" ဤလောက၌ အဓမ္မ မထွန်းကားအောင် ဆောင်ရွက်ဖို့ လူတိုင်း၌ တာဝန်ရှိသည် " " မေတ္တာတရားရဲ့ရနံ့သည်သာ လူသားအားလုံးကိုကြည်လင်လန်းဆန်းစေပါသည် " " မြန်မာပြည်သူ့ ပြည်သားများ အားလုံး၊ ကျန်မာရွှင်လန်းချမ်းမြေ့ပါစေ "

Wednesday, June 30, 2010

“ခေါင်းဆောင်ကောင်း အလိုရှိသည် ။”

“ခေါင်းဆောင်ကောင်း အလိုရှိသည် ။”

မောင်ချင့်ချိန်

ဗမာပြည်ဒီမိုကရေစီရေးသမိုင်းတလျှောက် လေးစားရလောက်သောသူရဲကောင်းများစွာ ၊ အားကိုးရ လောက်သော ခေါင်းဆောင်များစွာပေါ်ထွန်းခဲ့ပါတယ် ၊ သို့သော် စံထားရလောက် သောခေါင်းဆောင် ကောင်းကတော့ အလွန်နည်းပါးခဲ့ပါတယ် ။

ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း အံ့သြစရာသမိုင်းခေတ်အဖြစ် လူငယ်ခေါင်းဆောင် တွေ ၊ ကျောင်းသားခေါင်းဆောင်တွေ ၊ အမျိုးသမီးခေါင်းဆောင်တွေ အများအပြားပေါ်ထွန်း လာခဲ့ပါတယ် ၊ ဒါပေမဲ့ စစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်တွေထဲရောက်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင် ၊ ကိုကိုကြီးတို့လူနည်းစုလေးကလွဲရင် စံထားအား ကိုးလောက်တဲ့ခေါင်းဆောင်ကောင်း မရှိ ဘူးဆိုတာ တွေ့ရပါတယ် ။

ခေါင်းဆောင်ဆိုတာ လုပ်ငန်းကိစ္စတိုင်း ၊ နေရာဌာနတိုင်းမှာ ရှိရပါတယ် ၊အရမ်းအရေး ကြီးပါတယ် ၊ ခေါင်းဆောင်ဖြစ်ရုံသာမကပဲ ခေါင်းဆောင်ကောင်းဖြစ်ဘို့လဲလိုပါတယ် ၊ကိုယ့်အတ္တ ကိုယ်ဦးစားပေး တဲ့ ၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းပြီး ဘ၀င်မြင့်တတ်တဲ့ ၊ ဆင်ခြင်တုံတရားနည်းတဲ့ ၊ မပြတ်သား တဲ့သူတွေ ခေါင်းဆောင်ဖြစ်ခဲ့ရင် အဲဒီအဖွဲ့ ၊ အဲဒီ အလုပ်ဟာ အနှေးနဲ့အမြန်ပျက်စီးတာပါပဲ ၊ ကျွန်တော် တို့ဒီမိုကရေစီရေးတိုက်ပွဲ ခုလိုခရီးရှည်နေရတာဟာ ခေါင်းဆောင်အမည်ခံတွေသာများပြီး ၊ ခေါင်းဆောင်ကောင်း တွေမဖြစ်ခဲ့ကြလို့၊ခေါင်းဆောင်အရည်ချင်းမပြည့်မှီပဲခေါင်းဆောင်တက်လုပ်ခဲ့ကြလို့ပါ ။

ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပြည်သုလူထုက မျှော်လင့်ချက်ထားတဲ့ခေါင်းဆောင်တွေက ပြည်သူ့ ဆန္ဒကိုမဖြည့်စည်းနိုင်ခဲ့ကြဘူး ၊ ကြားဖြတ်အစိုးရဖွဲ့ဘို့လိုအပ်နေချိန်မှာကိုယ့်အတ္တတွေ ကိုရှေ့တန်း တင်စဉ်းစားခဲ့ကြပြီး ညီညီညွတ်ညွတ်နဲ့ပြည်သူကိုဦးမဆောင်နိုင်ခဲ့ကြလို့စစ်တပ် ရဲ့အာဏာသိမ်းမှု ခံခဲ့ ကြရပါတယ် ၊ ကျောင်းသားတွေဦးဆောင်ပြီး ပြည်သူတွေသွေးနဲ့ခင်း တဲ့လမ်းမှာ (သေနတ်သံ တိတ်တုန်းလေး ခန)လူထုခေါင်းဆောင် ဆိုပြီးထလျှောက်ကြတဲ့ သူတွေ စစ်တပ်ကအာဏာသိမ်းချိန် မှာရော လူထုကိုဘာတွေဦးဆောင်ခဲ့ပါသလဲ ၊

ရွေးကောက် ပွဲလုပ်ပေးမယ်ဆိုတဲ့ စစ်တပ်ရဲ့မြှူဆွယ်မှု မှာ အသီးသီးပါတီတွေထောင်ပြီး အမျိုးသားနိုင်ငံရေးလမ်းကြောင်းပေါ်ကနေအများစုသွေဖီခဲ့ကြတယ်။ စစ်တပ်ကအာဏာသိမ်းပြီးပေမဲ့ သူ့အုပ်ချုပ်ရေးကိုခိုင်မြဲအောင်မလုပ်နိုင်ခဲ့ပါဘူး ၊ ပါတီတွေ ထောင် ကြပါ ၊ ရွေးကောက်ပွဲလုပ်ပေးပြီးစစ်တန်းလျားပြန်မှာပါလို့ စောမောင် ပြောတာကို ယုံကြည်ကြပြီး ရှစ်လေးလုံးအရှိန်အဟုန်နဲ့ ပြတ်ပြတ်သားသားတိုက်ပွဲမဆက်ခဲ့ကြဘူး ၊ အဲဒီတုန်းက ခေါင်းဆောင် ကြီးများဆိုသူတွေက အာဏာသိမ်းတာကိုလက်မခံဘူး ၊ ပါတီလဲ ထောင်စရာမလိုဘူး၊ ပြည်သူကို ဦးဆောင်ပြီး ဗိုလ်ချုပ်ကြီးစောမောင်နဲ့ တွေ့ဆုံဆွေးနွေး ရေးလုပ်ဘို့ပဲတောင်းဆိုမယ် ၊ ကိုယ့်ဘာသာ ကြားဖြတ်အစိုးရဖွဲ့ပြီး ကိုယ့်ဘာသာရွေးကောက် ပွဲလုပ်မယ်လို့ တင်းခံခဲ့ရင်……..။ ဦးနုတို့ ဒေါ်စုတို့က ညီညီညွတ်ညွတ်နဲ့ ပြည်သူကို ဦးဆောင်ခဲ့ရင်……။

သမိုင်းခေတ်ရဲ့အခြေနေအရ ၊ လိုအပ်ချက်အရ ၊ ကျောင်းသားတွေက သုံးယောင်ချယ် ၊ ဗကသ ၊ အကသ ၊ NLD လူငယ် ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၊ ABSDF စသဖြင့် ကွဲပြားခဲ့ရတဲ့အပေါ် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ၊ ခေါင်းဆောင်ကြီး တွေအဖြစ် ထွက်ရပ်ပြခဲ့သူတွေထဲက ဘယ်သူ ဘယ်လို ဦးဆောင်မှုပေးခဲ့ပါသလဲ ၊ လူငယ်ကျောင်း သားတွေက အတွေ့အကြုံကိုဆရာတင်ရင်း ကိုယ့်ဘာသာ ဦးဆောင်ခဲ့ ကြရတယ် ၊ ၁၉၉၀ မှာ “NLD ကိုဝန်းရံကြ”လို့ ကျောင်းသားတွေကကြွေး ကြော်ခဲ့ကြပြီး စစ်အစိုးရကိုပုံသဏ္ဍန်အမျိုး မျိုးနဲ့တိုက်ပွဲဝင်နေချိန်မှာ ၊ ခေါင်းဆောင်ဆိုသူတွေက ရွေးကောက်ပွဲဝင်ပြီး ကိုယ့်ပါတီ အနိုင်ရရေးပဲလုပ်ခဲ့ကြတယ် ၊ စစ်တပ်က ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ပေးဘို့ အကြောင်းအမျိုးမျိုးပြသွေဖီခဲ့မှုအပေါ် ထိရောက်တဲ့ တောင်းဆိုမှု ၊ တိုက်ပွဲဝင်မှု မလုပ်ခဲ့ကြဘူး ၊ ပြည်သူကိုခေါင်းဆောင်ရမဲ့ လွှတ်တော် ကိုယ်စားလှယ်ဆိုသူအချို့ နယ်စပ်ဒေသ (လွတ်မြောက်နယ်မြေ ) များဆီထွက် လာပြီး အဝေးရောက် အစိုးရအဖြစ်ဖွဲ့စည်းချိန်မှာတော့ မူလထဲက လူငယ်ပိုင်းတွေမို့ အတွေ့အကြုံနည်းပါးမှုကြောင့် ဆုံးဖြတ် ချက်အမှား ၊ လုပ်ရပ်အမှားတွေများစွာရှိနေတဲ့ နယ်စပ်ရောက်ကျောင်းသားခေါင်းဆောင်ဆိုတာတွေမှာ အတုခိုးမှား ပျက်ဆီးစရာတွေဖြစ် လာပါတော့တယ် ၊အဝေးရောက်အစိုးရလို့ပီပြင်အောင် ပြည်သူတွေနဲ့ ဝေးသထက်ဝေးရာ နိုင်ငံပေါင်းစုံ(အထူးသဖြင့်အမေရိကား၊သြစတေးလျား၊နော်ဝေ၊ကနေဒါနဲ့ဂျပန်) ကို ထွက်ခွာသွားကြတာမှာ ကျောင်းသားခေါင်းဆောင်ဆိုသူတွေ ၊ လူထုခေါင်းဆောင်ဆိုသူတွေ ပျက်ဆီး ဘို့လမ်းစဖြစ်ခဲ့တော့တာပါပဲ ၊ နယ်စပ်တွေမှာနေထိုင်သူတွေကလဲ ရပ်တည်ရေး ဆိုတဲ့ခေါင်းစဉ်ပြပြီး ၊ နိုင်ငံရေးအလုပ်ထက် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ကလေး သူငယ် အရေး ၊ အမျိုးသမီးအရေး၊ စသဖြင့် အရေးမျိုးစုံနဲ့ အလှုရှင်တွေအကြိုက်သာ လုပ်ပြရင်း ထိရောက်တဲ့နိုင်ငံရေးအလုပ်တွေနဲ့ဝေး သထက်ဝေးလာပြီး ဇိမ်ခံနေထိုင်မှုတွေ ၊ ကိုယ်ကျိုးစီးပွားနဲ့ မိသားစုဘ၀ဆိုတာတွေထဲမှာပဲ ကျင်လည် နေကြတော့--- ̋ခေါင်းဆောင်ဆိုတဲ့နေရာကို တော်လှန်ရေးအတွက်အနစ်နာခံဘို့ ၊ ဦးဆောင်ဘို့ လိုချင်တာမျိုးထက် ကိုယ်ကျိုးစီးပွားရှာဘို့ အနေချောင်ဘို့ လုနေကြတာမျိုးဖြစ်လာတယ်။̋̋̋

နောက်ပိုင်းမှာ နိုင်ငံရေးအစဉ်လာရှိသူ ၊ ရပ်တည်ချက်ပြတ်သားခိုင်မာသူ ၊ စဉ်းစားမျှော် မြင်မှုနှင့် မဟာမိတ်ဆက်ဆံရေးအားကောင်းသူတွေ ခေါင်းဆောင်ဖြစ်ရမဲ့အစား ငွေရှာ နိုင်သူတွေပဲခေါင်းဆောင် ဖြစ်လာကြပါတယ် ၊ ငွေပေးသူတွေရဲ့သြဇာလွှမ်းမိုးမှုတဖြည်းဖြည်းခံလာရပြီး ငွေနဲ့ အတွေးအခေါ် ခံယူချက်များ လဲကြရတဲ့အခြေအနေတွေဖြစ်လာပါတယ် ၊ ပြည်သူတွေအဘို့ အားကိုးယုံကြည်ရ လောက်တဲ့ ခေါင်းဆောင်ကောင်းမတွေ့ရမှုမှာ လိုက်ပါဘို့မ၀ံ့ရဲတဲ့အခြေနေဖြစ်လာပြီး မဆန့်ကျင်ရဲကြ ပဲ အံကြိတ်ပဲခံနေကြတော့တာမှာ စစ်အာဏာရှင်တွေက အလိုလိုအသာရ ဘို့ဖြစ်လာပါ တော့တယ်။

ဒီနေ့ခေတ်ရဲ့အခြေနေမှန်ကို သေချာပြန်လေ့လာရင် စစ်အာဏာရှင်တွေက ၊ ဗိုလ်ချုပ်ကြီးတွေ ရဲရဲဝံ့ဝံ့ ယူနီဖေါင်းချွတ်ရဲရလောက်အောင် ခေါင်းစဉ်အမျိုးမျိုးတပ်ပြပြီးထင်တိုင်းကြဲနေ လို့ရ နေပါတယ်၊ပြည်သူ တွေက စစ်ဗိုလ်ချုပ်တွေဘာလုပ်မလဲ ၊ အတိုက်အခံတွေဘာလုပ်မ လဲဆို တာထက် ၊ လောလောဆယ် ဘေးကင်းဘို့နဲ့ ထမင်းပုံမှန်စားရဘို့ပဲ စိတ်ဝင်စားကြသူများနေ ပါတယ် ၊စစ်အစိုးရမတရားမှန်းသိနေကြ ပေမဲ့ မဆန့်ကျင်ရဲဖြစ်နေပြိး ၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေဦးဆောင်ခဲ့တာတောင် လိုက်ပါ နိုင်စွမ်းချို့တဲ့နေကြတာ ၊ ဒေါ်အောင်ဆန်း စုကြည်ကိုမတရားအမှုဆင်မှန်းသိကြပါလျက် ရုံးထုတ်ချိန် အင်းစိန်ထောင်ရှေ့သွားရောက် စုရုံးသူ ထောင်ဂဏန်းတောင်မရှိတာ ၊ ၂၀၀၈ မေလဖွဲ့စည်းပုံဆန္ဒခံယူပွဲ မှာ ကြံ့ဖွတ်နဲ့ ရယကတွေ အနိုင်ကျင့်ခြိမ်းခြောက်ထောက်ခံခိုင်းမှန်းသိပေမဲ့ ၊ ဘေးကင်းပြီးရောထောက် ခံခဲ့ကြတာ ၊ ခု၂၀၁၀မှာလဲ မတရားတဲ့ဥပဒေ တွေထုတ် NLD နဲ့ဒေါ်စုကို ရွေးကောက်ပွဲက နေဖယ် ထုတ်တာ ၊ ပါတီဝင်အင်အားတထောင်ပြည့်ရမယ် ၊ ငွေကြေးဘယ် လောက်ရှိရမယ် ဆိုပြီး တခြားပါတီိ တွေကိုကန်ထုတ်တာ ၊ စစ်ဗိုလ်ချုပ်ကြီးတွေအုပ်စုလိုက်ယူနီဖေါင်းချွတ်ပြီး ကြံ့ဖွတ်ကိုပါတီအဖြစ် ပြောင်း ရွေးကောက်ပွဲကိုတဘက်သတ်လုပ်တော့မှာတွေကို သိနေ ကြလျက်နဲ့ မဆန့်ကျင်ရဲငြိမ်နေကြ တာ ပြည်သူတွေရဲ့ ဖိနှိပ်ခံဘ၀မှာနေသား တကျဖြစ် မှုကိုပြနေပါတယ်။

ဒီမိုကရေစိလိုလားသူများဆိုတဲ့ အတိုက်အခံလောကနေသားကျမှုကတော့ အဆိုးဆုံးထင် တာပါပဲ၊ ကိုယ်ပိုင်ဆိုင်ကယ်ကနေ ကားဖြစ်ရေးမှန်းနေကြတဲ့ ၀င်ငွေရအလုပ်တွေ ၊ သားသမီး ကျောင်းပို့ ကျောင်းကြိုအလုပ်တွေ ၊ဆိုင်ကောင်းကောင်းမှာ စားဘို့သောက်ဘို့ပဲအာရုံရှိကြတာ တွေ၊နောက်ထပ် အထောက်ပံ့ဘယ်လိုရမလဲ ပရိုပိုဆယ်ပဲစဉ်းစားရင်း ပြည်သူကိုရော အချင်း ချင်းရော လိမ်နေကြတာ တွေ ၊ ကြေငြာချက်ထုတ်ရုံ ၊ အခန်းနားကျင်းပရုံထက် မပိုတဲ့ လှုပ်ရှားမှုဆိုတာတွေ၊ အဲဒီလိုအခြေအနေ ကိုပဲ တယောက်နဲ့တယောက် ၊ တဖွဲ့နဲ့တဖွဲ့အားပြိုင် ရင်း နေရာလုစားကျက်လု မခေါ်နိုင်မပြောနိုင် လက်တွဲမလုပ်နိုင်ဖြစ်နေတာတွေရိုးအီနေတဲ့ဖြစ် စဉ်တွေထဲမှာ စစ်အာဏာရှင်ကတန်းတူအရေးထား လေးစားရလောက်တဲ့ခေါင်းဆောင် ၊ ကြောက်ရလောက်တဲ့ခေါင်းဆောင်၊ မရှိတော့သလောက်ကို နည်းပါးနေပါပြီ ။

ဗမာပြည် ပြည်တွင်းစစ်ခရီးက ရှည်လှပြီ ၊ ဗမာပြည်ကွန်မြုနစ်ပါတီနှင့်တိုင်းရင်းသားများက စတိုက် ပွဲဝင်ခဲ့ကြသော ပထစခေတ် (၁၉၄၈-၁၉၅၈) ဆယ်နှစ် ၊ အိမ်စောင့်အစိုးရအမည်ခံ စစ်အစိုးရခေတ် (၁၉၅၈- ၁၉၆၀)နှစ်နှစ် ၊ ပါလီမန်ဒီမိုကရေစီခေတ်(၁၉၆၀-၁၉၆၂) ၊ မဆလခေတ် ခေါ်နေ၀င်းခေတ် ၊ စစ်အာဏာရှင်ခေတ် (၁၉၆၂-၁၉၈၈) နှစ်ဆယ့်ခြောက်နှစ် ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ပါဆန့်ကျင်တိုက်ပွဲဝင်နေသော န၀တ/နအဖခေတ်ခေါ် စစ်အာဏာရှင်ခေတ် ၊ နှစ်ပေါင်းများစွာခရီးမှာ ဗမာပြည်သူများကား မွဲသထက်မွဲ ၊ ကမ္ဘာ့တိုးတက်မှုမျိုးစုံအားခံစားခွင့်မရ ၊ နိုင်ငံပေါင်းစုံမှာ ကျွန်လို ထွက်လုပ်မှ လူတန်းစေ့မဲ့ဘ၀မျိုး နိုင်ငံ့ဂုဏ်သရေညှိုးနွမ်းလှပြီ ။

ရပ်ပြစ်ချင်ပါပြီ ၊ လူ့အခွင့်အရေး(အပြည့်အ၀မဟုတ်တောင် ထိုင်းလောက် ၊ အိမ်နီးချင်း နိုင်ငံ တွေ လောက်)ရှိသောအခြေအနေနှင့် ကိုယ့်မြေကိုယ့်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မဲ့အလုပ်တွေ ၊ တည်ဆောက် ရေးလုပ်ငန်းတွေ လုပ်နေချင်ပါပြီ ။ သို့သော် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်း သမျှ မည်သို့ဖြစ်နိုင်ပါ မည်နည်း ။

စစ်အာဏာရှင်စနစ်အမြစ်ပြုတ်တိုက်ထုတ်ဘို့က ခေါင်းဆောင်ကောင်းလိုအပ်ပါသည် ၊ လက်ရှိ ရှိနေ သောခြေနေအရပ်ရပ်အား ဘက်စုံပြုပြင်ပြောင်းလဲနိုင်ရန် လူအများလေးစားအားကိုး

ယုံကြည်ရမည့် ခေါင်းဆောင်ကောင်းလိုနေပါသည် ၊ လက်ရှိအဖွဲ့တဖွဲ့ဖွဲ့တွင် ခေါင်းဆောင် ဟုကိုယ့်ကိုယ်ကိုယ် သတ် မှတ်သူများ သေချာစဉ်းစား ဆုံးဖြတ်ရမဲ့အချိန်ရောက်နေပါပြီ ၊ ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်ကောင်း လား ၊ တော်လှန်ရေးအတွက် ခေါင်းဆောင်နေ ရာထိုက်တန်ရဲ့လား ဆုံးဖြတ်ပြီး ပြတ်ပြတ်သားသား ပူပေါင်းကြ/လမ်းခွဲကြ ရမဲ့အချိန် ရောက်နေပါပြီ….

ဗမာပြည် ပြည်သူအပေါင်းနှင့်တော်လှန်ရေးကြီိးကတော့စစ်မှန်သော ခေါင်းဆောင်ကောင်း အလိုရှိနေပါသည်။

မောင်ချင့်ချိန် ။

No comments: