" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Friday, October 28, 2011

ကျန်းမာခြင်းနှင့်တရားအားထုတ်ခြင်း

ကျန်းမာခြင်းနှင့်တရားအားထုတ်ခြင်း
by အနှိုင်းမဲ. စာတိုပေစများ

လောကရှိ သက်ရှိလူသားတိုင်း အတောင့်တဆုံး၊ အလိုချင်ဆုံးသော အရာသည် ကျန်းမာခြင်း ရလာဒ်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းမာ၍ အသက်ရှည်စေရန် ဆေးဝါးအမျိုးမျိုးကို မှီဝဲကြသည်။ ဆေးပညာရှင်များထံ ကုသမှုအမျိုးမျိုးကို ခံယူကြသည်။ ကျန်းမာရာ ကျန်းမာကြောင်း၊ အသက်ရှည်ရာ အသက်ရှည်ကြောင်း နည်းလမ်းကောင်းကို ရှာဖွေကြံဆ ပြုကျင့်ကြသည်။ ယနေ့ ကမ္ဘာ့ဆေး ပညာရှင်များက ကျန်းမာ၍ အသက်ရှည် အောင်ပြုရာတွင် တရားအားထုတ်ခြင်းသည် အလွန်အရေးပါ၍ ထိရောက်ကြောင်း ထုတ်ဖော်ပြောဆို နေကြသည်။ ၀ိပဿနာ တရားအားထုတ်ခြင်းဖြင့် သူသူငါငါ ကြုံတွေ့နေ ကြရသောဖိစီးမှုဒဏ်တို့ကို လျော့ပါးပျောက်ကင်းစေနိုင်ကြောင်း၊ ရောဂါများကိုလည်း သက်သာရာရစေ၍ ပျောက်ကင်းစေနိုင်ကြောင်း ဖွင့်ဆိုကြေငြာထားကြသည်။

ကမ္ဘာ့ဆေးပညာရှင်များက လူတစ်ယောက်သည် တရားအားထုတ်ပါက ၄၅-မိနစ် ကြာလျှင် ကိုယ်ခန္ဓာအတွင်း၌ ဟော်မုန်းဓာတ်တစ်မျိုး ထွက်ပေါ်လာကာ ဝေဒနာများကို ပျောက်ကင်းစေနိုင်ကြောင်း၊ ကျန်းမာရေးကို ကောင်းမွန်စေနိုင်ကြောင်း ဖွင့်ဟပြောဆိုနေ ကြသည်။ တရားအားထုတ်ခြင်းသည် ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းတို့ကို အထောက် အကူပြုကြောင်း ကမ္ဘာ့ဆေးပညာရှင်များက ကောင်းမွန်စေနိုင်ကြောင်း ဖွင့်ဟပြောဆိုနေ ကြသည်မှာ ကာလမကြာသေးပေ။ ဗုဒ္ဓဘုရားရှင်ကမူ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀-ကျော် ကာလပင် ၀ိပဿနာတရားအားထုတ်ခြင်းဖြင့် မဂ်ညဏ်၊ ဖိုလ်ညဏ်ကို ရရှိစေနိုင်ရုံသာမက ကျန်းမာခြင်း အသက်ရှည်ခြင်းနှင့်လည်း ပြည့်စုံနိုင်ကြောင်းကို စက္က၀တ္တိသုတ်တွင် အခိုင်အမာ ဟောကြားတော်မူခဲ့သည်။

ယနေ့ တရားအားထုတ် ရှုမှတ်ခြင်းအရာတွင် ထိပ်တန်းကပါဝင်သော အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးရှင် သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက `၀ိပဿနာ တရားအားထုတ်လို့ ဥဒယဗယညဏ်သို့ ရောက်သွားသောအခါ မပြင်းထန်လှ သော သာမန်ရောဂါများ ပျောက်ကင်းသွားကြပေသည်၊ အကယ်၍ သင်္ခါရုပေက္ခာညဏ်သို့ ရောက်သွားသော အခါတွင်ကား ပြင်းထန်သည့် ရောဂါဝေဒနာဆိုးကြီးများပင် ပျောက်ကင်း သွားကြရပေသည်`ဟူ၍ အတိအလင်း ရေးသားဖော်ပြထားသည်ကို တွေ့ရပါသည်။ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးရှင် သဒ္ဓမ္မရံသီဆရာတော် ဘုရားကြီးက မိမိ၏ကိုယ်တွေ့ကိုလည်း ဖွင့်ဟရေးသား ဖော်ပြထားသည်။ ဆရာတော်ဘုရား ကြီးသည် သက်တော်(၄၀)၊ ၀ါတော်(၂၀)ခန့်တွက် အစာအိမ်ရောဂါ စွဲကပ်လာခဲ့သည်။ အစာမစားမီတွင် ၀မ်းဗိုက်အတွင်း ပူလောင်၍ အခံရခက်လှသည်။ အစာစားပြီးတော့လည်း တင်းကျပ်နေ၍ အခံရခက်လှသည်။ ဆေးအမျိုးမျိုးဖြင့် ကုသပါသော်လည်း သက်သာရုံ မျှသာရှိသည်။ ပျောက်ကင်းခြင်းမရှိခဲ့၊ ဆက်၍သာ ခံစားနေခဲ့ရသည်။

ဤသို့ အစာအိမ်ရောဂါရှိနေခိုက်မှာပင် မဟာစည် သာသနာ့ရိပ်သာသို့ ၀င်ရောက်၍ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးထံ ၀ိပဿနာ တရားအားထုတ်ခဲ့သည်။ သမ္မသနညဏ်အဆင့်သို့ ရောက်သောအခါ ထိုင်၍ရှုမှတ်နေစဉ်မှာ ပြင်းထန်စွာ ၀မ်းဗိုက် တင်းကျပ်လာခြင်း၊ ပူလောင်ခြင်းတို့ကို ခံစားရသည်။ တစ်ခါတစ်ရံ ၀မ်းဗိုက်ကြီး ပေါက်ကွဲ တော့မည်ဟု ထင်ရလောက်အောင် ပြင်းထန်လှသည်။ ဤကဲ့သို့ ပြင်းထန်ပါသော်လည်း အားမလျော့မူ၍ သည်းခံကာ ကြိုးစားရှုမှတ်ခဲ့သည်။ ဤသို့ သည်းခံပြီး ရှုမှတ်သဖြင့် သမာဓိညဏ်များ အဆင့်ဆင့်တိုးတက်လာသောအခါ ၀မ်းဗိုက်မှ ထွက်နေ သော အပူရှိန်အခိုးငွေ့တို့သည် ရင်ဘတ်၊ လည်ပင်းစသည်များကိုထက်၍ ဟတ်နေ ပူနေ သည်ကို တွေ့သိခံစားရသည်။ဆက်လက်၍ သည်းခံပြီးရှုမှတ်ရာ ဥဒယဗယဉာဏ်အဆင့်သို့ ရောက်သွားသောအခါ ခနာကိုယ်သွက်လက်ပေါ့ပါးသွားပြီးနောက် ၀ိပဿနာပီတိသုခ တို့ဖြင့် ပျော်မွေ့ချမ်းသာခြင်းများကို တွေ့သိခံစားခဲ့ရသည်။ နှစ်လခန့်ဆက်လက်၍ အားထုတ်လိုက်သောအခါ အစာအိမ်ရောဂါလုံး ပျောက်ကင်းသွားပေသည်`စသည်ဖြင့် ဖွင့်ဟရေးသား ဖော်ပြထားသည်။

ယခုအခါ ဆရာတော်ဘုရားကြီးသည် သက်တော်(၉၀)၊ ၀ါတော်(၇၀) ရှိနေပေပြီ။ အစာအိမ်ရောဂါ လုံးဝပျောက်ကင်းနေပေသည်။ ထို့ပြင် ဆရာတော်ဘုရားကြီးက `သဒ္ဓမ္မရံသီရိပ်သာ အမှုဆောင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ဇော်သည် မတ်တတ်ရက်၍ပင် ကောင်းစွာ မသွားနိုင်သည့် လေးဖက်နာရောဂါ စွဲကပ်လာသဖြင့် သမားတော်ကြီးများ၊ ဆေးစွမ်းကောင်းများဖြင့် ကုသခဲ့သည်။ သို့ပါသော်လည်း မပျောက်ကင်းသဖြင့် သဒ္ဓမ္မရံသီ ရိပ်သာသို့ ၀င်ရောက်ကာ ထိုလေးဘက်နာရောဂါကို သည်းခံလျှက် ၆-လခန့် ၀ိပဿနာ တရားကြိုးစား၍ အားထုတ်လိုက်ရာ ရောဂါပျောက်ကင်း သွားသည်။ မိမိ၏ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်၍ လုပ်ကိုင်နိုင်လျှက် ရှိပေသည်။ ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် ရောဂါပျောက်ကင်းသော သာဓကတစ်ခုပင်ဖြစ်ပေသည်`ဟူ၍ ရေးသားဖော်ပြထားသည် ကို ဖတ်ရှုရပါသည်။

ထိုမျှမက ဆရာတော်ကြီးက `` ယောဂီဒေါ်တင်လှိုင်သည် ငယ်ရွယ်စဉ်အခါကပင် စွဲကပ်လာသော ၀မ်းဗိုက်အောင့်သည့် ရောဂါသည် အသက် ၅၀-ခန့်ထိအောင် မည်သည့် ဆေးနှင့်မျှ ကုသ၍ မပျောက်ကင်းခဲ့ပါ၊ အနည်းဆုံး ၁-လလျှင် တစ်ကြိမ် ၀မ်းဗိုက်အောင့် သည့်ရောဂါကို ခံစားနေခဲ့ရသည်။ ဒေါ်တင်လှိုင်သည် အသက် (၅၀)ခန့်အရွယ်တွင် ၀ိပဿနာတရားကို အားထုတ်ရာ ၁-လခန့် အားထုတ်ပြီးသောအခါ ၀မ်းဗိုက်အောင့်သည့် ရောဂါ ပျောက်ကင်းသွားသည်ကို တွေ့ရသည်။ အသက်(၇၀)ခန့် အရွယ်တွင် ဆရာတော် နှင့် မေးကြည့်ရာ ရောဂါပြန်မဖြစ်တော့ကြောင်း သိရသည်။ ဤကား ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် သာမာန်ရောဂါများ ပျောက်ကင်းသွားသော သာဓကတစ်ခုပင် ဖြစ်ပေ သည်´´ ဟု ဆရာတော်ကြီး ရေးသားထားသည်ကို ဖတ်ရှုရပေသည်။ ထို့နောက် ယောဂီ ဒေါ်တာအကြောင်း ဆရာတော်ကြီးရေးသား ဖော်ပြထားသည်မှာလည်း အံ့ဖွယ်ဖြစ်သည်။ ဒေါ်တာသည် အသက် (၆၀)အရွယ်တွင် အသဲကင်ဆာရောဂါ ဖြစ်လာသည်။ ၁၉၈၆-ခုနှစ်တွင် ဆေးရုံတက်၍ ကုသခဲ့သည်။ ဆေးရုံမှ ပြန်ဆင်းလာသောအခါ ဆရာဝန်များက သုံးလ (သို့မဟုတ်) ၆-လ အကြာဆုံး (၂)နှစ်ခန့် အသက်ရှင်နိုင်တော့မည်ဟု ဆုံးဖြတ်ကြ သည်။ ဤတွင်ဒေါ်တာသည် အားကိုးရာ မရှိတော့သဖြင့် ၀ိပဿတရားကို ကြိုးစား အားထုတ်ခဲ့သည်။ (၆)ခန့် ကြာသောအခါ တစ်ဖြည်းဖြည်းကောင်းလာသောကြောင့် ဆက်လက်၍ တရားကိုသာ အလေးထားကာအားထုတ်ခဲ့သည်။ ဒေါ်တာသည် အသက်(၇၄)နှစ်အထိ အသက်ရှင်လျှက် ရှိသည်။ ၁၉၉၉-ခုနှစ်တွင် ဧပြီလတွင် ဆရာတော့်ကို လာရောက်ကန်တော့နိုင်သေးဟု ၁၉၉၉-ခုနှစ်၊ ဇူလှိုင်လထုတ် မြတ်မင်္ဂလာ စာစောင်တွင် ဆရာကြီးရေးသားဖော်ပြထားသည်ကို ဖတ်ရှုရ၊ တွေ့ရသည်။ ဤသည်ကား တရားအားထုတ်ခြင်းဖြင့် ရောဂါသက်သာခြင်း၊ ရောဂါပျောက်ခြင်း၊ ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့နှင့်ပတ်သက်၍ စာဖတ်သူတို့ သိရှိနိုင်ရန် တင်ပြလိုက်ရပေသည်။



(ရုရှားသာသနာပြုဆရာတော် အရှင်ဝေဠုရိယ)

No comments: