့်မှ မှည့်တဲ့အသီးဟာ ချိုသလိုပေါ့။

အောင်မြင်လာကြရစမြဲပါပဲ

ကိုယ့်ရဲ့အစွမ်းအစကို စနစ်တကျ ဖော်ထုတ်အသုံးပြု၊ ဇွဲနဲ့ကြိုးစားလျှင် သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတို့နဲ့ တွဲဖက်ပြီး အသုံးပြုလျှင် တစ်ချိန်မှာ အောင်မြင်လာကြရစမြဲပါပဲ။

သူတော်ကောင်းတို့ရဲ့ နိုင်ခြင်း

သူတော်ကောင်းတို့ရဲ့ နိုင်ခြင်းဆိုတာ နှလုံးအေးအေးနဲ့ ပြုံးပြုံးကလေး မေတ္တာနဲ့ နိုင်ခြင်း၊ သည်းခံလိုက်လို့ နိုင်ခြင်းကိုသာ ခေါ်ပါတယ်။

လက်လှမ်းမီရာ

ကုသိုလ်ဆိုတာ လိုလည်း လိုချင်ရပါတယ်။ ၀ါသနာလည်း ရှိရပါတယ်။ ကိုယ်နဲ့လက်လှမ်းမီရာ ကုသိုလ်တွေ နေ့စဉ် အားထုတ်ကြပါ။

လူတွေဟာ အတွက်လွဲနေကြတယ်

သီလဆိုတာ ဒါနထက် ပိုပြီး အားကိုးရပါတယ်။ အားကိုးရမှာကို အားမကိုးကြဘဲနဲ့ ဟိုးလေးတကျော်ကျော် လူသိနတ်ကြား ဒါနကို ပြုလုပ်ပြီးတော့ အားကိုးနေကြတယ်။ လူတွေဟာ အတွက်လွဲနေကြတယ်နော၊ ဒါနဘက်မှာ ၀ါသနာကြီးသလောက် သီလဘက်မှာကျတော့ ချွတ်ယွင်းနေကြပါတယ်။ သီလမပါရင် စိတ်ချမ်းသာမှု မရနိုင်ပါဘူး။ သေခါနီးလေ သီလက အားကိုးရလေပဲ။

လူတိုင်း ချစ်ခင်ကြတာပေါ့

ပန်းကလေးတစ်ပွင့်မှာ အဆင်းလည်း လှမယ်၊ အနံ့ကလေးကလည်း သင်းမယ်ဆိုရင် လူတိုင်း နှစ်သက်ကြသလိုပေါ့။ လူတစ်ယောက်မှာလည်း ရုပ်လည်းချောမယ်၊ သဘောလည်း ကောင်းမယ်ဆိုရင် လူတိုင်း ချစ်ခင်ကြတာပေါ့။ သဘောထားပုပ်ပြီဆိုရင်တော့ အနံ့မသင်းတဲ့ပန်းလို လူတကာ အော့ကြောလန်ပြီ။

ရိုးသားတဲ့ စိတ်ဓာတ်

ဣနြေ္ဒရတာ၊ သိက္ခာရှိတာဟာ အင်မတန်ကောင်းပါတယ်။ ဒါပေမယ့် အတွင်းက ရိုးသားတဲ့စိတ်ဓာတ်ကတော့လည်း ရှိရမယ်နော်။

ကိုယ့်ဟာကိုယ်တော့ မလှည့်စားနဲ့

လောကမှာ မကောင်းမှု ပြုသူအတွက် ဆိတ်ကွယ်ရာအရပ် မရှိဘူးတဲ့။ ငါ မကောင်းတာ လုပ်နေတာ ဘယ်သူမျှ မသိဘူးလို့ မထင်လိုက်ပါနဲ့။ သူလို ကိုယ်လိုလူက မသိပေမယ့် နတ်တွေက သိတယ်၊ မြင်တယ်၊ နောက်ဆုံး ဘယ်သူမျှ မသိဘူးဆိုတာတောင်မှ ကိုယ့်ဟာကိုယ်တော့ မလှည့်စားနဲ့၊ လောကကြီးကိုလည်း မလှည့်စားကြနဲ့။ ၁။ လူကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်ကြပါစေ။၂။ နတ် ကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ။၃။ ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုနိုင်အောင် နေတတ် ထိုင်တတ် ပြောတတ်ကြပါစေ။

နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုမပါရင်

ယခု ကမ္ဘာကြီးမှာ တိုးတက်နေတယ်ဆိုတော့ အများက သဘောကျသလိုလိုပါပဲ။ တိုးတက်တယ်ဆိုပေမယ့် အ၀တ်အစား အနေအထိုင် အသုံးအဆောင်တွေဘက်မှာသာ တိုးတက်နေတာပါ။ သူတော်ကောင်းတရားဘက်ကျတော့ မတိုးတက်ပါဘူး။ ဒီတိုးတက်မှုတွေက ကြာရှည်လည်း မခံပါဘူး။ ယခုလို ရုပ်ဝတ္ထုတစ်ဖက်တည်း တိုးတက်နေပြီးတော့ အကျင့်စာရိတ္တဆိတဲု့ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုမပါရင် ဘယ်လောက် ချမ်းသာချမ်းသာ စိတ်ရဲ့ ငြိမ်းချမ်းမှု ဆိုတာကတော့ မရနိုင်ပါဘူး။

ဒလဟော ဆင်းလာနိုင်

ရှေးကံဆိုတာ ဘယ်လိုမှန်း မသိနိုင်ဘူး။ ရှေးကံပါလျက်သားနဲ့ ယခုပစ္စုပ္ပန်ကံတွေနဲ့ ပင့်မပေးနိုင်ဘူးဆိုရင်လည်း အလကားပဲ။ အကျိုးဖြစ်ထွန်း မလာနိုင်ဘူး။ ရှေးကံကိုချည်း အားကိုးနေလို့ မရဘူး။ ယခုဘ၀ ပစ္စုပ္ပန်ကံတွေနဲ့ ရေလာမြောင်းပေး လုပ်ထားမှ ရှေးကံတွေ အကျိုးပေးဖို့ ဒလဟော ဆင်းလာနိုင်တာပဲ။

ပျာယာခတ်နေကြတာ

ရှေးခေတ်က ဘိုးတွေ ဘွားတွေ ဒီလောက် ပစ္စည်းဥစ္စာ မချမ်းသာကြပေမယ့် စိတ်ကျတော့ ချမ်းသာကြတယ်။ ဘာလို့လဲဆိုတော့ အ၀တ်အစား အနေအထိုင်တွေ မှန်မှန်လောက်ပဲ၊ သာမန်လောက်နဲ့ ကျေနပ်နိုင်ကြတယ်။ ဒီတော့ မေတ္တာတရားတွေ ထားနိုင်ကြတယ်။ စာရိတ္တတွေလည်း ပြည့်စုံနိုင်ကြတယ်။ အဲဒီအတွက် စိတ်ချမ်းသာနိုင်ကြတာ။ ယခုလူတွေမှာ အဲဒီအခြေအနေမျိုး မရှိကြတော့ဘူး။ အပြင်ပုံပန်းက ပျာယာခတ်နေကြတာပဲ။ ရှေးခေတ်က ကိုယ့်သားသမီး ဘယ်သွားသွား စိတ်ချရတယ်။

လိုက်လို့ မမီနိုင်အောင်

ပတိရူပဒေသ၀ါသ = ကိုယ်နဲ့ သင့်ရာဒေသမှာ နေရမယ်။ပုဗ္ဗေ စ ကတပုညတာ = ရှေးကောင်းမှုကံလည်း ပါရမယ်။ အတ္တသမ္မာပဏိဓိ = ကိုယ် စိတ် နှလုံး ရိုးသားဖြောင့်မတ်ရမယ်။ သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားလည်း နာကြားရမယ်။အဲဒီ စက်လေးပါးနဲ့ ပြည့်စုံရင် ဘယ်သူမျှ လိုက်လို့မမီနိုင်အောင် ပြည့်စုံတိုးတက်နိုင်တယ်။

လုံ့လ ၀ီရိယတွေနဲ့ ပံ့ပိုးကူညီ

ဆရာသမား အကြီးအကဲလုပ်တဲ့သူတွေဆိုတာ ပညာရေး၊ ကျန်းမာရေး၊ နေစရာ ထိုင်စရာ၊ စားစရာ ပြည့်စုံအောင် လုပ်ပြီးတဲ့အပြင် ၀ီရိယဆိုတာလည်း အမြဲရှိနေရပါတယ်။ အကျိုးပေးကြမယ့် ရှေးကံဟောင်းတွေ ပါလာကြပေမယ့် ဒီဘ၀မှာ လုံ့လ၀ီရိယတွေနဲ့ ပံ့ပိုးကူညီကြရပါသေးတယ်။ အဲဒီလို ဒီဘ၀မှာ လုံ့လ၀ီရိယတွေနဲ့ ဆက်ပြီး မပံ့ပိုး မကြိုးစားဘူးဆိုရင်တော့ အရှိန်တွေဟာ တဖြည်းဖြည်းနဲ့ ကျမှန်းမသိ ကျဆင်း ကျဆင်းလာကြတော့တာပဲ။ ဒါကြောင့် ၀ီရိယကတော့ အမြဲတမ်း ရှိနေကြရမှာပဲ။ ဘယ်တော့မျှ မလျှော့နဲ့၊ ၀ီရိယကို မလျှော့နဲ့၊ စိတ်ဓာတ်ကိုလည်း မလျှော့နဲ့။

ရေမသောက်ရတဲ့ မျက်နှာ

မေတ္တာစိတ် ကင်းမဲ့တဲ့ သူတွေကျတော့ ရေမသောက်ရတဲ့ မျက်နှာတွေလို စိုစိုဖတ်ဖတ် မရှိကြဘူး။ ခြောက်ကပ်ကပ်တွေပဲ အမြဲတမ်း သားရေး သမီးရေး၊ စီးပွားရေး၊ လောကရေးတွေနဲ့ ရှုပ်ထွေးပြီး ပူလောင်နေရတတ်ကြတယ်။

No comments: