၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။
၆။ ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဖိုလ်၊ ညောင်ရေသွန်းလောင်းသော ပုဂ္ဖိုလ်။
၇။ ရေတွင်း ရေကန် ရေအိမ် စတုဒီသာ ကျောင်းဇရပ် တံတား ပြုပြင်သောပုဂ္ဖိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်း လောင်လှူသော ပုဂ္ဖိုလ်။
၈။ ရဟန်းတို့အား ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့သော ပုဂ္ဖိုလ်။
၉။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဖိုလ်
အားလုံး ဧကန်မုချ မြေကြီး လက်ခတ်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး နိဗ္ဖာန်ကိုရမယ်။
အရိမေတ္တေယျဘုရား
ကျွန်တော်တို့ဟာ တကယ်လို့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမယ်ဆိုရင် ဟောဒီကမ္ဘာမှာ နောင်ပွင်တော်မူမဲ့ မြတ်စွာဘုရားအကြောင်းကို သိချင်ကြမယ်လို့ထင်ပါတယ် တချို့လည်း သိပြီးဖြစ်နေကြမှာပါ မသိရသေးတဲ့ သူတွေအတွက် ဒီပိုစ့်လေးကိုတင်လိုက်တာပါ ဒီမေးလ်လေးကို ပို့ပေးတဲ့ အရှင်ဝိမလ၀ံသကို အထူးကျေးဇူးတင်ပါသည်ဘုရား။ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျဘုရားရှင် ကို ရှိခိုးကန့်တော့လိုက်ပါတယ် ဘုရား
ကျွန်တော်တို့ နေထိုင်သောဟောဒီကမ္ဘာမှာဘုရားငါးဆူပွင့်မယ်လို့ မှတ်သားကြားသိဖူးပါတယ် အခုဘုရားလေးဆူးပွင့်ထွန်းပြီးပါပြီ နောင်ပွင့်လတ္တံသော မြတ်စွာဘုရားမှာ အရိမေတ္တေယျဘုရားရှင် ဟုသိရပါတယ်။ ဗုဒ္ဓဘာသာတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်းက နိဗ္ဗာန်ဖြစ်ပါတယ် “အလွန်ကြည်ညိုစရာကောင်းသောဘုရားရှင်ရဲ့ တရားတော်အားနာကြားပြီး ရှေ့တော်မှာတင်ကျွတ်တမ်းဝင် နိဗ္ဗာန်စံရမယ်ဆိုရင် အကောင်းဆုံးပေါ့ဗျာ။”
အဲဒီအတွက် ကျွန်တော်တိုဘုရားရှင် ဟေားကြားခဲ့သည့်အတိုင်း လိုက်လုပ်ဖို့ လိုပါတယ် …သုံးချက်ထဲပါ
၁။ မကောင်းမှု ကိုရှောင်ရမယ် ။
၂။ ကောင်းမှု ကိုဆောင်ပြီးအစဉ်ပြုလုပ်နေရမယ် ။
၃။ စိတ်ကို ဖြူစင်အောင်ထားရပါမယ် ။
ဂေါတမ မြတ်စွာဘုရားရှင်က ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတဲ့အချိန် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ အရဟတ္တဖိုလ်ဈာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂတ်ကာလမှာ အရိမေတ္တေယျဘုရား ဖြစ်တော်မူမည့်အကြောင်းကို ဟောကြားတော် မူပါတယ်။ အရိမေတ္တေယျဘုရားလောင်းက တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတွေဖြည့်ကျင့်ပြီး တုသိတာနတ်ပြည်မှာရှိနေမယ်။
နောင်ပွင့်တော်မူမည့်အရိမေတ္တေယျဘုရားရှင်အကြောင်း
အလောင်းတော်နတ်သားက လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။
ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-
(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)
(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း
(၃)ဘုရားပွင့်ရာဒေသကား မဇ္ဈိမဒေသ
(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး
(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း
ပဋိသန္ဓေယူုခြင်း
ကေတုမတီပြည်………..သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဘက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။
ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။
ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး “ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့” ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။
ပြာသာဒ်လေးဆောင်ပေါ်လာခြင်း
အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခံ့ညားသောပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလိမ့်မည်။ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက
ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။
ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး
ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ
ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။
အဇိတမင်းသားအိမ်ထောင်ပြုခြင်း
အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။
သားတော်ဖွားမြင်ခြင်း
အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့
သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။
နိမိတ်လေးပါးမြင်ခြင်း
ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း
နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံးဇနပုဒ်သူ မင်းသားမင်းမြေး သူဌေး သူကြွယ်စသော လူအပေါင်းတို့က ပန်းနံ့သာစွဲလျက် အဇိတမင်းသားကို ခြံရံပြီး
နေကြလိမ့်မယ်။ နတ်ဗြဟ္မာတွေကလည်း နတ်တို့ရဲ့ ထီး တံခွန် ပန်းနံ့သာ ရွှေပေါက်ပေါက် ငွေပေါက်ပေါက် စသည်တို့ဖြင့် ဘုရားလောင်းပြာသာဒ် မိုးကြီးရွာသကဲ့သို့ အပြည့်အလျှံခြံရံခစားနေကြလိမ့်မယ်။ လူ့ဘဝ ကာမဂုဏ်ထဲမှာပျော်အောင်ဖြေဖျော်နေကြတာ။
အဇိတမင်းသားတောထွက်တော်မူခြင်း
အဇိတမင်းသား တောထွက်မယ်ဆိုတဲ့ စိတ်အကြံကို သင်္ခစကြဝတေးမင်းနှင့်တကွ တိုင်းသူပြည်သား လုတွေအားလုံးသိသွားကြတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ အဇိတမင်း တောထွက်မယ်ဆိုတဲ့ သတင်းအသံကို အားလုံးသိသွားကြတော့ နန်းတွင်းသူ နန်းတွင်းသား မြို့သူမြို့သားတွေ တောရွာဇနပုဒ်က လူတွေ မင်းသား မင်းမြေး သူဌေး သူကြွယ်အစရှိတဲ့ လူပေါင်းများစွာနှင့်တကွ စန္ဒမုက္ခီ သားတော် ဗြဟ္မာဝံသ အလုပ်အကျွေးကချေသည်တွေရော အဇိမင်းရဲ့ ပြာသာဒ်ထဲမှာ တောထွက်ရင်လိုက်ဖို့ရာအတွက်ပြည့်လျှံပြီးတော့နေမယ်။ တောထွက်မည့် အချိန်လည်းရောက်ရော လူပေါင်းများစွာပြည့်နေတဲ့ ပြာသာဒ်ကြီးဟာ ဘုရားလောင်းတန်ခိုးတော်ကြာင့်လည်းကောင်း စကြဝတေးမင်းအာဏာကြောင့်လည်းကောင်း နတ်ဗြဟ္မာတို့ တန်ခိုးတော်ကြောင့်လည်းကောင်း ဟသာင်္မင်းပျံသကဲ့သို့ ကောင်းကင်ယံသို့ပျံတက်ပြီး ကံ့ကော်ပင်ရှိရာအရပ်သို့ ကောင်းကင်ယံခရီးဖြင့် တောထွက်သွားကြလိမ့်မယ်။ နတ်ဗြဟ္မာများ ပို့ဆောင်ခြင်း ကောင်းကင်ယံ ဟသာင်္ပျံ ပြာသာဒ်ကြီးကို ဗြဟ္မာမင်းက သုံးယူဇနာ ရှိသောထီးကိုကိုင်ပြီး လိုက်မယ်။ သိကြားမင်းက အတောင်ခြောက်ဆယ်ရှိသော လက်ယာရစ် ခရုသင်းကိုကိုင်လျက် သာဓု သုံးကြိမ်ခေါ်ပြီးလိုက်မယ်။ သုတဝံနတ်သားက သားမြီးယပ်ကိုကိုင်ပြီးလိုက်မယ်။ တုသိတာနတ်သားက ပတ္တမြားယပ်ကိုကိုင်ပြီးလိုက်မယ်။ ပဉ္စင်္သိခနတ်သားက စောင်းကိုကိုင်မယ်။ လောကပါလနတ်သားလေးယောက်က သန်လျက်ကိုကိုင်မယ်။ နှစ်သိန်းရှစ်သောင်းရှိတဲ့ ဘီလူးစစ်သည်တွေက လက်နက်ကိုယ်စီကိုင်မယ်။ နတ်သမီးတွေက ရတနာပုဋောင်းကိုကိုင်မယ်။ အသူရာနတ်တို့က သီချင်းဆိုပြီးတော့ နတ်တို့၏ တံခွန်ကိုကိုင်မယ်။ နတ်မင်းတို့က ပတ္တမြားရှိသော ဆီမီးကိုကိုင်မယ်။ ဂဠုန်တို့က စောင်းတီးလိုက်မယ်။ ဂန္ဓဗ္ဗနတ်တို့က စောင်းတီးပြီးလိုက်မယ်။ ဟသာင်္ပျံကောင်းကင်ပြာသာဒ်ထဲမှာ တောထွက်လို့ လိုက်ကြမည့် ပရိသတ်တွေက ရှစ်သောင်းလေးထောင်တဲ့။ ကောင်းကင်ယံပြာသာဒ်ပျံနဲ့ ဆွေစုံမျိုးစုံ သားနဲ့ မယားနဲ့ ရှစ်သောင်းလေးထောင်ပရိသတ်နဲ့ အခြံအရံနဲ့ ကောင်းကင်ခရီးဖြင့် ကံ့ကော်ပင်ရှိရာသို့ တောထွက်မှာ။ အရိမေတ္တေယျဘုရားရှင်ဟာ ကံ့ကော်ပင်အောက်မှာပွင့်မှာပါ။ ကံ့ကော်ပင်ဆီရောက်တဲ့အခါမှာ အဇိတမင်းသားက ကံ့ကော်ပင်အောက်မှာ ဒုက္ကခရစရိယာကို ကျင့်တော်မူပါမယ်။ အဇိတမင်းသားဟာ ဒုက္ကခရစရိယာကို ခြောက်ရက်ကျင့်တော်မူရုံမျှနဲ့ ဘုရားစင်စစ်ဖြစ်လိမ့်မည်။ စန္ဒမုက္ခီမိဖုရားက အဲဒီနေရာမှာပဲ နတ်သြဇာနဲ့ပြည့်စုံတဲ့ နွားနို့ဆွမ်းလှုလိမ့်မယ်။
သဗ္ဗညုတဥာဏ်ရသည့်အချိန်
ညနေချမ်းအချိန်ရောက်သည့်အခါ ကံ့ကော်ပင်နဲ့ မနီးမဝေး ရတနာခုနစ်ပါးနဲ့ပြည့်စုံတဲ့ အမြင့် ၆၄တောင်ရှိတဲ့ ရွှေပလ္လင်ပေါ်ပေါက်လာလိမ့်မယ်။ ထိုရွှေပလ္လင်အထက်ဝယ် ထက်ဝက်ဖွဲ့ခွေထိုင်နေတော်မူလျက် အရှေ့လောကဓာတ်ကိုကြည့်ပြီး နတ်ပရိသတ်နဲ့ လူပရိသတ်တွေခြံရံလျက် မာရ်နတ်ရဲ့ရန်ကိုအောင်မြင်လိမ့်မယ်။ ညဉ့်ဦးယံမှာ ပုဗ္ဗေနိဝါသနုဿတိဥာဏ်ကိုရမယ်။ သန်းခေါင်ယံအချိန်မှာ ဒိဗ္ဗစက္ခုဥာဏ်ကိုရမယ်။ မိုးသောက်ယံအချိန် အာသဝက္ခယဥာဏ်တွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့ သစ္စာလေးပါးကိုသိပြီး သဗ္ဗညုတဥာဏ်ကိုရမယ်။
ဘုရားပွင့်တဲ့ကံ့ကော်ပင်ရဲ့ လုံးပတ်က အဲဒီခေတ်အခါမှာ လူတွေရဲ့ အတောင်နဲ့ အတောင်ခုနစ်ဆယ်ရှိမယ်။ အကိုင်းအခက် ကိုးကိုင်း ခက်မကိုးဖြာလို့ခေါ်တယ်။ ကံ့ကော်ပင်ရဲ့ အနံ့တွေက လေအောက်ကိုဆယ်ယူဇနာ လေအထက်ကို ဆယ်ယူဇနာမွှေးမယ်။ ကံ့ကော်ပွင့်တွေက နွားလှည်းဘီးလောက်ကြီးမယ်။ ဘုရားဖြစ်တဲ့နေ့ကစပြီး ပွင့်ကြတဲ့ ကံ့ကော်ပွင့်တွေဟာ ဘုရားပရိနိဗ္ဗာန်စံတဲ့နေ့ကျမှ ကြွေကြတော့မှာ။ အဲဒီကံ့ကော်ပင်ကို ဘယ်ငှက်မှ မနားဝံ့ကြဘူး။ ဖြတ်ကျော်မပျံ့ဝံ့ကြဘူး။ ကံ့ကော်ပင်းနားရောက်တဲ့ငှက်တိုင်း သတ္တဝါတိုင်း ကံ့ကော်ပင်ကို လက်ယာရစ်သုံးပတ်ပတ်ပြီးမှ သွားကြလိမ့်မယ်။ ဗြဟ္မာမင်းက တရားဟောရန် တောင်းပန်ခြင်း အဲဒီကံ့ကော်ပင်ရဲ့ အနီးအနားမှာပဲ သီတင်းသုံးနေတဲ့အချိန် လေးဆယ့်ကိုးရက်ကျော်လွန်တဲ့အခါ ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ထုံးတမ်းအစဉ်အလာအရ ဗြဟ္မာမင်းကြီးရဲ့လောကဂရုကို ခံယူမယ်။ ဗြဟ္မာမင်းကတောင်းပန်မှ တရားဟောရတာက ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တိုင်းရဲ့ ဓမ္မတာဖြစ်လို့ ဟောရတာ။ ဘုရားမပွင့်မီ ဗာဟိရကာလမှ လူဝတ်ကြောင်များ ရသေ့ ပရိဗိုဇ် ရဟန်း ပုဏ္ဏားတို့တွေဟာ ဗြဟ္မာတွေကိုသာ အလေးဂရုပြု ကိုးကွယ်နေကြတာ။ တလောကလုံးက အလေးအမြတ်ပြုသော ဗြဟ္မာကြီးက မြတ်စွာဘုရားအား အလေးပြု ညွှတ်တွားကိုင်းရှိုင်းလာလျှင် တစ်လောကလုံးပင် မြတ်စွာဘုရားကို အလေးပြုညွှတ်တွားကိုင်းရှိုင်းလာလိမ့်မယ်။ အဲဒါကို လောကဂရု ယူလိုက်တာလို့ခေါ်တယ်။
ဓမ္မစကြာတရားဟောကြွခြင်း
ဗြဟ္မာမင်းထံမှ တရားဟောရန်ဝန်ခံပြီးပြီဆိုလျှင်ပဲ ဣသိပတနဥယျာဉ်တောသို့ ဓမ္မစကြာတရားဟောဖို့ရန်ကြွလိမ့်မယ်။ ဘုရားရှင်ခြေတော်အစုံကို ခံအံ့သောငှာ မြေကြီးကိုခွင်းပြီး အတောင်သုံးဆယ်ရှိတဲ့ ကြာပွင့်ကြီး ၂၄ တောင်ရှိတဲ့ ကြာပွင့်ငယ်တွေက ဘုရားရှင်ခြေချတိုင်း ခြေချတိုင်း ပွင့်ပေးလိမ့်မယ်။ လူပရိသတ် ရှစ်ယူဇနာ နတ်ပရိသတ် စကြာဝဠာတိုက်အပြည့် ဗြဟ္မာပြည်အထက်ဆုံး အကနိဋ္ဌဘုံတိုင်အောင် ပရိသတ်တွေကို ထန်းသီးလုံးလောက်ကြီးသော ရောင်ခြည်တော် ခြောက်ပါးလွှတ်ပြီး ဓမ္မစကြာတရားဟောတဲ့အခါမှာ လူပုဂ္ဂိုလ် ကုဋေတစ်သိန်း နတ်ဗြဟ္မာတွေက ကုဋေတစ်သိန်း ကျွတ်တမ်းဝင်ကြလိမ့်မယ်။
ဘုရားရှင်၏တန်ခိုးတော်
ဘုရားရှင်၏တန်ခိုးတော်ကြောင့် ရွှေပန်းဆိုင်း ငွေပန်းဆိုင်း ပုလဲပန်းဆိုင်း သန္တာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်လျက် ရတနာခုနစ်ပါးနှင့် ပြည့်စုံပြီး ဆယ့်နှစ်ယူဇနာကျယ်ဝန်းတဲ့ ဗိမာန်မျက်နှာကျက်သည် ဓမ္မစကြာတရားဦးဟောသည့်နေ့မှစပြီး ပရိနိဗ္ဗာန်ဝင်စံသည့်တိုင်အောင် နေ့ညအမြဲပင်လိုက်ပါပြီး မျက်နှာကျက်အဖြစ် မိုးကာပြီးနေမယ်။ အရိမေတ္တေယျဘုရား နေသန့်စင်သောအခါ နေဖို့ရာအတွက် မြေကြီးတို့ကိုခွဲပြီး ရတနာသုံးပါးနှင့်ပြည့်စုံသော ၁၂ ယူဇနာကျယ်ဝန်းတဲ့ ရွှေမဏ္ဍပ်ကြီးပေါ်ပေါက်လိမ့်မယ်။ ဘုရားရှင်တန်ခိုးတော်ကြောင့် မိတာန်ပန်းဆိုင်း တုရင်တိုင် ထီး တံခွန် ဆီမီး တန်ဆောင်း ရတနာမဏ္ဍပ်ကြီးဟာ ဘုရားရှင်တရားဟောရာ ဌာနတိုင်းမှာ အိမ်မှာဟောမယ်ဆိုရင် အိမ်ပေါက်ဝ ကျောင်းမှာဟောမယ်ဆိုရင် ကျောင်းပေါက်ဝ မြို့မှာဟောမယ်ဆိုရင် မြို့မှာ တောမှာဟောမယ်ဆိုရင် တောမှာ စတဲ့ ဟောတဲ့နေရာတိုင်းမှာ ကောင်းကင်ယံကနေပြီး အမြဲတမ်း ပရိနိဗ္ဗာန်စံအထိ လိုက်ပါနေမှာ။
ရုပ်မြင်သံကြားမေတ္တေယျဘုရား
အရိမေတ္တေယျဘုရား တရားဟောတဲ့အခါ ဘယ်မြို့ ဘယ်ဒေသ ဘယ်အရပ် ဘယ်ရွာဒေသ ဇနပုဒ် အိမ်ကပဲဟောဟော စကြဝဠာတိုက်တစ်သောင်းလုံး ဘုရားရှင်ရဲ့ တရားဟောအသံကိုကြားနေရမယ်။ ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကိုလည်းမြင်နေရမယ်။ ရုပ်လည်းမြင်ရမယ် အသံလည်းကြားရမယ်။ မမြင်ချင်လို့ မျက်စိမှိတ်ထားလည်း မရဘူး။ မကြားချင်လို့နားပိတ်ထားလည်းမရဘူး။ ဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ၃၁ ဘုံအကာအရံမရှိ ဖီလာထုတ်ချင်းပေါက်မြင်ကြရမှာ။ အပေါ်ကြည့်ရင် နတ်သား နတ်သမီး ဗြဟ္မာတွေမြင်ရမယ်။ အောက်ငုံ့ကြည့်ရင် ငရဲပြည်မှာ ခံစားနေရတဲ့ ငရဲဒုက္ခမျိုးစုံကိုမြင်ရတော့ ငရဲရောက်အောင် အကုသိုလ်တွေပြုရဲဖို့မရှိတော့ဘူး။ အရိမေတ္တေယျဘုရားရှင်ရဲ့တန်ခိုးတော်ကြောင့် ယောကျာ်းဆိုရင် နတ်သားလို မိန်းမဆိုရင် နတ်သမီးလို ချောမောလှပတွေချည်းဖြစ်ရာ ရုပ်မချော အင်္ဂါမစုံတစ်ယောက်မှမရှိ။ အကုန်းအကွ အကန်း အနူအဝဲရောဂါသည်တွေ လုံးဝမရှိ။ အသက်ငါးရာပြည့်တဲ့အရွယ်ရောက်ရင် အမျိုးသား အမျိုးသမီးတွေ အိမ်ထောင်ပြုကြလိမ့်မယ်။ ဇနီးမောင်နှံနှစ်ဦး ခိုက်ရန်ဒေါသမရှိ ပြဿနာမရှိ ကွဲကွာသွားခြင်းလည်းမရှိ။ အမြဲအဆင်ပြေမယ်။ ရာသက်ပန်ပေါင်းသင်းရမယ်။ အမျိုးသမီးတိုင်းမှာ ပတ္တမြားနားတောင်း လက်စွပ် လက်ကောက် ခြေကျင်းစသည်တို့ဟာ ရွှေအိုးကြီးတွေထဲက ကြိုက်နှစ်သက်ရာ ယူဝတ်ကြမှာ။ ရွှေမဝတ်နိုင်တဲ့သူမရှိဘူးတဲ့။ စားစရာပဒေသာပင်တွေမှာ ယူစားချင်တဲ့အချိန်ယူစားလို့ရတယ်။ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင်လည်း ဘာရောဂါမှကိုမရှိဘူး။ နေ့ညခွဲမရ အရိမေတ္တေယျဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ကမ္ဘာလောကြီးဟာ နေ့အခါ ညအခါရယ်လို့မရှိ နေ့ရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့ မနက်ပွင့်တဲ့ပန်း ညပွင့်တဲ့ပန်း မနက်ပန်း ညပန်း ကြက်တွန်သံတွေကို ကြည့်ရှုနားထောင်ပြီး နေ့ညခွဲယူရလိမ့်မယ်။ ပရိနိဗ္ဗာန်စံမည့်အရွယ် မြတ်စွာဘုရားရှင်ဟာ ဘုရားဖြစ်တော်မူပြီးတဲ့အချိန်ကစပြီး ကုဋေခုနစ်ရာသော ပရိသတ်တို့ကို ချေချွတ်တော်မူပြီးလျှင် အနှစ်ရှစ်သောင်းပြည့်တဲ့အချိန်မှာ
ပရိနိဗ္ဗာန်စံဝင်လိမ့်မယ်။ ဒါပေမယ့် သာသနာတော်က အနှစ်နှစ်သိန်းခြောက်သောင်း ပြည့်တဲ့အခါ ဘဒ္ဒကမ္ဘာကြီးသည် အချိန်တန်လျှင် ပျက်ပြီး ကမ္ဘာတစ်သိန်းကာလလုံး ဘုရားမပွင့်တော့ဘူးတဲ့။ ဘုရားမပွင့်တဲ့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ မဏ္ဍကမ္ဘာဖြစ်ပြီးတော့ ဥတ္တရာမမင်းသည် ရာမသမ္ဗုဒ္ဓဘုရားဖြစ်လိမ့်မယ်။ ပသေနဒီကောသလမင်းက ဓမ္မရာဇာဘုရားဖြစ်လိမ့်မယ်။ အဲဒီ မဏ္ဍကမ္ဘာမှာဘုရားနှစ်ဆူပွင့်ပြီးပျက်စီးသွားတဲ့အခါ သာရကမ္ဘာဖြစ်ပေါ်ပြီး အဘိဘူဘုရားတစ်ဆူသာပွင့်လိမ့်မယ်။ သာရကမ္ဘာပျက်ပြီး ကမ္ဘာတစ်သိန်းဘုရားမပွင့်ဘဲနေပြီးတော့ ကမ္ဘာတစ်သိန်းကျော်လွန်သောအခါ ဖြစ်ပေါ်လာမယ့် ကမ္ဘာများမှာ ဒီဃသောနိအသူရိန်နတ်သား စန္ဒနီပုဏ္ဏား၊ သုဘလုလင် တောဒေယျပုဏ္ဏား ၊ နာဠာဂီရိဆင်မင်း ပလလေယဆင်မင်းတို့ အစဉ်အတိုင်း ဘုရားဖြစ်လိမ့်မယ်။ အရိမေတ္တေယျဘုရားဖူးမြော်ရန် ပြုလုပ်ရမည့်ကုသိုလ် ယခုကြုံတွေ့နေရတဲ့ ဂေါတမမြတ်စွာဘုရား သာသနာကာလအတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ် ပဋိပတ် သာသနာပြုနေတဲ့ပုဂ္ဂိုလ် မိမိရင်မှဖြစ်တဲ့သား သူတစ်ပါးရင်မှဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း ရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ် မိခင်ဖခင်ကျေးဇူးရှင်တွေကို ဝတ်ကျေတမ်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါပြုစုလုပ်ကျွေးသောပုဂ္ဂိုလ် သရဏဂုံသီလမပြတ်ဆောက်တည်သောပုဂ္ဂိုလ် ဘုရားသာသနာတည်စိမ့်သောငှာ စေတီပုထိုး စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဂိုလ် အသစ်ဆောက်လုပ်လှုဒါန်းတဲ့ပုဂ္ဂိုလ် ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ် ညောင်ရေသွန်းလောင်းသောပုဂ္ဂိုလ် ရေတွင်း ရေအိုင် ရေကန် စတုဒိသာကျောင်းဇရပ် တံတာြး့ပုပြင်သောပ္ဂိုလ် အရုဏ်ဆွမ်း နေ့ဆွမ်းမပြတ်လောင်းလှုသောပုဂ္ဂိုလ် ရဟန်းတို့အားပစ္စည်းလေးပါးတို့ဖြင့်ထောက်ပံ့လှုဒါန်းသောပုဂ္ဂိုလ် ကမ္မဌာန်းဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်…. အဲဒီ ပုဂ္ဂိုလ်တွေအားလုံး ဧကန်မုချ မလွဲမသွေ မြေကြီးလက်ခတ်မလွဲ အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ရပြီး နိဗ္ဗာန်ကိုရမယ်။ အဲဒါက ဂေါတမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေဖြစ်ပါတယ်။
အရိမေတ္တေယျမြတ်စွာဘုရားလောင်းပြောပြခဲ့တဲ့ ကုသိုလ်တွေကတော့….. မဟာဝေသန္တရာဇာတ်တော်ကို နေ့ချင်းကုန်အောင်နာကြားကြသောသူတို့သည် ကျွန်ုပ်ဘုရားမဖြစ်မီအကြား သံသရာ၌ ကျင်လည်လေသမျှမှာလည်း စိတ်နှင့်ကိုယ်ကို အစိုးရ၍ လူကောင်း နတ်ကောင်း စည်းစိမ်ကောင်းကို ခံစားရပြီး ကျွန်ုပ်ဘုရားဖြစ်သောအခါ ရှေးဦးစွာ ဖူးတွေ့ရ၍ ပဋိသမ္ဘိဒါပညာလေးပါးနှင့်တကွ ရဟန္တာအဖြစ်ကို မချွတ်မလွဲရနိုင်ပါလိမ့်မယ်လို့ ရှင်မာလဲမထေရ်မြတ်အား အရိမေတ္တေယျမြတ်စွာဘုရားလောင်းက ပြောပြတော်မူခဲ့ပါတယ်။
Friday, July 30, 2010
Tuesday, July 20, 2010
Sunday, July 18, 2010
၆၃ နှစ်မြောက် အာဇာနည်နေ့
၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် (၉)ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရသည်။ အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ် သက်မှတ်ပြီး အောက်မေ့ဘွယ်အခမ်းအနားများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။
အာဇာနည်များ
ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ်
မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးချုပ်၊ ၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန် (၁၃)ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။
ဒီးဒုတ်ဦးဘချို (၅၄) နှစ်
စာရေးဆရာ၊ သတင်းစာဆရာနှင့် ဒီးဒုတ်ဂျာနယ်၏ အယ်ဒီတာ၊ ပြန်ကြားရေးဝန်ကြီး၊ သူ့အသက်အရွယ်နှင့် ဦးနှောက်ထဲ ဝင်သွားသော ကျည်ဆန်အပါအဝင် ကျည်ဆန် (၅) ချက်ရရှိသည့်တိုင် နေ့လယ်ပိုင်းအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အသက်ရှင်လျက် ရှိနေသေးသည်။
သခင်မြ (၄၉) နှစ်
လူငယ်ခေါင်းဆောင်များကြားတွင် အသက်အရွယ်ကြီးရင့်သော နိုင်ငံခေါင်းဆောင်၊ ဘဏ္ဍာရေးဝန်ကြီး၊ အဆုတ်ကို ထွင်းဖောက်သွားသော သေနတ်ဒဏ်ရာဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးသည်။
ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်
မန္တလေးမြို့ မူဆလင်ခေါင်းဆောင်၊ ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး၊ ဒဏ်ရာ (၆)ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
ဦးဘဝင်း (၄၆) နှစ်
ဦးအောင်ဆန်း၏အစ်ကို၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီး၊ ကျည်ဆန်ဒဏ်ရာ (၈) ချက်ရရှိပြီး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
မန်းဘခိုင် (၄၃) နှစ်
ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅)ချက်ထိမှန်ခဲ့သည်။ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။
စပ်စံထွန်း (၄ဝ) နှစ်
ရှမ်းပြည်နယ်မှ မိုင်းပွန်စော်ဘွားကြီး၊ နယ်ခြားဒေသဆိုင်ရာ အတိုင်ပင်ခံဝန်ကြီး၊ ဦးခေါင်းတွင် ဒဏ်ရာ (၂) ချက်ရရှိပြီး (၂ဝ) ရက်နေ့ မွန်းတည့်ချိန်တွင် ရန်ကုန်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားသည်။
ဦးအုန်းမောင် (၃၄) နှစ်
သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန၊ ဒုတိယအတွင်းဝန် (I.C.S)အစီရင်ခံစာတခုကို လာရောက်တင်သွင်းနေစဉ် လူသတ်သမားများ၏ ကျည်ဆန်များ ထိမှန်သွားခြင်းခံရသည်။ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသည်။
ကိုထွေး (၁၈) နှစ်
ဦးရာဇတ်၏သက်တော်စောင့်၊ မန္တလေးအနီးရှိ တောင်ပြင်သိပ္ပံရပ်မှ မွတ်စလင်လူငယ်တဦးဖြစ်သည်။ အစည်းအဝေးခန်းမတွင်းမှ သေနတ်သံများကြားရသဖြင့် အနီးရှိရုံးခန်းမှ ပြေးထွက်လာစဉ် ဆုတ်ခွာပြေးသွားနေသော လူသတ်သမားများ၏ ပစ်ခတ်ခြင်းကို ခံရသည်။ ဒဏ်ရာ (၄)ချက်ရရှိပြီး ဆေးရုံတွင် သေဆုံးသည်။
လူသတ်သမားများ
ဦးစော
၁၉ဝဝ ပြည့်နှစ်တွင် သာယာဝတီမြို့၌ မွေးဖွားသည်။ လူသတ်သမားများ၏ ခေါင်းဆောင်ဟု အစွပ်စွဲခံရသူ၊ သမ္ဘာရင့် လက်ျာနိုင်ငံရေးသမားဖြစ်ပြီး ဦးအောင်ဆန်း၏ အဓိကပြိုင်ဘက်ဖြစ်သည်။ သူရိယသတင်းစာကို စတင်ထူထောင်သူနှင့် မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်သည်။ ၁၉၄ဝ ခုနှစ်၊ စက်တင်ဘာလမှ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလအထိ နန်းရင်းဝန်၊ ၁၉၄၂ မှ ၁၉၄၆ အထိ ယူဂန္ဓာပြည်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင်ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သူဖြစ်၍ ဦးအောင်ဆန်းနှင့် သူ့အမှုဆောင်ကောင်စီ လုပ်ဖော်ကိုင်ဖက်များအား သတ်ဖြတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်တွင် အဖမ်းခံရလျက်၊ စွဲဆိုထားသည့်အတိုင်း အပြစ်ပေးခံရပြီး၊ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ ကြိုးပေးခံရသည်။
မောင်စိုး (သေနတ်သမား)
မင်းလှမြို့မှ ဂဠုန်တပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဦးစော၏ အနီးကပ် နောက်လိုက်ဖြစ်၍ သူ့ခြံအတွင်း၌ စောစီးစွာကပင် နေထိုင်ခဲ့သူဖြစ်သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီ ရင်ခံရသည်။
သက်နှင်း (သေနတ်သမား)
ကျိုက်လတ်မြို့မှ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး ယင်းမြို့ မျိုးချစ်ပါတီ၏ အတွင်းရေးမှူးဖြစ်သည်။ ဦးစောကို အထူးကြည်ညိုပြီး လုံးဝဥဿုံယုံကြည်ကိုးစားသူဖြစ်သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ် မေလ (၈) ရက်နေ့တွင်ပင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။
မောင်စိန် (သေနတ်သမား)
ကြို့ပင်ကောက်မြို့မှဖြစ်၍ စစ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့တပ်မတော်သားဖြစ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ သူ့မိဘများမှာ မျိုးချစ်ပါတီကို လိုလားနှစ်သက်သူများဖြစ်၍ သူ့ကို ဦးစော၏ နောက်လိုက်ဖြစ်ရန် သိမ်းသွင်းဆွဲဆောင်ခဲ့ကြသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။
ရန်ကြီးအောင် (သေနတ်သမား)
အသက် (၁၈)နှစ်သာရှိ၏။ အသက်အငယ်ဆုံး သေနတ်သမားဖြစ်သည်။ ဦးစော တဝမ်းကွဲညီ၏သားဖြစ်သည်။ စတုတ္ထမြောက်သေနတ်သမား။ လိုအပ်လာသည့် နောက်ဆုံးအချိန်ကျမှ သူ့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ၏ တဇောက်ကန်းအကျင့်ကြောင့် သေနတ်သမားအဖြစ် အံဝင်ခွင်ကျဖြစ်ခဲ့သည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ရန်ကုန်အကျဉ်းထောင်၌ သေဒဏ်အစီရင်ခံရသည်။
သုခ
လူသတ်သမားများအား အတွင်းဝန်ရုံးသို့ ဂျစ်ကားဖြင့် မောင်းပို့ပေးခဲ့သူဖြစ်သည်။ ရန်ကုန်မြို့ရှိ အစိုးရအထက်တန်းကျောင်းမှ (၉) တန်းအောင်မြင်ခဲ့သည်။ စစ်ပြီးနောက် ကျိုက်လတ်မြို့ ဖဆပလအဖွဲ့၏ ငွေထိန်းဖြစ်ပြီး ကုန်သည်တဦးဖြစ်သည်။ သက်နှင်းက သူ့ကို ဦးစောနှင့် မိတ်ဆက်ပေးခဲ့သည့်အပြင် မျိုးချစ်ပါတီတွဲဖက်အတွင်းရေးမှူးအဖြစ် စာရင်းတင်ပေးခဲ့သည်။ ဦးစော၏ ခြံဝင်းသို့ လုပ်ကြံမှုမတိုင်မီ နောက်ဆုံးရောက်ရှိလာသူဖြစ်သည်။ သေဒဏ်ပေးခံရသော်လည်း ကြိုးပေးမည့်နေ့ မတိုင်မီနေ့ ညနေပိုင်းတွင်မှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရသည်။
ခင်မောင်ရင်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့စီးသော ဖို့ဒ်ဆန်ထရပ်ကားကို မောင်းသူဖြစ်သည်။ ဦးစောဇနီးသည်၏ တူတော်သည်။ ဝန်ကြီးအဖွဲ့အစည်းအဝေးထိုင်နေကြောင်း လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပြီး လူသတ်သမားများ ထွက်ခွာလာရန် အချက်ပြခဲ့သည်။ သေဒဏ်အပေးခံရသော်လည်း နောက်ပိုင်းတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရသည်။
မောင်နီ
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့် လိုက်ပါသွားခဲ့သည်။ လူသတ်သမားများ ထွက်အပြေးတွင် လွတ်မြောက်နိုင်ရန် အကူအညီပေးရေးအတွက် ခြောက်လုံးပြူးသေနတ်တလက်ဖြင့် အတွင်းဝန်များရုံး အထွက်ဂိတ်ပေါက်မှ စောင့်နေခဲ့ရသည်။ သေဒဏ်အပေးခံရသော်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂ဝ) သို့ လျှော့ချခြင်းခံရပြီး ယင်းသတင်းကို သုခနှင့်တပြိုင်နက်တည်း အသိပေးခံခဲ့ရသည်။
မှုန်ကြီး
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့နှင့် လိုက်ပါသွားခဲ့သည်။ အုတ်ဖိုမြို့အနီးမှ ကျေးရွာသားဖြစ်ပြီး အလုပ်ကြမ်းသမားတဦးဖြစ်သည်။ ဦးစောက သူ့ကို အစေခံတဦးကဲ့သို့ ခိုင်းခဲ့သည်။ ဝန်ကြီးအဖွဲ့စည်းဝေးနေကြောင်း လူသတ်သမားများကို သူက အချက်ပြခဲ့ရသည်။ သေဒဏ်ပေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် အင်းစိန်ထောင်၌ သေဒဏ်အစီရင်ခံရသည်။
ဘညွန့်
ကြံရာပါတဦးဖြစ်၍ ရှေ့ပြေးအဖွဲ့တွင် ပါဝင်သည်။ ဦးစော၏လူယုံတော် အဓိက နောက်လိုက်ခေါင်းဆောင်ဖြစ်ပြီး သူတဦးသာ ဦးစော၏အိမ်အတွင်း နေထိုင်ခွင့်ရသည်။ အသိဉာဏ်ရှိ၍ အိုးသည်ကုန်းတရားရုံးတွင် စာရေးဖြစ်ခဲ့သည်။ သခင်နုအားသတ်ရန် တာဝန်အပေးခံရသည်။ ဘုရင့်သက်သေ (ဖော်ကောင်) အဖြစ် ဘက်ပြောင်းထွက်ဆိုရန် သဘောတူခဲ့သူဖြစ်သည်။ ထို့ကြောင့် အခြေအနေအရ သူ့အား အပြစ်မှခွင့်လွှတ်မှု အပေးခံရလျက် အလုပ်ကြမ်းနှင့် ပြင်းထန်သောထောင်ဒဏ် (၁ဝ) နှစ်နှင့် (၆) လ ချမှတ်ခံခဲ့ရသည်။
မှတ်ချက်။ ။
ဦးခင်အောင်ရေးသားသော“ဗိုလ်ချုပ်အောင်ဆန်းကိုဘယ်သူသတ်သလဲ”စာအုပ်မှကောက်နုတ်တင်ပြသည်။
မူရင်း http://www.khitpyaing.org/index.php

ဦးအောင်ဆန်း၏နောက်ဆုံးနေ့၊
ရေး - ဒဂုန်တာရာ
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာမမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသောပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ်စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန်(ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထား သည်။
၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကိုစပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင် သင့် တွေ့ သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါ လာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာလိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှသည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။
ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။
ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။
သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။
ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရ သည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။
ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ် ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။
ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည် ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက် တော့ဘဲ ဆင်ဝင်အောက်မှဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ၊
လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း ဆွဲပိတ်၍ထားသည်။ သခင်နု၏ရုံးခန်းကိုကျော်၍ဇော်ဂျီ၏အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာ လည်း တံခါး ပိတ်ထားပြီး ခန်းဆီးအစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလိုစကားပြောမနေကြ။ သူတို့သည်ငေးမှိုင်တွေဝေ၍ တမျိုးကြီးဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။
ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်းအသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့တဖန်လှည့်၍ ‘‘အထဲမှာအစည်းအဝေးလုပ်နေသလား’’ ဟု မေးရသည်။
ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီးအတွင်းသို့ ၀င်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။
ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက် ဖြင့် ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာတိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလိုအုံ့မှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက်ရှိသည်။
အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိသေးသဖြင့် ကြောင်နေရာ သူကအကဲခတ်မိ၍ နေရာမှထကာလက်ပြ၍ အပြင်သို့ခေါ်ခဲ့သည်။ ကျနော်သည်ထိက်ကနဲဖြစ်သွားသည်။
‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’
မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။
‘‘မင်း မကြားသေးဘူးလား’’ဟု ဇော်ဂျီက အံ့သြနေသည်။
‘‘ဟင့်အင်း … ကျနော်အခုပဲ ဘတ်စ်ကားပေါ်ကဆင်းပြီး ရုံးကိုတန်းလာတာ’’
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်း အတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေးပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအားစတင်းဂန်းဖြင့်ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။
ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ်တုန်လာ သည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာစားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာအတွင်းဝန် ကိုကျော်မြင့် ကလေး က လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။
‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည်ငြီးတွားလျက်ရှိကြသည်။
ဇော်ဂျီက ‘‘အမျိုးသားပျက်စီးခြင်းတရပ်ပဲ’’ ဟု တသသပြောသည်။
‘‘ကျနော် ရုံးဝင်းထဲဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကိုတွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကိုမတားကြ ဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး ၁ ယောက်နဲ့တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’။
‘‘လူတွေဟာမပြောရက်ကြဘူး’’ ဟု ဇော်ဂျီကဆိုလေသည်။
လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံကပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က ၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှ တပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။
‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။
‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’
ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း(ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။
လူတယောက်က ကျနော်၏ လက်မောင်းကိုဆွဲကိုင်၍ ‘‘ဒီမယ်… ခုနက၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလားခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူးရင်းအသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက် သည်။ ကားသည် လမ်းမတော်ဘက်သို့ပြေးလျက်ရှိသည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာမကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက်ရှိသည်။
ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍ နေသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦး က‘‘အားကီး ရက်စက်တာပဲ’ဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စ် ကား ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်းပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန်သွားလာနေကြသည်။
ကားလမ်းပေါ်မှဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့်ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။
လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။
မည်သူ့မျက်နှာကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာ တဦး၏ မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ဟူသောအသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။
တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။
ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍နောက်ဖေး ထကြ ပြန်သည်။
တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့်ဆိုကြသည်။ တရေးနိုးတိုင်းသတိရလျက် ရှိသည်။ မကြာခဏအိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့်ထိုညကို လွန်မြောက်ရသည်။
၁၉၄၇
သြဂုတ်လ
“အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အို” စာအုပ်မှ

Friday, July 16, 2010
နှလုံးသား သံစဉ်
သက်ဝေ
ရန်ကုန်လေဆိပ် ပြည်ပထွက်ခွာနေရာတွင် ဖြစ်ပါသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ကျော်ပြီး ခရီးသည်များ နားနေ စောင့်ဆိုင်းရာနေရာကို တစ်လှမ်းချင်း လျှောက်လှမ်း ဝင်ရောက် ပျောက်ကွယ်သွားသော သားဖြစ်သူ၏ကျောပြင်ကို ကြည့်ရင်း မျက်ရည်ကြည်များ ရစ်ဝိုင်းနေသော ဖခင်တစ်ယောက်၏ သာမန်ထက်ပိုသောခံစားချက်တို့ကို နှစ်သိမ့်ရန် စကားလုံးများ စီစဉ်နေမိပါသည်။
တည်ကြည် ရိုးဖြောင့်သော၊ အနေအစား ဆင်းရဲခဲ့သော်လည်း မိမိ၏လိပ်ပြာကို မိမိကိုယ်တိုင် လုံလုံလဲလဲရှိခဲ့သော၊ နှစ်ပေါင်းသုံးဆယ်နီးပါး သာမန်အစိုးရ ဝန်ထမ်းဘဝကို ရောင့်ရဲတင်းတိမ်စွာဖြင့် ဖြတ်သန်းလာခဲ့ပြီး လက်ရှိ အငြိမ်းစားဘဝရောက် ဖခင်တစ်ဦး နှင့် ငယ်ရွယ်ပြီး နုနယ်ပျိုမြစ်သော သွက်လက်တက်ကြွသော၊ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုသော၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကာ စီးပွားရှာပြီး မိဘကို မတောင့်မတ မကြောင့်မကျ အခြေအနေမျိုးတွင် ထားသော်လည်း အရာရာကို အလေးအနက်မထားတတ်သော ပေါ့ပေါ့တန်တန် ခပ်မိုက်မိုက် ဂျစ်ကန်ကန် လူငယ်လေး တစ်ယောက်… ထိုသူနှစ်ယောက်၏ကြားတွင် အရာရာကို စိတ်အေးချမ်းသာစွာ အဆင်ပြေပြေဖြစ်အောင် ကြားဝင်ဆောင်ရွက်ပေးရမည့်သူမှာ ကျွန်မ ဖြစ်နေလေသည်။
ထိုညက ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည့်အတိုင်း စကားပြောရန် ကျွန်မ၏အားလပ်ချိန်ကို စောင့်နေသူ ကျွန်မ၏ ဦးလေးအတွက် ကျွန်မ အဆင်သင့်ဖြစ်နေခဲ့ပါသည်။ နှစ်သိမ့်စရာ ပြေလည်စရာ ပြောစရာစကားများ စီတန်းရှာဖွေထားခဲ့သော်လည်း တကယ်တမ်းမှာ ကျွန်မသည် နားထောင်သူ တစ်ယောက် သက်သက်သာ ဖြစ်နေခဲ့ပါသည်။
“ဦးဦး… သား ပြန်သွားလို့ ပျင်းနေပြီ ထင်တယ်…”
ရေနွေးကြမ်းအိုးထဲမှ ရေနွေးကြမ်း တစ်ခွက်ကို ငှဲ့ကာ ကမ်းပေးလိုက်ရင်း ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ထို စကားတစ်ခွန်းနှင့် ကျွန်မ အစပြုလိုက်ပါသည်။
“အင်း… တစ်ခေါက်တော့ ပြန်သွားလေပြီပေါ့ကွာ… မပြန်မချင်းလဲ သူ့အတွက် စိတ်က မဖြောင့်ဘူး… လူကြီးနဲ့ လူငယ်တွေကြား ဖြစ်တတ်တဲ့ မျိုးဆက် ကွာဟမှု တခုလို့ပဲ ပြောရမယ် ထင်ပါတယ်… အတတ်နိုင်ဆုံး နားလည်ပေးဖို့ ကြိုးစားပေမယ့် တော်တော်တော့ ခက်တယ်။ ကိုယ်က မွေးထားတဲ့သား ဆိုပေမယ့် တကယ်တမ်း ပြောကြဟေ့ ဆိုပြန်တော့လဲ ပြောမထွက်ဘူး…”
“သူ့ကို ပြောရမှာကလဲ… ကိုယ်က သူ့ရဲ့ သိတတ်မှုအပေါ် မှီခိုနေထိုင်နေရတာဆိုတော့ ဟိုးအရင်က ဆရာတစ်ယောက် သူ့တပည့်တွေကို ဆုံးမသြဝါဒစကား ပြောဖူးသလို ဟေ့ကောင်တွေ… အလုပ်လဲ ပြီးအောင်လုပ်ကြ… ကိုယ့်အတွက်လဲ ကျန်ပစေ… ဆရာ့လဲ မမေ့နဲ့… ဆိုသလြို ဖစ်နေမှာစိုးလို့ သိပ်လဲ ပြောမထွက်ပါဘူး…”
“တစ်ရက်ကတော့ သူ့ကို သူတော်ကောင်း လက္ခဏာအကြောင်း ပြောမိသေးတယ်… ကိုယ့်ကိုကိုယ် ပြုပြင်တတ်ဖို့၊ ကျေးဇူးရှိသူတွေရဲ့ ကျေးဇူးကိုသိတတ်ဖို့၊ ကျေးဇူးကို အစဉ်သဖြင့် သတိရနေစေဖို့၊ တတ်အားသ၍ ကြိုးစားပြီး ဆပ်ဖို့ အကြောင်းပါပဲ… မိဘတွေနဲ့ပတ်သက်လို့ သားတစ်ယောက်ရဲ့ ကျေးဇူးသိတတ်မှု ကျေးဇူးဆပ်မှုတွေအပေါ် ဘာမှပြောစရာ မရှိဘူး၊ ဒါပေမယ့် ကိုယ့်ကို ဒီလိုအခြေအနေလေး ရောက်လာအောင် စောင့်ရှောက်ပေးခဲ့တဲ့ သူတွေရဲ့ ကျေးဇူးတွေကို သိတတ်စေချင်တယ်၊ ငွေကြေးအနေနဲ့ ဘာမှပြန်ပြီး ကျေးဇူးဆပ်စရာ မလိုပေမယ့် သူတို့ရဲ့ စောင့်ရှောက်မှုဟာ ကိုယ့်အပေါ်မှာ အရာရောက်တယ်ဆိုရင် ကျေးဇူးဆပ်တာနဲ့ အတူတူပဲပေါ့လို့လဲ ပြောရပါသေးတယ်… ပြီးတော့ တချိန်ကျရင် ဆက်လျှောက်ရမယ့် ကိုယ့်ရဲ့ ဘဝရှေ့ရေးအတွက် ကြိုတင်စုဆောင်းဖို့ ပေါ့ပေါ့နေ ပေါ့ပေါ့စား မလုပ်ဖို့ ပြောမိတယ်… ”
ထိုအချိန်မှာ ကျွန်မ တခုခု ဝင်ပြောရန် စကားရှာနေစဉ်မှာပင် သူက ဆက်ပြောလေသည်။
“မိဝေးဖဝေးမှာ သွားနေ၊ အလုပ်လုပ်ခဲ့ရပြီး ဘာမှ မယ်မယ်ရရ ပြစရာမကျန်ရင် ကာယကံရှင်အတွက် ဘာမှ အကျိုးမရှိ၊ ဒီလိုဖြစ်အောင် စောင့်ရှောက်ပေးခဲ့ရတဲ့ သူတွေအတွက်လဲ အဖိုးမတန် ဖြစ်နေမှာပေါ့… ဒီတော့ ရတာနဲ့သုံးတာကိုလဲ အကြမ်းဖျဉ်း စာရင်းကလေး လုပ်ထားဖို့ရယ်… တို့ မိဘတွေအနေနဲ့ သားပို့တဲ့ငွေကို ဘယ်လို စစ်စစ်စီစီ သုံးစွဲခဲ့သလဲ ဆိုတာ ပြောပြမိတယ်… ထုံးစံအတိုင်း ပြောသမျှ တအင်း အင်း နဲ့ ခေါင်းညိတ်တာပါပဲ…”
“ငွေရေးကြေးရေး အသုံးလွယ်တာ၊ လက်ဖွာတာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပါးသုံးစွဲတာ၊ သူစိမ်းတွေနဲ့ ပတ်သက်ရင် စိတ်ပျော့တာ၊ မလိုအပ်ပဲ သဘောကောင်းတာတွေက မျက်စေ့ရှေ့မှာ မြင်နေရတော့ မပြောဘူးဆိုပေမယ့် ပြောဖြစ်သွားတယ်။ ပြောရင်တော့ သူက ဘာမှ နှုတ်လှန်ထိုးခြင်း၊ ပြန်လည်ပြောဆိုခြင်း မရှိ၊ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ပေမယ့် စိတ်ထဲတော့ တယ် အားမရလှပါဘူး… ရောက်တုန်းရောက်ခိုက်မို့ စိတ်အနှောက်အယှက် မဖြစ်စေချင်တာနဲ့ သိပ်လဲ မပြောဖြစ်ခဲ့ပါဘူး…”
စကားရှည်ကြီး အဆုံးတွင် ဝမ်းနည်းစွာ လေသံတိမ်ဝင်သွားသော ဖခင်တစ်ဦး၏ ရင်တွင်းမှခံစားမှုတို့ကို ကျွန်မ တနင့်တပိုး ခံစားလိုက်ရပါသည်။ သူ့ခံစားချက်ကို ဖြေသာရန် မည်သည့် စကားလုံးတို့ဖြင့် တုန့်ပြန်ပြောဆိုရမည်ကို စဉ်းစားနေစဉ်မှာပင် သူက စကားဆက်ပါသည်။
“သူ ပြန်လာတဲ့ တစ်လအတွင်းမှာ ည ညတွေ အပေါင်အသင်းတွေနဲ့ သွားလာ သုံးစွဲတာ… ညဖက်တွေ လည်ရင်း ပတ်ရင်း အိမ်ပြန်နောက်ကျတာ… သူ့အမေက သူ့သားအတွက် စားကောင်းသောက်ဖွယ်တွေ ချက်ပြီး စောင့်၊ ကိုယ်တော်က တော်တော်နဲ့ ရောက်မလာ… ရောက်လာပြန်တော့လဲ ညကြီး အချိန်မတော်မှ… တခါတခါမှာ မူးတောင်လာသေး… အိမ်ရောက်ပြီးပြန်တော့လဲ တစ်ညလုံး ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတာ…
ဟော… မိုးလင်းလို့ သူများတွေ အိပ်ရာကထမှ သူကအိပ်တာ… ကိုယ်တွေကတော့ တစ်ညလုံး သူ့ဆီက တချွတ်ချွတ်အသံတွေရယ်၊ မီးရောင်တလင်းလင်းရယ်နဲ့ အိပ်လို့မရခဲ့သမျှ သူကတော့ မနက်လင်းလင်းရှင်းရှင်းကြီးမှာ အိပ်မောကျလို့ဗျာ… သူ့အမေနဲ့တောင် ပြောရသေးတယ်… ငါတို့လဲ သူပြန်မှပဲ အိပ်ရေးဝဝ အိပ်ရတော့မှာပဲလို့… ဒါပေမယ့်လဲ နေ့လည်က လေယာဉ်ကွင်းမှာ သူ့နောက်ကျောလေး မြင်ရပြန်တော့လဲ စိတ်ထဲမကောင်းပြန်ဘူးပေါ့…”
ပြောနေရင်း နောက်တကြိမ် အသံတိုးတိမ်သွားပြန်ပါသည်။ နေ့လည်က လေယာဉ်ကွင်းမှ မြင်ကွင်းကို ပြန်လည်ပုံဖေါ် မြင်ယောင်ကြည့်နေဟန် တူပါသည်။ အေးစက်နေပြီဖြစ်သော ရေနွေးကြမ်းကို မော့သောက်ကာ စကားဆက်ရန်အတွက်လည်း အားယူနေရဟန်တူပါသည်။ ခဏကြာမှ…
“သမီးကတော့ နိုင်ငံရပ်ခြားမှာ နေကြသူချင်း အတူတူ ပြီးတော့လဲ အမ တစ်ယောက်အနေနဲ့ သူ့ကို လိုအပ်မယ်ထင်တာတွေ သွန်သင်ပေးစေချင်တယ်… သူ့မှာ လက်တွဲရမယ့် ရည်မှန်းထားသူ ရှိနေပြီပဲ… အိမ်ထောင်တစ်ခုကို တင့်တင့်တယ်တယ် ဖန်တီးနိုင်ဖို့ သူ့မှာ တာဝန်ရှိကြောင်း၊ တို့မိဘတွေအနေနဲ့က သူ့အတွက် ဒီလို ဆိုဆုံးမရုံသက်သက်ကလွဲလို့ ဘာမှများများစားစား မလုပ်ပေးနိုင်တော့ဘူးလေ… ဒီတော့ သူ့အနေနဲ့ အခုချိန်ကထဲက စုစုဆောင်းဆောင်း နေသင့်ကြောင်းလဲ ပြောပြပေးပါဦး…”
ပြောချင်နေသည်များကို ဆက်တိုက်ပြောလိုက်ပြီး မောသွားဟန်၊ ပြီးတော့ စိတ်လည်း အနည်းငယ် သက်သာရာရသွားဟန်ဖြင့် ရေနွေးကြမ်းတစ်ခွက်ကို ထပ်ငှဲ့ကာ ကုလားထိုင်နောက်ကျောကိုမှီ၍ သက်တောင့်သက်သာ အနေအထားကို ပြင်လိုက်ပါသည်။ သူက စိတ်သက်သာရာရသွားချိန်မှာ စိတ်အိုက်ပြီး တွေးငေးလေးလံသွားရသူက ကျွန်မသာ ဖြစ်နေလေတော့သည်။
မည်သည့်အချိန်မျိုးတွင်မဆို ကြီးကြီးငယ်ငယ် လူမျိုးမရွေးအရွယ်မရွေး လူတိုင်းကို စိတ်ရောကိုယ်ပါ အတတ်နိုင်ဆုံး နားလည်ပေးချင်တတ်သော ကျွန်မအတွက် မအိုမင်းသေးသော်လည်း မစွမ်းနိုင်တော့သော ဖခင်တစ်ဦး၏ သားတစ်ယောက်တွက် ပူပန်သောကနှင့် သူ၏ ရင်တွင်းမှ မေတ္တာစေတနာတို့ကို နားလည်ပေးနိုင်သလို မိဘကို ပြည့်စုံအောင် ဖြည့်ဆည်း စောင့်ရှောက်ပေးနေသော်လည်း အစစအရာရာမှာ ခေတ်နှင့်အညီ နေထိုင်ချင်သော လူငယ်လူရွယ်စရိုက်အပြည့်နှင့် ထိုမျိုးဆက်သစ်လူငယ်ကလေးကိုလည်း အပြစ်မယူလိုပဲ နားလည်ပေးချင်ပြန်ပါသည်။ သူတို့နှစ်ဦးသည် အသက်အရွယ်ချင်း ကွာဟချက်ကြောင့် သော်လည်းကောင်း၊ မတူညီတော့သော ခေတ်ရေစီးကြောင်းကြောင့် သော်လည်းကောင်း တန်ဖိုးထားကြသော အရာချင်း၊ နှလုံးသားသံစဉ်ချင်း အနည်းနှင့် အများ ကွဲလွဲနိုင်ပါသည်။
ထိုအခါ ကျွန်မအတွက် ပေတေမိုက်မဲ ဆိုးသွမ်းနေသည်မဟုတ်ဘဲ အသုံးအစွဲမဆင်ခြင်၊ အနေအထိုင် ဟော့ဟော့ရမ်းရမ်းကလေး ဖြစ်နေသော သားကို အားမလိုအားမရ ဖြစ်နေသော ဖခင်၏ ခံစားချက်ကို စာနာနားလည်ပေးနိုင်ရန် လူကြီးဆန်ဆန် နှလုံးသားတစ်ခြမ်း လိုအပ်နေပြီး တဖက်မှလဲ ကိုယ့်ထက် ဆယ်စုနှစ်တစ်ခုသာသာ ငယ်ရွယ်သော၊ သင့်တင့်သော အလုပ်အကိုင် ကိုယ်ပိုင်ဝင်ငွေလေးဖြင့် မိဘများကို ပြည့်စုံတင့်တယ်စေသူ လူရွယ်လေး တစ်ယောက်၏ လူငယ် ပီသချင်သောစရိုက်ကို စာနာနားလည်ပြီး သူ့ဖက်မှရပ်တည်ပေးနိုင်ရန် မျိုးဆက်သစ်နှလုံးသား တစ်ခြမ်းလဲ လိုအပ်နေပါသေးသည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးစလုံး တစ်ဦးကို တစ်ဦး နားလည်မှုရှိကာ အမြင်ကြည်လင်ပြီး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြစေရန်၊ ကွာဟနေသော မျိုးဆက်နှစ်ခု၏ ကွာဟချက်ကို သေးငယ်နိုင်သမျှ သေးငယ်သွားစေရန်၊ သံစဉ်မတူသော သူတို့နှစ်ဦး၏ နှလုံးသားကို အတတ်နိုင်ဆုံး သံစဉ်ညီစေရန်နှင့် သူတို့နှစ်ဦး၏ မတူညီသော အမြင်များ၊ ကွဲလွဲနေသော ဓလေ့စရိုက်များအပေါ်တွင် အတတ်နိုင်ဆုံး လက်ခံနားလည်ပေးနိုင်သော မျှတသော နှလုံးသား ပိုင်ရှင်တစ်ယောက်အဖြစ် ကျွန်မ ကြားဝင်ကြိုးစားသွားနိုင်လိမ့်မည်ဟု မျှော်လင့်ယုံကြည်နေမိပါသည်။
သက်ဝေ
www.thanlwin.com

သြကာသဘုရားရှိခိုးရှင်းလင်းချက်
သြကာသဘုရားရှိခိုးရှင်းလင်းချက်
သြကာသ အစချီရွတ်ဆိုသော ဘုရားရှိခိုးခြင်းဖြင့် ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးကို ရှိခိုးကန်တော့ကြသည်မှာ မြန်မာနိုင်ငံသားဗုဒ္ဓဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာပင်ဖြစ်သည်။ ရှေးရဟန်း ပညာရှိ သူတော်ကောင်းတို့က စီမံချပေးလာခဲ့ပြီး ရှေးအစဉ်အဆက်ကတည်းက ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ ထိန်းသိမ်းရွတ်ဆို ရှိခိုးပူဇော်ကန်တော့လာခဲ့သော သြကာသ ဘုရားရှိခိုး၏ အဓိပ္ပာယ်ကို ကောင်းမွန်ရှင်းစွာ သိထားသင့်ပေသည်။ အဓိပ္ပာယ်ကို ကောင်းစွာသိရှိနားလည်စွာဖြင့် သြကာသ ဘုရားရှိခိုးကို ရွတ်ဆိုရှိခိုး ကန်တော့သော ဗုဒ္ဓဘာသာဝင် အလွန်ရှားပါးလှပါ၏။ ထုံးတမ်းစဉ်လာအရ လူများရွတ်ဆိုကြရာတွင် လိုက်ပါ ရွတ်ဆိုသော်လည်း ဆိုလိုရင်းအဓိပ္ပာယ်ကို ကောင်းစွာနားမလည်ကြချေ။ အနက်အဓိပ္ပာယ်လိုရင်း သဘော ကို ကောင်းစွာသိရှိနားလည်ပြီး ရှိခိုးကန်တော့မှသာလျှင် ပိုမိုအကျိုး ကြီးမားပေလိမ့်မည်။ ဗုဒ္ဓဘာသာဝင်တို့ သြကာသဘုရားရှိခိုး၏ အဓိပ္ပာယ်ဆိုလိုရင်းကို ကောင်းစွာနားလည် သိရှိစွာဖြင့် ရှိခိုးပူဇော် ကန်တော့ကြစေရန် အတွက် ရေးသားရှင်းလင်း ဖေါ်ပြအပ်ပါသည်။
သြကာသဘုရားရှိခိုးတွင် ရှိခိုးကန်တော့ခန်းနှင့် ဆုတောင်းခန်း ဟူ၍ (၂) ပိုင်းပါရှိပါသည်။
ကန်တော့ခန်း
သြကာသ (၃) ကာယကံ၊ ဝစီကံ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ၊ ဒုတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာမြတ် သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပ္ပတ္တိတရား လေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခါသိမ်း ကင်းလွတ်ငြိမ်း၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာကို ရပါလို၏ အရှင်ဘုရား။ အထက်ပါစာပုဒ် (၂)ခုစလုံးတွင် ပါရှိသော စကားလုံးများ၏ အဓိပ္ပာယ်ကို ဖေါ်ပြအပ်ပါသည်။
သြကာသ = ခွင့်ပြုပါ၊ အခွင့်ပေးပါ။
ကံ = ပြုလုပ်မှု၊ အလုပ်။
ကာယကံ = ကိုယ်အားဖြင့်ပြုမူခြင်း၊ ကိုယ်အမူအရာဖြင့်ပြုလုပ်ခြင်း။
ဝစီကံ = နှုတ်အားဖြင့်ပြုမူဖြင်း၊ နှုတ်အမူအရာဖြင့်ပြုလုပ်ခြင်း။
မနောကံ = စိတ်အားဖြင့်ပြုမူခြင်း၊ စိတ်ဖြင့်ကြံစည်အားထုတ်ခြင်း။
သဗ္ဗ = အားလုံး၊ အကုန်လုံး။
ဒေါသ = မလိုလားသောစိတ်၊ အပြစ်။
ခပ်သိမ်းသော = အားလုံးသော၊ ရှိရှိသမျှသော။
အကျိုးအား = အကျိုးရှိမှု၏စွမ်းအား။
အပါယ်လေးပါး = ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူသော မကောင်းသောဘုံဘဝ (၄) မျိုး။
ကပ်သုံးပါး = ဘေးအန္တရာယ်ဆိုးကြီး (၃) မျိုး။
ရပ်ပြစ်ရှစ်ပါး = သူတော်ကောင်းတရား နာကြားနိုင်ခွင့်မရှိသောနေရာ၊ ဌာန၊ ဘုံဘဝ (၈) မျိုး။
ရန်သူမျိုးငါးပါး = အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာ အကျိုးစီပွားတို့ကို အပြင်းအထန်ထိခိုက် ပျက်စီးအောင် ပြုနိုင်သော အရာ (၅) မျိုး။
ဝိပ္ပတ္တိ = မကောင်းသောအခြေအနေ၊ ဆုတ်ယုတ်ကျဆင်းခြင်း၊ ပြည့်စုံကောင်းမွန်မှုမရှိခြင်း။
ဗျသန = ပျက်စီးခြင်း။
အခါခပ်သိမ်း = ဘယ်အချိန်အခါ၌မဆို ဘယ်သောအခါတွင်ဖြစ်စေ။
ကင်းလွတ်ငြိမ်း = လုံးဝကင်းရှင်းလျှက်၊ လွတ်ငြိမ်းချမ်းသာခြင်း။
မဂ်တရား၊ ဖိုလ်တရား = အပါယ်ဘုံသို့ရောက်ရှိရန် မရှိတော့ဘဲ ဘဝသံသရာလည်ပတ်ခြင်းမှ လွတ်မြောက်ကာ လုံးဝသေချာစွာ နိဗ္ဗာန်သို့လှမ်းရောက်စေသောတရား။
နိဗ္ဗာန် = ဘဝချုပ်ငြိမ်းရုပ်သိမ်းသဖြင့် ဘဝဒုက္ခမရှိသော ငြိမ်းအေးချမ်းသာမှု။
(နိဗ္ဗာန်၏အဓိပ္ပာယ်ကို သာမာန်ဖွင့်ဆိုချက်မျှသာ ဖြစ်သည်။ အကျယ်တဝင့် ကောင်းစွာသိရှိစေရန် လေ့လာ သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။)
ဖွင့်ဆိုရှင်းလင်းချက်
ရှေးရဟန်းပညာရှိ သူတော်ကောင်းတို့ စီမံပို့ချခဲ့သော အစဉ်အဆက် ထိန်းသိမ်းရွတ်ဆို ပူဇော်ရှိခိုး ကန်တော့ လာသည့် ဤ သြကာသ ဘုရားရှိခိုးနှင့် ပတ်သက်၍ အဓိပ္ပာယ်နှင့်တကွ ဆိုလိုရင်းသဘော အတိမ်အနက်ကို ပိုမိုကောင်းမွန် ရှင်းလင်းစွာနားလည် သိရှိစေခြင်းငှာ ဆက်လက် ရေးသားဖေါ်ပြအပ်ပါသည်။
ရှိခိုးကန်တော့ခန်းတွင်
သြကာသ ဟူသော စကားလုံးသည် သီဟိုဠ် (ယခု သီရိလင်္ကာ) မှလာသော ပါဋ္ဌိဘာသာစကားကို မြန်မာ အသံဖြင့် ရွတ်ဆိုနေကြခြင်းဖြစ်သည်။ သြကာသကို မြန်မာဘာသာပြန်ဆိုလျှင် အခွင့်ပေးပါ၊ ခွင့်ပြုပါဟု အဓိပ္ပာယ်ရသည်။ ဘုရား တရား သံဃာဟူသော ရတနာသုံးပါးကို ရှိခိုးပူဇော် တောင်းပန်ကန်တော့ရန် ခွင့်ပြု တော်မူပါဟု သြကာသ သုံးကြိမ်ဖြင့် အစချီကာ သုံးကြိမ်ခွင့်တောင်းခြင်းဖြစ်သည်။ ကိုယ်ကိုးကွယ်ဆည်းကပ်ရာ အမြတ်ဆုံး ရတနာဖြစ်သော ဘုရား တရား သံဃာ ရတနာသုံးပါးကို ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် ကျူးလွန်ခဲ့မိ သည်ရှိသော် ထိုကျူးလွန်ခဲ့သမျှသော အပြစ်အားလုံးကို ခွင့်လွှတ်ကြေအေးကာ ကင်းလွတ်ပပျောက်စေလို ကြောင်း ရှိခိုးတောင်းပန်အပ်ပါ၏။
တကြိမ် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ရတနာသုံးပါးအား ရိုသေစွာ အလေးအမြတ်ထားလျှက် လက်အုပ် ချီမိုးကာ ရှိခိုးပူဇော်ဖူးမျှော်ကန်တော့ပါ၏ မာန်မာနလျှော့ချ၍ ရှိခိုးတောင်းပန် ကန်တော့ပါ၏။ (ဆရာတော် သံဃာ တော်၏ရှေ့မှောက်တွင် ရှိခိုးကန်တော့သည်ဖြစ်ပါက ဆုတောင်းခန်းကို ရွတ်ဆိုရန်မလိုပါ။ ထိုဆရာတော် သံဃာတော်၏ ဆုပေးခြင်းကို ခံယူရမည်ဖြစ်သည်။)
ဆုတောင်းခန်းတွင်
ကန်တော့ရသော အကျိုးအားကြောင့်ဟူသော စကားရပ်သည် ဤရတနာသုံးပါးကို ရှိခိုးပူဇော်ဖူးမျှော်မာန်လျှော့ ကန်တော့ရသော ကုသိုလ်၏အကျိုးစွမ်းအားကြောင့်ဟု ဆိုလိုခြင်းဖြစ်သည်။ (အကျိုးအားကြောင့်) ဟူသော စကားလုံးအစား (အကျိုးရကြောင့်) ဟုမှားယွင်းရွတ်ဆိုတတ်ကြသည်ကို သတိပြုကြစေလိုပါသည်။
ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးကို ရိုသေစွာ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ရသော ကုသိုလ်၏ အကျိုးစွမ်းအားကြောင့် ကောင်းကျိုးချမ်းသာရရှိ၍ ဆင်းရဲဒုက္ခရောက်သော ဘုံဘဝ၊ အခြေအနေ၊ အရာ၊ ဌာန တို့နှင့် ဘယ်အခါ၌မဆို ကင်းဝေးပြီး ငြိမ်းအေးချမ်းသာလျက် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ဟူသော ချမ်းသာအစစ် ကိုရပါလို၏ ဆုတောင်းခြင်း ဖြစ်သည်။
ဤသို့ဆုတောင်းရာတွင် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် (၈) ပါး၊ ရန်သူမျိုး(၅)ပါး၊ ဝိပ္ပတ္တိတရား(၄)ပါး၊ ဗျသနတရား (၅)ပါးတို့မှ ဘယ်အခါမဆိုကင်းလွတ်ငြိမ်းစေကြောင်း ဆုတောင်းရသည့်သဘောကို ကောင်းမွန်စွာ အလေးအနက် နားလည်သိရှိစေရန်အလိုငှာ ဆက်လက်ရှင်းလင်း ဖေါ်ပြအပ်ပါသည်။
အပါယ်လေးပါး
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တို့သည် အပါယ် (၄)ပါးတွင် ပါဝင်၏။ ငရဲကျရောက်သော သတ္တဝါသည် အကုသိုလ်အကျိုးကို အပြင်းအထန်အလူးအလဲ ခံနေရသည်မှလွဲ၍ ကောင်းကျိုးချမ်းသာ ဘာမှမရှိ။ တိရစ္ဆာန် ဘဝသည် အကောင်း၊ အဆိုးအကြောင်း၊ အကျိုး ဘာမှမသိ (အိပ်၊ စား၊ ကာမ) သုံးမျိုးသာ ပြုလုပ်နိုင်၏။ ပိုမိုအား ကောင်းသော သတ္တဝါ၏ အန္တရာယ်ပြု နှိပ်စက် သက်ဖြတ်ခြင်းကို ခံကြရ၏။ ပြိတ္တာသည် အစွဲအလန်းကြီးသော တဏှာလောဘစိတ်ဖြစ်သည့် အကုသိုလ်စိတ်ဖြင့် သေဆုံးကာ ဘဝကူးပြောင်းရောက်ရှိသော သတ္တဝါဖြစ်သည်။ ပြိတ္တာ ဘဝသို့ရောက်ရှိလျှင် ကုသိုလ်ကောင်းမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ အားထုတ် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ တန်ခိုးသြဇာအရှိန်အဝါတို့အရ အင်အားသာလွန်သည့် သတ္တဝါ၏ ချုပ်ကိုင်မှုကို ခံကြရ၏။ အသူရကာယ်သည် လည်း ပြိတ္တာနှင့်မခြားနားလှသော ဘဝမျိုးဖြစ်ပြီး အသူရကာယ်ဘဝသည် လူနှင့်မနီးသော တော၊ တောင်၊ လျှိုမြောင်၊ ကျွန်း၊ ကန္တာရ စသည့်တို့တွင် အစုအဝေးဖြင့် နေထိုင်ရပ်တည်ကြသော ဘမျိုးဖြစ်ကြသည်။ ပြိတ္တာ ကဲ့သို့ ကုသိုလ်ကောင်းမှု မလုပ်နိုင်သည့်အပြင် လူတော်ကောင်း တရားနာကြားနိုင်ရန်ပင် အခွင့်အလမ်း မရှိကြပေ။
ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်ဘုံသားဘဝသို့ကျရောက်ရခြင်းသည် အကုသိုလ်ကံ အကျိုးပေးမှုကြောင့်ဖြစ်ရပြီး ကုသိုလ်တရားအကျိုးပေးခွင့်မသာ ဖြစ်လေ၏။ အကုသိုလ်ကံအကျိုးကြောင့် ဖြစ်ရ သည့် အခြေအနေဆိုး၊ ဒုက္ခဆိုကျိုး အမျိုးမျိုးတို့ ကျရောက်ရန်အတွက် အလွန်အခွင့်အလမ်း သာလေတော့ သည်။ သို့ဖြစ်၍ ကုသိုလ်ကောင်းမှု မပြုနိုင်၊ ကောင်းကျိုးချမ်းသာမရနိုင်၊ ဒုက္ခဆင်းရဲအမျိုးမျိုးသာ ကြုံတွေ့ နိုင်သော ငရဲ၊ တရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသည့် အပါယ်ဘုံသားဘဝနှင့် ကင်းလွတ်စေကြောင်း ကောင်းစွာ အလေးအနက်ထားသော အသိတရားဖြင့် ဆုတောင်းအားထုတ်သွားသင့်ပေသည်။
ကပ် (၃) ပါး
ဒဗ္ဘိကန္တာရကပ်၊ ရောဂန္တရကပ်၊ သတ္တန္တရကပ် ဟူ၍ဘေးဆိုးကြီး (၃) မျိုးကို ကပ် (၃) ပါး ဟုခေါ်သည်။
ဒုဗ္ဘိကန္တာရကပ်သည် - - - အစာရေစာရှားပါးငတ်မွတ်ခေါင်းပါးသော ဘေးဆိုးကြီးဖြစ်၏။
ရောဂန္တရကပ်သည် - - - ရောဂါကြောင့်သေကြေပျက်စီးကြရသော ဘေးဆိုးကြီးဖြစ်၏။
သတ္တန္တရကပ်သည် - - - လက်နက်ဘေးဒဏ်ဖြင့် သေကြေ ပျက်စီးကြရသော ဘေးဆိုးကြီး ဖြစ်၏။
ထိုကပ်ဘေးတို့နှင့် ကြုံတွေ့ကြရသည်ရှိသော် အဘယ်မှာ ကောင်းကျိုး ချမ်းသာရပါတော့အံ့နည်း။ အခြေ အနေဆိုး၊ ဆိုးကျိုး၊ ဒုက္ခဆင်းရဲခြင်းတို့ကိုသာ ခံစားကြရမည် ဖြစ်သည်။ သို့ဖြစ်၍ ထိုကပ် (၃) ပါးနှင့် ကင်းဝေး စေကြောင်း ကောင်းမွန်လေးနက်စွာသော အသိတရားဖြင့် ဆုတောင်း အားထုတ်သင့်ပေသည်။
ရပ်ပြစ် (၈) ပါး
အပြစ်ရှိသောအရပ် (၈)မျိုးဖြစ်၏။ အပြစ်ဟုဆိုရာ၌ သူတော်ကောင်းတရားနားကြားရန် အခွင့်အလမ်းမရှိသော အပြစ်ကိုဆိုလို၏၊ ၎င်းရပ်ပြစ် (၈) ပါး (အပြစ်ရှိသောရပ် (၈)မျိုး)တွင်
(၁) ငရဲ
(၂) တိရစ္ဆာန်
(၃) ပြိတ္တာ
(၄) အသူရကာယ်
(၅) ရုပ်သာရှိ နာမ်မရှိ၊ နာမ်သာရှိ ရုပ်မရှိသော ဗြဟ္မာဘုံ
(၆)ဆွံ့အနားမကြား (ကောင်းသော တရားနာယူရန်၊ ကောင်းမှုကုသိုလ်ပြုရန် မဖြစ်နိုင်လောက်အောင် ကိုယ်အင်္ဂါချို့ယွင်းသူ)
(၇) ဝေးလံသီခေါင်လွန်းသော သွားလာရောက်ရှိရန်ခဲယဉ်းသည့် အရပ်ဒေသ (ပညာရှိ သူတော်ကောင်းနှင့် ကြုံဆုံရန် ခက်ခဲသော၊ အကျိုးရှိသော အလုပ်များလုပ်ရန် ခဲယဉ်းသောအရပ်ဒေသ
(၈) မိစ္ဆာဒိဋ္ဌိဟုခေါ်သော မှားယွင်းသော အယူဝါဒရှိသူတို့ပါဝင်၏။
ထို (၈)မျိုးတွင် တမျိုးမျိုး၌ ပါဝင်နေသူဖြစ်ပါက ကောင်းကျိုး ချမ်းသာရရန် အလွန်ခဲယဉ်းတော့သည်။ ကုသိုလ်ကောင်းမှုကိုပြုရန် အခွင့်အလမ်းတို့ ကင်းဝေးကြကုန်၏။ သူတော်ကောင်းတရား နာကြားနိုင်ရန်နှင့် တရားစစ် တရားမှန်တို့ကို နားလည်သိရှိကျင့်သုံးရန် အခြေအနေမပေးသော အဖြစ်မျိုးရောက်ကြလေ၏။ သို့ဖြစ်၍ ဤရပ်ပြစ် (၈)ပါးနှင့် မကြုံဆုံမိစေရန်၊ လုံးဝကင်းလွတ်စေရန် ကောင်းမွန်လေးနက်စွာ အသိတရားဖြင့် ဆုတောင်းအားထုတ်သင့်ပေသည်။
ရန်သူမျိုး (၅) ပါး
(၁) ရေ (၂) မီး (၃) မင်း (၄) သူခိုး ဓါးပြ (၅) အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေသူ တို့သည် ရန်သူမျိုး (၅) ပါးတွင် ပါဝင်၏။ (အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေသူကို မချစ်မနှစ် သက်သောဟုလည်း ဆိုလေ့ရှိကြ၏။)
ရေကြီးလျှင် ရေဘေးဒုက္ခကြုံတွေ့ရ၏။ မီးလောင်လျှင် မီးဘေးဒုက္ခကြုံတွေ့ရ၏။ မင်းဟု ဆိုရာတွင် တိုင်းပြည်ကို အုပ်ချုပ်သူများ၊ အုပ်ချုပ်ရေးနှင့်ဆိုင်သော အာဏာပိုင် အဆင့် ဆင့်တို့ပါဝင်ကြ၏။ အုပ်ချုပ်သူများ အုပ်ချုပ်ရေး အာဏာပိုင်များသည် အာဏာနှင့် လုပ်ပိုင်ခွင့်ကို မတရားအသုံးချကာ ဒုက္ခဆိုးကျိုး အမျိုးမျိုးကို အများပြည်သူ တို့အပေါ် ကျရောက်စေတတ်သည်။ ခိုးသား ဓါးပြတို့သည်လည်း အများပြည်သူ၏ အသက် အိုးအိမ် စည်းစိမ် ဥစ္စာတို့ကို အန္တရာယ်ပြု လုယူ သိမ်းပိုက်လေ့ရှိကြ၏။ လင်နှင့် မယားဖြစ်စေ၊ မိဘနှင့် သားသမီး ပင်ဖြစ်စေ ဆွေမျိုး ညီအကိုမောင်နှမ အချင်းချင်းဖြစ်စေ မိတ်ဆွေ အချင်းချင်းဖြစ်စေ၊ မသမာသော မရိုးမဖြောင့်သော မကောင်းသော အကြံအစည်ဖြင့် ဥစ္စာ၊ စီးပွား၊ အသက်၊ ခန္ဓာ ထိခိုက် နစ်နာ ဆုတ်ယုတ် ပျက်စီးစေသူဖြစ်ပါက အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးသူ ဖြစ်၏။ ကိုယ်ဆင်းရဲဖြစ်သော ရန်သူပင်ဖြစ်၏။
ဝိပ္ပတ္တိတရား (၄) ပါး
(၁) ဂတိဝိပ္ပတ္တိ = ဘဝကျရောက်ရာ (ဘဝလားရာ) မကောင်းခြင်း၊ မကောင်းသော ဘုံဘဝသို့ရောက်ခြင်း။
(၂) ကာလဝိပ္ပတ္တိ = မကောင်းသော ဆုတ်ယုတ်ကျဆင်းသော အချိန်ကာလ၊ မကောင်းသော အခြေအနေဆိုး ခေတ်ကာလ။
(၃) ဥပဓိဝိပ္ပတ္တိ = ရုပ်အင်္ဂါအပါအဝင် ကိုယ်ရည်ကိုယ်သွေး နိမ့်ကျမှု၊ ဆုတ်ယုတ်ကျဆင်းမှု၊ (ချစ်ခင်လေးစား တန်ဖိုးထားလောက်သော ရုပ်ဆင်းအင်္ဂါနှင့် မပြည့်စုံခြင်း)။
(၄)ပယောဂဝိပ္ပတ္တိ = ဆောင်ရွက်အားထုတ်မှု ညံ့ဖျင်းကျဆင်းခြင်း၊ ပြည့်စုံလုံလောက်မှု မရှိခြင်း။
ဂတိဝိပ္ပတ္တိ = ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ဘဝလားရောက်ပါက ဂတိဝိပ္ပတ္တိဖြစ်၏။ ကောင်းရာသုဂတိမလားဘဲ ဘဝဆိုး (မကောင်းသောဘဝ) သို့ လားရောက်ရခြင်းဖြစ်သည်ကို ဂတိဝိပ္ပတ္တိဟု ခေါ်သည်။
ကောင်းသောဘဝများဖြစ်ကြသော လူ၊ နတ်၊ ဗြဟ္မာ အဖြစ်သို့ ရောက်ရခြင်းသည် ဂတိဝိပ္ပတ္တိမှ လွတ်ကင်းနေ ၏။ ဂတိဝိပ္ပတ္တိဖြစ်ပါက ကောင်းကျိုးချမ်းသာမရ၊ ဆင်းရဲဒုက္ခရောက်ရကြောင်းကို အပါယ် (၄) ပါး အကြောင်း၌ ဖေါ်ပြခဲ့ပြီးဖြစ်သည်။
ကာလဝိပ္ပတ္တိ = မကောင်းသောအခြေအနေတို့နှင့် တွေ့ကြုံနေရသော၊ ကောင်းကျိုးချမ်းသာရရန် ခက်ခဲသော၊ ဆိုးကျိုးဒုက္ခများကို ရင်ဆိုင်နေရသော အချိန်အခါ၊ ခေတ်၊ ကာလ တို့သည် ကာလဝိပ္ပတ္တိ ဖြစ်၏။
(၁) မင်းဆိုးမင်းညစ်၊ မကောင်းသောအစိုးရ၊ မကောင်းသောအုပ်ချုပ်သူ၊ အုပ်ချုပ်ကြီးစိုးနေသောခေတ်။
(၂) လူဆိုး၊ လူမိုက်၊ သောင်းကျန်းသူ ကြီးစိုးလွှမ်းမိုးသော အခါကာလ။
(၃) စစ်ဘေး၊ စစ်ဒဏ်သင့်နေသော (စစ်ဖြစ်နေသော) အချိန်အခါ၊ ကာလ။
(၄) ရေဘေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သော ကာလ။
(၅) မိုးခေါင်ရေရှားခြင်း၊ အစားအစာငတ်မွတ်ခေါင်းပါးခြင်း၊ ရောဂါဆိုးများ ကူးစက်ပျံ့နှံ့နေသော အချိန်အခါ စသည်တို့သည် ကာလဝိပ္ပတ္တိတွင် အပါအဝင်ဖြစ်ကြ၏။
ကာလဝိပ္ပတ္တိ ဖြစ်သောအခါ အခြေအနေ၊ အချိန်အခါ၊ ခေတ်၊ ကာလ တို့နှင့် ကြုံဆုံရသောသူတို့မှာ ကောင်းကျိုး ဖြစ်ထွန်းရန် မလွယ်ကူချေ။ ဆိုးကျိုးရရှိရန်၊ ဒုက္ခတွေ့ရန်၊ မကောင်းသောအဖြစ်အပျက်နှင့် ကြုံဆုံရန်လွယ်လွယ် ကူကူ အခွင့်အလမ်းသာနေတော့၏။
ကာလဝိပ္ပတ္တိဖြစ်သည့် ခေတ်ကာလ၊အခြေအနေ တရပ်ရပ်နှင့် ကြုံတွေ့ကြသော အများပြည်သူတို့သည် စားဝတ်နေရေး ကျပ်တည်းခက်ခဲခြင်း၊ အသက် အန္တရာယ်စိုးရိမ် ထိခိုက်ရခြင်း၊ အနိုင်ကျင့်ဖိနှိပ်ခံရခြင်း၊ အိုးအိမ် ဥစ္စာစည်စိမ်း ပိုင်ဆိုင်မှုတို့ လုံခြုံစိတ်ချရမှုမရှိခြင်း၊ စီးပွားဥစ္စာရှာရာတွင် မလွယ်ကူခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း အစရှိသော ဆင်းရဲဒုက္ခတို့ကို ရင်ဆိုင်ခံစားကြရကုန်၏။
ဥပဓိဝိပ္ပတ္တိ = ရုပ်ရည်အဆင်းအင်္ဂါ ချို့တဲ့မှု၊ မတင့်တယ်မှု၊ လေးစားယုံကြည်ချစ်ခင်လောက်သော ကိုယ်ရည် ကိုယ်သွေး နှင့် မပြည်စုံမှုတို့သည် ဥပဓိဝိပ္ပတ္တိ ဖြစ်လေ၏။
ဥပဓိဝိပ္ပတ္တိဖြစ်သော ကိုယ်ရည်ကိုယ်သွေး ရုပ်အဆင်းအင်္ဂါချို့တဲ့ကျဆင်းသူတို့သည် ချစ်ခင်သူနည်းပါးခြင်း၊ ယုံကြည်လက်တွဲသူနည်းပါးခြင်း၊ အထင်အမြင်သေးခံရခြင်း၊ မိတ်ဆွေအပေါင်းအသင်းလုပ်သူနည်းပါးခြင်း၊ နှိမ့် ချခံရခြင်း စသည်တို့ကို ကြုံတွေ့ကြရ၏။ အလုပ်အကိုင်အားဖြင့် ကောင်းမွန်မြင့်မားသော အလုပ်အကိုင်မျိုးကို မရကြဘဲ နိမ့်ကျစွာ၊ မျက်နှာငယ်စွာ လုပ်ကိုင်ကြရ၏။
ဥပဓိဝိပ္ပတ္တိ ဖြစ်သူသည် (ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းကျဆင်းသူ) သည် အကြီးအကဲ၊ ဆရာသမားတို့၏ စောင်မကြည့်ရှု ကူညီပံ့ပိုးမှုရရှိရန် ခဲယဉ်းပေမည်။ လူချစ်လူခင်နည်းပြီး အပေါင်းအသင်းမိတ်ဆွေတို့၏ ချစ်ခင် လေးစားမှု၊ ကူညီဖေးမမှုတို့ရရန် မလွယ်ကူပေ။ ကောင်းကျိုးချမ်းသာကို ရသင့်သလောက် မရနိုင်ပေ။
ပယောဂဝိပ္ပတ္တိ = အားထုတ်ဆောင်ရွက်မှု ဆုတ်ယုတ်ကျဆင်းခြင်း၊ အလုပ်အကိုင် အားထုတ်ဆောင်ရွက်မှု လိုအပ်သလောက် မပြည့်စုံ မလုံလောက်ခြင်းတို့သည် ပယောဂဝိပ္ပတ္တိ ဖြစ်သည်။
လူငယ်အချို့သည် ပညာရှာရမည့် အချိန်အရွယ်တွင် ကျောင်းမှန်မှန်တက် စားကြိုးစားလျှင် ပညာတတ်လူတော် လူကောင်း ဖြစ်နိုင်ပါလျက်နှင့် စာမကြိုးစားဘဲ တေတေလေလေနေသောကြောင့် စားပေးပွဲကျကာ လူဖျင်း လူညံ့ဘဝသို့ ရောက်လေ၏။ ထိုလူငယ်တို့သည် ပညာရေးနှင့် ဘဝတိုးတက်ကြီးပွားရေးအတွက် အားထုတ် ဆောင်ရွက်မှု ညံ့ဖျင်းသဖြင့် ပယော ဂဝိပ္ပတ္တိ ဖြစ်ကြသူများဟု မှတ်ယူရပေမည်။
အချို့သောသူတို့သည် မိမိ၏ အိမ်ထောင်ရေး သာယာကောင်းမွန်အောင် ဆောင်ရွက်အားထုတ်ခြင်း မရှိကြပေ။ ထိုသူတို့သည် အိမ်ထောင်ရေးအတွက် ပယောဂဝိပ္ပတ္တိဖြစ်များဟု မှတ်ယူရပေမည်။
အချို့သော သူတို့သည် မိမိ၏ကိုယ်ကျင့်စာရိတ္တ ကောင်းမွန်စွာထိန်းသိမ်း နေထိုင်ခြင်းမရှိကြ၊ လူကောင်း သူကောင်းဖြစ်အောင် နေတတ်ကြ၊ ထိုသူတို့သည် မိမိဘဝအတွက် အားထုတ် ဆောင်ရွက်မှု ညံ့ဖျင်းသူ (ဝါ) မိမိဘဝအတွက် ပယောဂဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။
အချို့သောသူတို့ကား မိမိ၏စီးပွားရေးကို ဂရုတစိုက်ကြိုးစားဆောင်ရွက်လျှင် ကြီးပွားချမ်းသာနိုင်ပါလျှက်နှင့် အပျော်အပါး၊ လောင်းကစားတို့ဖြင့် အချိန်ဖြုန်းသဖြင့် စီးပွားပျက်ကာ ဆင်းရဲမွဲတေသော အခြေအနေသို့ ရောက်ကြရ၏။ ထိုသူတို့သည် စီးပွားရေးအတွက် ပယောဂဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။
အချို့သူတို့သည် ကျန်းမာရေးဂရုစိုက်ပြီး အသက်ရှည်စွာ အနာရောဂါကင်းအောင် နေထိုင်သင့်လျက် အရက် အလွန်အကျွံသောက်သဖြင့် ရောဂါရပြီး အသက်တိုကြကုန်၏။ ထိုသူတို့သည် ကျန်းမာရေးအတွက် ပယောဂ ဝိပ္ပတ္တိ ဖြစ်သူများဟု မှတ်ယူရပေမည်။
သာသနာဘောင်အတွင်း ရဟန်းဘဝဖြင့် ကိလေသာကုန်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံအားထုတ် သင့်လျှက် ရဟန်းသိက္ခာတော်ကို မစောင့်စည်း၊ ဝိနည်းဒေသနာတော်ကို မလေးစား၊ အနေအထိုင်မဆင်ခြင်ဘဲ သင်္ကန်းဝတ်ရုံမျှသာဖြစ်၏။ ထိုရဟန်းသည် သူတော်ကောင်းတရားကို မသိမမြင်နိုင်၊ သီလ၊ သမာဓိ၊ ပညာတို့ကို မရနိုင်ပေ။ ထိုရဟန်းသည် ရဟန်းတရား အားထုတ်မှုတွင် ပယောဂဝိပ္ပတ္တိဖြစ်သော ပုဂ္ဂိုလ်ဟု သိမှတ်ရပေမည်။
လောကီဆိုင်ရာ ကောင်းသောရည်မှန်းချက်အတွက်ဖြစ်စေ၊ လောကုတ္တရာဆိုင်ရာ ကောင်းသောရည်မှန်းချက် အတွက်ဖြစ်စေ၊ ထိုရည်မှန်းချက်သို့ရောက်ရှိအောင် အားထုတ်ခြင်းမျိုး မဟုတ်ဘဲ ထိုရည်မှန်းချက်သို့ရောက်ရေး ကို နှောက်နှေးစေသော အားထုတ်ခြင်း၊ ထိုရည်မှန်းချက်နှင့်လွဲချော်သော အားထုတ်ခြင်း၊ ထိုရည်မှန်းချက် ပျက်စီးစေသော အားထုတ်ခြင်းတို့သည် ပယောဂဝိပ္ပတ္တိပင် ဖြစ်၏။ ကောင်းကျိုးချမ်းသာကိုမရဘဲ ဆိုးကျိုး ဒုက္ခကိုရစေသော အားထုတ်ခြင်း၊ အကျိုးမရှိသည့်အပြင် အကျိုးယုတ်စေသော အားထုတ်ခြင်းတို့သည်လည်း ပယောဂဝိပ္ပတ္တိပင်ဖြစ်၏။ ဝိပ္ပတ္တိ၏ ဆန့်ကျင်ဘက်မှာ သမ္ပတ္တိ ဖြစ်၏။ ဝိပ္ပတ္တိသည် ဆုတ်ယုတ်ခြင်း၊ ကျဆင်းခြင်း၊ မပြည့်စုံမလုံလောက်ခြင်း၊ မကောင်းခြင်း၊ ဆိုးရွားခြင်း၊ ညံ့ဖျင်းခြင်း၊ ချို့ယွင်းခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရ၏။ သမ္ပတ္တိသည် ကောင်းမွန်ခြင်း၊ လုံလောက်ပြည့်စုံခြင်း၊ တင့်သင့်လျှောက်ပတ်ခြင်း၊ လျှော်ကန်သင့်မြတ်ခြင်း ဟု အဓိပ္ပာယ်ရ၏။
ဝိပ္ပတ္တိတရားသို့သည် ကြုံဆုံရသော ပုဂ္ဂိုလ်၊ သတ္တဝါတို့အတွက် ကောင်းကျိုးချမ်းသာရရန် ခဲယဉ်းစေ၊ အားနည်း စေပြီး ဆိုးကျိုးအမျိုးမျိုး၊ ဆင်းရဲဒုက္ခအမျိုးမျိုးတို့ ကြုံတွေ့နိုင်သောကြောင့်ဝိပ္ပတ္တိတရားတို့နှင့် ကင်းလွတ်ကာ သမ္ပတ္တိတရားနှင့်သာ ကြုံဆုံရန် အားထုတ်သင့်ပေသည်။ သမ္ပတ္တိတရားနှင့်သာ ကြုံဆုံရန် ဆုတောင်းသင့် ပေသည်။
- ဂတိဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ဂတိသမ္ပတ္တိနှင့်သာ ကြုံဆုံစေကြောင်း။
- ကာလဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ကာလသမ္ပတ္တိနှင့်သာ ကြုံဆုံရစေကြောင်း။
- ဥပဓိဝိပ္ပတ္တိနှင့်ကင်းလွတ်ပြီး ဥပဓိသမ္ပတ္တိနှင့်သာ ကြုံဆုံရစေကြောင်း။
- ပယောဂဝိပ္ပတ္တိနှင့် ကင်းလွတ်ပြီး ပယောဂသမ္ပတ္တ္တိနှင့်သာ ကြုံဆုံရစေကြောင်း ဆုတောင်းသည့်အပြင် အားထုတ်သွားကြရန် သင့်ပေသည်။
ဗျသနတရား (၅) ပါး
ဗျသန ဟူသော ပါဋ္ဌိဝေါဟာရ၏ အဓိပ္ပာယ်မှာ ပျက်စီးခြင်းဟု အဓိပ္ပာယ်ရ၏။
ဗျသန (၅)ပါးတို့မှာ အောက်ပါတို့ဖြစ်သည်။
၁။ ဘောဂဗျသန - - - အိုးအိမ်၊ ဥစ္စာ၊ စီးပွား၊ ပိုင်ဆိုင်မှုတို့ ပျက်စီးခြင်း။
၂။ ရောဂ ဗျသန - - - ရောဂါဘေးဖြင့် သေကျေပျက်စီးခြင်း။
၃။ ဉာတိ ဗျသန - - - ဆွေမျိုးဉာတကာတို့ သေဆုံးပျောက်ကွယ် ပျက်စီးခြင်း။
၎။ သီလ ဗျသန - - - သီလ ပျက်ခြင်း။
၅။ ဒိဋ္ဌိ ဗျသန - - - အယူမှားယွင်းခြင်း၊ ပျက်စီးခြင်း။
အိုးအိမ်၊ ဥစ္စာ၊ စီးပွား၊ ပိုင်ဆိုင်မှုတို့ ပျက်စီးဆုံးရှုံးခြင်း၊ ရောဂါဘေးဖြင့် အသက်အန္တရာယ်ကျရောက်ခြင်း၊ ဆွေမျိုး ဉာတကာတို့ သေးဆုံးပျောက်ကွယ် ပျက်စီးခြင်းတို့ကြုံရသူတို့မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ကြရပေမည်။ ထိုဆင်းရဲဒုက္ခခံစားနေရသဖြင့် ကောင်းကျိုးရရေး မဆောင်ရွက်နိုင်၊ ကုသိုလ်ကောင်းမှု မပြုနိုင်ဖြစ်ကြရ၏။ ကောင်းကျိုးရရေးနှင့် ကုသိုလ်ကောင်းမှုတို့အတွက် ဆောင်ရွက်အားထုတ်ရန် မဆိုထားနှင့် စိတ်ကူးနိုင်ဖို့ပင် ခဲယဉ်းပေလိမ့်မည်။
ကိုယ်ကျင့်သီလပျက်သော လူပုဂ္ဂိုလ်၊ ကျင့်ဝတ်ပျက်သော ရဟန်းတို့အပေါ်၌ အများပြည်သူတို့ ယုံကြည်မှု၊ လေးစားကြည်ညိုမှုမရှိ ဖြစ်ကြပေသည်။ ကိုယ်ကျင့်သီလ၊ (၅)ပါးသီလ၊ (၈) ပါးသီလ၊ (၉) ပါးသီးလ ရဟန်းသီလ သိက္ခာသီလ အစရှိသည့် မိမိထိန်းသိမ်းစောင့်ရှောက်နေသော သီလဖြင့်ကျင့်ကြံနေထိုင်ရာမှ သီလပျက်ခြင်း မဖြစ်သင့်ပေ။ သီလစောင့်ထိန်းနိုင်သူအတွက် ယခုဘဝ၌လည်း လူကောင်းသူကောင်း၊ သူတော်ကောင်း စာရင်းဝင်အဖြစ် အများလေးစားသူဖြစ်ရသည့်အပြင် နောင်ဘဝအတွက်လည်း ကောင်းမူကုသိုလ်ဖြစ်လေ၏။ သီလ စောင့်ထိန်းခြင်းဖြင့် ယခုဘဝ၌လည်းကောင်းသည့်အပြင် နောင်ဘဝ၌လည်း ကောင်းလေ၏။
ထိန်းသိမ်းအပ်သော သီလပျက်သောသောသူအတွက် ကောင်းမှုကုသိုလ် ယုတ်လျှော့ကျဆင်း ပျက်သုဉ်းသွားပြီး မကောင်းမှုအကုသိုလ် တိုးပွားစေမည်ဖြစ်သဖြင့် ယခုဘဝအတွက်လည်းမကောင်း၊ နောင်ဘဝအတွက်လည်း မကောင်း ဖြစ်လေ၏။
ကောင်းမွန်မှန်ကန်သော အယူရှိပါက သမ္မာဒိဋ္ဌိဖြစ်၏။ မှားယွင်းသော မကောင်းသော အယူရှိပါက မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ ကောင်းမွန်မှန်ကန်သောအယူ (သမ္မာဒိဋ္ဌိ) ကို ခံယူလက်ခံထားရာမှ မှားယွင်းသော မကောင်းသောအယူ (မိစ္ဆာဒိဋ္ဌိ) ကို ပြောင်းလဲခံယူလက်ခံ လိုက်သောသူသည် ဒိဋ္ဌိဗျသန ဖြစ်သွားသောသူ ဖြစ်လေ၏။
လောကီအတွက်ဖြစ်စေ၊ လောကုတ္တရာအတွက်ဖြစ်စေ၊ မှန်ကန်ကောင်းမွန်သောအသိအမြင် အယူအဆ ထားရှိရန် လိုအပ်ပေသည်။ မှားယွင်းသော အယူအဆ၊ မှားယွင်းသော အယူဝါဒ ထားရှိပြီး ဆောင်ရွက်အားထုတ် သမျှ အမှားများကိုသာဖြစ်စေပြီး လွဲမှားသောအဖြစ်သို့ ရောက်ရလေတော့၏။ ပိုမိုရှင်းလင်းစွာ နားလည် စေခြင်းငှာ ဥပမာအချို့ကို ဖေါ်ပြလိုက်ရပေသည်။
ဥပမာ (၁)
ဆေးလိပ်သည် သောက်သုံးရန်မသင့်ဟု မှန်ကန်စွာနားလည် သိမြင်လက်ခံထားလျှင် ကောင်းမွန်မှန်ကန်သော အသိအမြင် အယူအဆဖြစ်၏။ လူငယ်အချို့သည် လူကြီးမိဘ ဆုံးမထားသည့်အတိုင်း မှန်ကန်စွာမခံယူတော့ဘဲ အပေါင်းအသင်းတို့၏ ဆွဲဆောင်စည်းရုံးခြင်းကို လက်ခံလိုက်ရာမှာ ဆေးလိပ်ရှူရှိုက်သောက်သုံးရသည်မှာ အရသာရှိသည်ဟု လည်းကောင်း၊ ခေတ်မှီသည်ဟုလည်းကောင်း ယူဆလက်ခံလိုက်မိပြီး တကယ်ပင် ဆေးလိပ် သောက်သုံးသဖြင့် ဆေးလိပ်စွဲသူဖြစ်ရလေတော့၏။ ထိုလွဲမှားသူအဖြစ်မှ ပြန်လည်တည့်မတ်ရန် ခဲယဉ်းတော့၏။ ဆေးလိပ်စွဲသဖြင့် ဆေးလိပ်ဖိုးကုန်ရ၏။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်နှင့်ဆိုင်သော ရောဂါလည်း ရနိုင်လေတော့၏။ ဆေးလိပ်နှင့်ပတ်သက်၍ လွဲမှားသော အယူထားရှိပြီး လွဲမှားစွာ အားထုတ်မိရာမှ လွဲမှားသော သူ အဖြစ်သို့ ရောက်လေသည်ဟု မှတ်ယူရပေမည်။ လူကြီးမိဘဆုံးမသည့်အတိုင်း ဆေးလိပ်သောက်ရန် မသင့်ဟူသော မှန်သောအယူ (သမ္မာဒိဋ္ဌိ) ပျက်ပြားသဖြင့် ဒိဋ္ဌိဗျသနပင် ဖြစ်လေ၏။
ဥပမာ (၂)
အိမ်ထောင်ရှင်အမျိုးသားတဦးသည် ဇနီးသားသမီးတို့နှင့်အတူ သာယာချမ်းမြေ့စွာနေ၏။ အိမ်ထောင်ရေး သာယာအောင် ထိန်းသိမ်းဦးစီးနိုင်၏။ မိသားစုစားဝတ်နေရေးပြေလည်ရေး၊ ဝင်ငွေစီးပွားကောင်းမွန်ရေး၊ အဆင်ပြေရေးအတွက် ဆောင်ရွက်နိုင်၏။ အသောက်အစား၊ လောင်းကစား၊ အပျောက်အပါးတို့နှင့် ကင်းရှင်း အောင် နေ၏။ ထိုအိမ်ထောင်ရှင်သည် မိမိ ကိုယ်ကျင့်တရား ကောင်းမွန်ရိုးသားစွာ ကြိုးစားအားထုတ်မှုဖြင့် အိမ်ထောင်ရေးသာယာသည်ကို နှစ်သက်ဝမ်းသာဂုဏ်ယူဖွယ်ဖြစ်သည်ဟု နားလည်ခံယူထား၏။ ထိုသူသည် အိမ်ထောင်ရေးနှင့် ပတ်သက်၍ မှန်ကန်သောအယူ ရှိသူဖြစ်လေ၏။
ထိုအိမ်ထောင်ရှင်အမျိုးသားသည် သူငယ်ချင်းအပေါင်းအသင်းတို့၏ တိုက်တွန်းဆွဲဆောင် စည်းရုံးခြင်းကိုခံရပြီး အရက်သောက်မှလူရာဝင်သည် ဟုလည်းကောင်း၊ ပတ်ဝန်းကျင်းကို ဂရုစိုက်နေရန်မလိုဟုလည်းကောင်း၊ လွဲမှား သောအယူအဆများကို ခံယူကျင့်သုံးလိုက်သဖြင့် အရက်သမားဘဝသို့ ရောက်တော့၏၊ အိမ်ထောင်ရေး သာယာမှု ထိခိုက်ပြီး စီးပွားရေးကျလာ၏။ အရက်သောက်သုံးမှုမှ ရောဂါလည်းရနိုင်၏။ ထိုသူသည် မိမိနှင့် မိမိအိမ်ထောင်ရေးအတွက် မှန်ကန်သောအယူအဆမှ မှားယွင်းသောအယူကို လက်ခံကျင့်သုံးသူဖြစ်၏။ အိမ်ထောင်ရေး အတွက် ဒိဋ္ဌိဗျသန ဖြစ်လေ၏။
ဥပမာ (၃)
နိုင်ငံရေးသမားတဦးသည် နိုင်ငံနှင့်ပြည်သူတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံလျှက် ဖြူစင်ရိုးသားစွာ လှုပ်ရှား ဆောင်ရွက်ခြင်းသည် ကောင်းမြတ်သော အလုပ်ဖြစ်သည်ဟူသော အယူအဆဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး အတွက် ရိုးသားကောင်းမွန်စွာ သယ်ပိုးဆောင်ရွက်နေရာမှ နိုင်ငံရေးဘန်းပြပြီး ကိုယ်ကျိုးရှာသူများနှင့် ပေါင်းမိ ရာ ကိုယ်ကျိုးစီးပွားသာအဓိကဟူသော အယူအဆကိုလက်ခံကာ ကိုယ်ကျိုးရှာလာလျှင်သော်လည်းကောင်း၊ နိုင်ငံရေးဝါဒစွဲ အစွန်းရောက်သူများနှင့်ပေါင်းမိပြီး တယူသန်အစွန်းရောက်သော အယူအဆကိုလက်ခံကာ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်များ လုပ်လာလျှင်သော်လည်းကောင်း ထိုသူသည် နိုင်ငံရေးနှင့်ပတ်သက်၍ မှန်သော အယူ (သမ္မာဒိဋ္ဌိ) ပျက်ပြားပြီး မှားသောအယူ (မိစ္ဆာဒိဋ္ဌိ) ဖြစ်လေ၏။ နိုင်ငံရေး ဒိဋ္ဌိဗျသန ဖြစ်လေ၏။
ဥပမာ (၄)
ပုဂ္ဂိုလ်တစ်ဦးသည်ကိုးကွယ်ရာ အစစ်အမှန်ဖြစ်သော ဘုရား တရား သံဃာ ရတနာ သုံးပါးကို ယုံကြည်စွာ ကိုးကွယ်ဆည်းကပ်ပြီး ထိုရတနာသုံးပါး၏ အဆုံးအမနှင့် လျှော်ညီစွာ ကျင့်ကြံနေထိုင်၏။ ထိုသူသည် ဘာသာရေး ကိုးကွယ်ယုံကြည်မှုတွင် မှန်ကန်သောအယူ (သမ္မာဒိဋ္ဌိ) ဖြစ်၏။ သို့သော် ထိုပုဂ္ဂိုလ်သည် အိမ်ထောင်ဘက်မှဖြစ်စေ၊ အပေါင်းအသင်း မိတ်ဆွေတို့မှဖြစ်စေ၊ ဆွဲဆောင်စည်းရုံးမှုအရ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် မယုံကြည်တော့ဘဲ ထိုပုဂ္ဂိုလ်သတ္တဝါက အရာရာကို ကူညီစောင့်ရှောက်သည်ဟု ယုံကြည်ကာ ထိုပုဂ္ဂိုလ်သတ္တဝါကိုသာ ယုံကြည်အားကိုးလေတော့၏။ ထိုသူသည် ဗုဒ္ဓဘာသာအရ ယုံကြည် ကိုးကွယ်မှုတွင် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်သော သမ္မာဒိဋ္ဌိပျက်သွားသဖြင့် ဒိဋ္ဌိဗျသန ဖြစ်လေ၏။
အထက်ဖေါ်ပြပါ ဥပမာများတွင် မှန်ကန်သောအယူပျက်ပြားပြီး မှားယွင်းသောအယူကို လက်ခံကျင့်သုံးခြင်း ဟူသော ဒိဋ္ဌိဗျသနကြောင့် လောကီ လောကုတ္တရာ အကျိုးစီးပွား ဆုတ်ယုတ်ပျက်စီးစေကြောင်း ကောင်းစွာ သိရှိနိုင်ပေသည်။ အထူးသဖြင့် စစ်မှန်သောယုံကြည်ကိုးကွယ်မှုပျက်ပြားသော ဒိဋ္ဌိဗျသန ဖြစ်ပါမူ ယခုဘဝလည်း စစ်မှန်ကောင်းမွန်သော အဆုံးအမ တရားတို့နှင့် ဝေးကွာသွားယုံသာမက နောင်ဘဝ အတွက်ဖြစ်စေ လောကုတ္တရာ ကောင်းကျိုးချမ်းသာအတွက်ဖြစ်စေ မှန်သောအယူမပျက်စေရန် (ဒိဋ္ဌိဗျသန မဖြစ်စေရန်) အလေး ထားဂရုပြုသင့်ပေသည်။
ဗျသနတရား (၅) ပါးသည် ကြုံတွေ့ရသော ပုဂ္ဂိုလ်၊ သတ္တဝါတို့အတွက် ကောင်းကျိုးချမ်းသာဆုတ်ယုတ်ပျက်စီးပြီး ဆိုးကျိုးဒုက္ခနှင့် ကိုယ်စိတ်ဆင်းရဲခြင်းကိုသာရစေသဖြင့် မည်သည့်အခါ၌မဆို ကင်းလွတ်ငြိမ်းစေကြောင်း ကောင်းသော အသိတရားဖြင့် ဆုတောင်းအားထုတ် သင့်ပေသည်။
စာဖတ်သူပရိသတ်တို့သည် မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံတွင် သြကာသ ဘုရားရှိခိုးတွင်ပါရှိသည့် မကြုံဆုံ သင့်သော၊ ကောင်းကျိုးချမ်းသာ ဆိတ်သုဉ်းကင်းဝေးစေသော မကောင်းမှုနှင့် ဆိုးကျိုးသာ တိုးပွားစေသော ဆင်းရဲဒုက္ခဖြစ်စေသော အဆိုးတရားများ အဘယ်မျှ ဖြစ်ထွန်းစေသည်၊ ဖြစ်ထွန်းနေသည်ကို ဂရုပြုသုံးသပ် သင့်ပေသည်။
ထိုအဆိုးတရားတို့ကား အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးတရားငါးပါး၊ ဝိပ္ပတ္တိတရားလေးပါး၊ ဗျဿနတရားငါးပါး တို့ဖြစ်၏။ မိမိတို့ဘဝ၊ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့နိုင်ငံတွင် ထိုအဆိုးတရားတို့ ဖြစ်ထွန်း စေလျှက်၊ ဖြစ်ထွန်းနေလျှက်ရှိပါလျှင် အဘယ်သို့ တားဆီး၊ အဘယ်သို့ လွတ်ကင်းအောင် နေထိုင်အားထုတ် သင့်သည်ကို နားလည်သိရှိရန် လိုအပ်ပေသည်။ (ဆက်လက် ထုတ်ဝေသွားမည့် စာစောင်များတွင် အဘယ်အကြောင်း အရာကိစ္စတို့သည် ဤသြကာသ ဘုရားရှိခိုးပါ အဆိုးတရားများဖြစ်ကြောင်းနှင့် မည်သို့ တားဆီး၊ မည်သို့လွတ်ကင်းအောင် အားထုတ်သင့်ကြောင်း အလျှဉ်းသင့်သလို ဖေါ်ပြသွားပါမည်။)
ရှေးအစဉ်အဆက်ဆက်မှ ယခုထိတိုင် မြန်မာပြည်သား ဗုဒ္ဒဘာသာဝင်တို့ သြကာသ ဘုရားရှိခိုးကို တဦးချင်း ရွတ်ဆို၍ဖြစ်စေ၊ လူအများစု သံပြိုင်ညီညာစွာ ရွတ်ဆို၍ဖြစ်စေ ဘုရား တရား သံဃာရတနာသုံးပါးကို ရှိခိုးပူဇော်ကန်တော့ကြသည်မှာ ချစ်ခင်လေးစားဖွယ် ကောင်းမြတ်သော အစဉ်အလာ ဖြစ်ပေသည်။ ရှေး သူတော်ကောင်း ပညာရှိရဟန်းတို့ စီမံပေးထားခဲ့သည့် ဤ သြကာသဘုရားရှိခိုးကို ကောင်းမြတ်သော အစဉ် အလာအဖြစ် ဆက်လက်ထိန်းသိမ်းသွားသင့်သည့်အပြင် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် အဓိပ္ပာယ်ကိုပါ ကောင်းမွန် ရှင်းလင်းစွာ လေးလေးနက်နက်နားလည် သိရှိထားသင့်ပေသည်။ ထိုသို့ကောင်းစွာ သိရှိနားလည်ပြီး ရှိခိုးပူဇော်
ကန်တော့မှသာ ပိုမိုကုသိုလ်ရရှိမည်ဖြစ်သဖြင့် သြကာသ ဘုရားရှိခိုးအကြောင်း ရှင်းလင်းတင်ပြရေးသား လိုက်ရပေသည်။
သတ္တဝါမှန်သရွေ့ အလင်းတွေ့ချမ်းမြေ့ကြပါစေ။
သူရသေန
ကျမ်းကိုးကျမ်းကား
၁။ အရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်)၏ ရတနာ့ဂုဏ်ရည်ကျမ်း
၂။ အရှင်သြသဓ၏ ဓမ္မာရုံကျမ်းစာ

Thursday, July 15, 2010
Wednesday, July 14, 2010
အချိန်လေးနည်းနည်းပေးပါ
အိမ်ထောင်သက် (၂၁)နှစ်အကြာမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အမျိုးသမီးတစ်ယောက်နဲ့ ညစာအတူ ထွက်စားပြီး ရုပ်ရှင်အတူတူ ကြည့်စေချင်ကြောင်း ပြောလာပါတယ်။ ကျွန်တော့်မိန်းမက ပြောပါတယ်။ သူကျွန်တော့်ကို ချစ်တယ်တဲ့။ ဒါပေမယ့် အဲဒီအမျိုးသမီးလည်း ကျွန်တော့်ကို သိပ်ချစ်ပြီး ကျွန်တော်နဲ့ အတူတူ ရှိနေချင်တာ သူသိတယ်တဲ့။
ကျွန်တော့်မိန်းမပြောနေတဲ့ အမျိုးသမီးဆိုတာ မုဆိုးမအဖြစ် ဘ၀ကိုဖြတ်သန်းနေတာ (၁၉)နှစ်ရှိပြီဖြစ်တဲ့ ကျွန်တော့်အမေပါ။ ကျွန်တော့်ရဲ့ အလုပ်တွေနဲ့ သားသမီး(၃)ယောက်အတွက် တာဝန်တွေကြောင့် အမေ့ဆီကို အကြောင်းထူးရှိတဲ့ တခါတရံကလွဲလို့ သိပ်မရောက်ဖြစ်ပါဘူး။
အဲဒီညကတော့ အမေ့ကိုဖုန်းဆက်ပြီး ကျွန်တော်နဲ့အတူ ညစာထွက်စားပြီး ရုပ်ရှင်ကြည့်ဖို့ ပြောလိုက်ပါတယ်။
"သား... နေရောကောင်းရဲ့လား။ ဘာများဖြစ်နေလဲ?"
အမေဟာ ညည့်နက်မှဖုန်းလာရင်၊ ဆိုင်းမဆင့်ဗုံမဆင့် အပြင်ထွက်စားဖို့ခေါ်ရင် သတင်းဆိုးတွေများ ရှိလို့လားလို့ သံသယ၀င်တတ်တဲ့သူပါ။
"မဟုတ်ပါဘူး အမေရယ်။ အမေနဲ့ အေးအေးဆေးဆေးတွေ့ပြီး စကားလေးဘာလေး ပြောချင်လို့ပါ။ ကျွန်တော်နဲ့ အမေနဲ့ နှစ်ယောက်ထဲလေ"
အမေက စဉ်းစားသလို ခဏငြိမ်သွားပြီးမှ "အရမ်းကောင်းတာပေါ့ သားရယ်" လို့ ပြန်ပြောပါတယ်။
အဲဒီအပတ် သောကြာနေ့မှာ ရုံးဆင်းတာနဲ့ အမေ့ကိုကားနဲ့ သွားကြိုပါတယ်။ ကျွန်တော့်စိတ်ထဲမှာ နည်းနည်းလှုပ်ရှားနေမိတယ်။ အမေ့အိမ်ကို ရောက်တဲ့အခါမှာ အမေလည်း ကျွန်တော့်လိုပဲ စိတ်လှုပ်ရှားပျော်ရွှင်နေတာ တွေ့ရပါတယ်။ အမေက ကုတ်အကျီလေးဝတ်ပြီး တံခါးဝမှာ စောင့်နေပါတယ်။ ဆံပင်လေးတွေကို အခွေအလိပ်လေးတွေ လုပ်ထားပြီး အဖေနဲ့နောက်ဆုံးအကြိမ် မင်္ဂလာနှစ်ပတ်လည် ပွဲတုန်းက ၀တ်ခဲ့တဲ့ အကျီလေးကိုပဲ ၀တ်ထားပါတယ်။ အမေ့မျက်နှာပေါ်က အပြုံးဟာ နတ်သမီးတစ်ယောက်ရဲ့ ကိုယ်ရောင်ကိုယ်ဝါလိုပဲ လင်းလက်တောက်ပနေပါတယ်။
"အမေ့သူငယ်ချင်းတွေကို ငါ့သားလေးနဲ့ အပြင်ထွက်ပြီး ထမင်းစားမလို့ လို့ပြောလိုက်တော့ သူတို့တွေက အမေ့ကိုအထင်ကြီးနေကြတယ်။ သားနဲ့ ဘယ်တွေသွားတယ် ဘာတွေစားတယ်ဆိုတာ သူတို့ကိုပြန်ပြောပြရဦးမယ်။ သိပ်သိချင်နေကြတယ်..." ကားပေါ်တက်ရင်း အမေကပြောတယ်။
ဆိုင်အကောင်းစားကြီးမဟုတ်ပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နွေးထွေးမှုရှိတဲ့ ဆိုင်လေးတစ်ဆိုင်ကို ကျွန်တော်တို့သွားလိုက်တယ်။ ထိပ်တန်းအမျိုးသမီးကြီး တစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ အမေက ကျွန်တော့်လက်မောင်းကို ကိုင်ထားပါတယ်။ စားပွဲမှာ ထိုင်ပြီးတော့ အစားအသောက်စာရင်းကို ကျွန်တော်က ဖတ်ပြရပါတယ်။ အမေက စာလုံးကြီးကြီးတွေကိုပဲ ဖတ်နိုင်တော့လို့ပါ။ ဖတ်ရင်းတန်းလန်းနဲ့ မော့ကြည့်မိတော့ ကျွန်တော့်ကို ထိုင်ပြီးစိုက်ကြည့်နေတဲ့အမေ့ကို တွေ့ရပါတယ်။ အတိတ်ကို သတိရနေတဲ့ အပြုံးလေးနဲ့ အမေကပြောတယ်...
"သားငယ်ငယ်လေးတုန်းကတော့ အစားအသောက်စာရင်းကို ဖတ်ပြတဲ့သူက အမေပေါ့..."
"အခုတော့ အမေအနားယူပြီး ကျွန်တော့်ကို အလှည့်ပေးပေါ့... နော်အမေ..." လို့ ကျွန်တော် ပြန်ပြောလိုက်ပါတယ်။
ညစာစားရင်း ကျွန်တော်တို့နှစ်ယောက် စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်။ ပြောဖြစ်တဲ့ အကြောင်းအရာတွေက ဘာမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ အခုလတ်တလော ကိုယ်ဘာတွေလုပ်တယ် ဘာတွေဖြစ်တယ်ဆိုတာကို အပြန်အလှန် ပြောဖြစ်ကြတာပါ။ စကားပြောတာ ဘယ်လောက်ကြာသွားသလဲဆိုရင် ရုပ်ရှင်တောင် လွတ်သွားတဲ့အထိပါပဲ။
အမေ့ကို အိမ်ပြန်ပို့တော့ အမေက "အမေတို့ နောက်တစ်ခါလည်း အခုလိုပဲ အပြင်ထွက်စားကြဦးမယ်လေ။ ဒါပေမယ့် ဒီတစ်ခါတော့ အမေက ကျွေးမှာနော်..." လို့ပြောလို့ ကျွန်တော် သဘောတူလိုက်ရပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ ကျွန်တော့်မိန်းမက "ညစာထွက်စားတာ ပျော်ခဲ့လား" လို့ အပြုံးနဲ့ မေးပါတယ်။
"အရမ်းပျော်ဖို့ကောင်းတယ်။ ကိုယ်မျှော်လင့်ထားတာထက်တောင် အများကြီးပိုပြီး ပျော်ဖို့ကောင်းပါတယ်..." လို့ ပြန်ဖြေမိပါတယ်။
ရက်အနည်းငယ်အတွင်းမှာပဲ ရုတ်တရက် ပြင်းထန်တဲ့ နှလုံးရောဂါခံစားရပြီး အမေဆုံးရှာပါတယ်။ အဖြစ်အပျက်က မြန်ဆန်လွန်းလို့ အမေ့ကို ကျွန်တော် ဘာမှတောင် လုပ်မပေးလိုက်နိုင်ပါဘူး။ အမေဆုံးပြီး သိပ်မကြာခင်မှာ အမေနဲ့ကျွန်တော် သွားခဲ့တဲ့ စားသောက်ဆိုင်က ငွေလက်ခံဖြတ်ပိုင်း မိတ္တူတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ် ကျွန်တော့်ဆီကို ရောက်လာပါတယ်။ ဖြတ်ပိုင်းမိတ္တူနဲ့အတူ အမေရေးထားတဲ့ စာလေးတစ်စောင်ပါ ပါလာပါတယ်။
"သား... ဒီငွေတောင်းခံလွှာအတွက် အမေကြိုပြီး ပိုက်ဆံပေးခဲ့တယ်...
အဲဒီနေ့မှာ အမေသားတို့နဲ့ အတူရှိနေနိုင်ပါ့မလားဆိုတာတော့ သိပ်မသေချာဘူး...
ဘာပဲဖြစ်ဖြစ် အမေလူနှစ်ယောက်စာအတွက် ပိုက်ဆံပေးခဲ့တယ်။ အမေ့သားနဲ့ အမေ့ချွေးမ အတွက်ပါ...
သားနဲ့ညစာထွက်စားတဲ့ညဟာ အမေ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိတယ်ဆိုတာ သားဘယ်တော့မှ သိမှာမဟုတ်ပါဘူး...
သားကို အမေသိပ်ချစ်တယ်..."
အမေ့စာကို ဖတ်ပြီးချိန်မှာ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း အချိန်မီပြောဖို့၊ သူတို့ရသင့်တဲ့ တန်ဖိုးရှိတဲ့ ပျော်ရွှင်စရာအချိန်တွေကို အချိန်မီပေးဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျွန်တော်နားလည်လိုက်ပါတယ်။
ဘ၀မှာ ဘုရားနဲ့ မိသားစုထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိပါဘူး။
တန်ဖိုးရှိတဲ့ ဇာတ်လမ်းလေးမို့လို့ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။ အခုလို မိဝေးဖဝေးနဲ့ တနယ်တကျေးရောက်နေတဲ့အချိန်မှာ လူကြီးမိဘတွေနဲ့ တစ်အိမ်ထဲမှာ အတူတူနေခွင့် ပြုစုခွင့်ရနေတဲ့သူတွေကို အားကျမိပါတယ်။ ကျွန်မလည်း မိဘနဲ့အတူတူနေတဲ့ အချိန်တွေတုန်းက (မိဘခိုင်းတာရှိရင်တော့ အကုန်လုံး လုပ်ပေးခဲ့ပေမယ့်) မိဘနားသိပ်မနေခဲ့ပဲ အချိန်အားရင် ကိုယ်ဘာသာတစ်ယောက်ထဲ နေတတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မိဘနဲ့နေရတဲ့ အချိန်တွေကို တမက်တမော ပြန်လိုချင်နေခဲ့ပါပြီ။ ဘ၀မှာ ကိုယ့်ဘာသာရုန်းကန်ရင်း လူတွေအကြောင်းပိုသိလာတဲ့ အခါကျမှ နောက်ဆုံးကိုယ့်ဘက်မှာ အမြဲတမ်းရပ်တည်တဲ့ သူတွေဟာ မိသားစုပဲဆိုတာ ပိုပြီးနားလည်လာမိပါတယ်။ မိဘနဲ့ အတူနေနေဆဲဖြစ်တဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း အလုပ်တွေရှုပ်နေပေမယ့် မိဘအတွက် အချိန်သပ်သပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ Happy "Good Friday" ပါ...
မှတ်ချက်။ ။ အပေါ်မှာ အသုံးပြုထားတဲ့ပုံကို http://www.supplyjewelry.com က ကူးယူထားတာပါ။

အရည်အချင်း ပြည့်မီသောနေ့
ကျော်သိင်္ခ Thursday, June 03, 2010
ကျနော် ငယ်စဉ်က နယ်တွင် နေသည်။ နယ်ဟု ဆိုသော်လည်း ရန်ကုန်နှင့် သိပ်ပြီးတော့ မဝေးလှ။ ကျနော်တို့ မိသားစုလေးက အင်မတန် ပျော်စရာ ကောင်းသော မိသားစုလေး ဖြစ်သည်။ ကျနော်တို့ မိသားစုတွင် အဖေ၊ အမေ နှင့် ကျနော် အပါအ၀င် မွေးချင်း ၁၂ ယောက်၊ ပေါင်း ၁၄ ယောက်ရှိသည်။ အဖေ၏ ညီ၊ ဦးလေး ဆိုလျှင် မွေးချင်း သားသမီးမွေးထားတာချည်း ၁၅ ယောက်ရှိသည်။ မိသားစု ၂ စုခွဲ၍ ဘောလုံး နှစ်သင်းဖွဲ့ပြီး ချိန်းကန်၍ရသည်။
ကျနော် သူငယ်တန်း စတက်ခါစက ... ကျောင်းတွင် ဆရာ၊ ဆရာမ၊ သူငယ်ချင်း ကျောင်းသား မိဘတွေက “ဟဲ့ … ကျော်သိင်္ခ၊ နင့်မှာ မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ” ဟု မေးလျှင် ကျနော် အပိုအလို ကြွားပြီးမပြောတတ်ပါ။ မှန်ရာကိုပဲ ဆိုပါသည်။ “ဆယ့်နှစ်ယောက်” ဟု ဆိုလိုက်လျှင် ဆရာ၊ ဆရာမ များက တပြုံးပြုံး၊ သူငယ်ချင်းများက တဟားဟား၊ သူငယ်ချင်း မိဘများက ၀ါးလုံးကွဲ ၀ိုင်းရယ်ကြသည်။ အစ်ကို၊ အစ်မတွေကလည်း တစ်တန်းမှ စ၍ ဆယ်တန်းအထိ အတန်းစုံတွင်ရှိသည်။ ထို့ကြောင့် ကျောင်းတွင်သော်လည်းကောင်း၊ အရပ်ထဲတွင်သော်လည်းကောင်း ကျနော့်ကို သူငယ်ချင်းများက ဖြစ်စေ၊ အိမ်နီးနားချင်း များက ဖြစ်စေ မခံချင်အောင် မစရဲကြပါ။ အစ်ကို၊ အစ်မများ ကြားလျှင်လည်း ၎င်းတို့၏ ညီ၊ မောင် တခုခုဖြစ်သည်ကို ကြားလျှင် ကြား ရာနေရာကနေ ရောက်လာတတ်သည်။ ထိုမျှလောက် သွေးစည်းသည်။
ထို့ပြင် ကျနော့်အား ဘယ်မျှလောက် ချစ်ကြသည် ဆိုသည်ကိုလည်း ပြောပြချင်သေးသည်။ နေ့စဉ်နေ့တိုင်း အဖေ သို့မဟုတ် အမေ သို့မဟုတ် အစ်ကို၊ အစ်မ တယောက်ယောက်၏ လက်စွမ်းပြ ရိုက်နှက်၊ ဒဏ်ပေးတာကို ကျနော်မခံရသည့်နေ့ တနေ့မှမရှိပါ။
တခုတော့ စဉ်းစားစရာ။ ကျနော့်အနေနှင့် ကျနော့်အထက်က အဖေ၊ အမေ၊ အစ်ကို၊ အစ်မ စုစုပေါင်း ၁၃ ယောက် တို့၏ မူဝါဒ တွေ နှင့် ညီညွတ်အောင် မနေတတ်ခဲ့၍လား၊ သို့မဟုတ် သူတို့၏ မူဝါဒများကပင် တင်းကျပ်လွန်းနေ၍လား ကျနော် မသိပါ။ ကျနော် သိသည်ကတော့ ကျနော်သည် လိမ္မာသည်ဟု ကိုယ့်ကိုယ်ကို ကျမ်းကြိမ်ပြီး ဆိုနိုင်သည်။ သို့သော် ကျနော် ဘာ့ကြောင့် နေ့စဉ် အရိုက်ခံနေရသည်ကို ငယ်စဉ်က အဖြေရှာနေမိသည်။ သေချာတာကတော့ သူတို့မကြိုက်သည်ကို လုပ်မိ၍ ဒဏ်ပေးခံရသည်သာ ဖြစ်သည်။ သို့ ဆိုရလျှင် သူတို့ ပြဌာန်းသည့် ဥပဒေများကို ကျနော် ပြောပြပါမည်။
၁။ ရေမကူးရ
၂။ မီးမဆော့ရ (အကြီးလေးဆုံးအပြစ်ဒဏ်)
မှတ်ချက် - ဤအပြစ်ဒဏ်ကို အဖေက ပေးမည်။
၃။ ဟင်း ချေးမများရ။
၎။ ညစ်ညမ်းသော စကားလုံးများ အိမ်သို့ ယူမလာရ။
၅။ သူများ နှင့် ရန်ဖြစ်လာလျှင် သူများကလည်း ခံရ၍ အိမ်ကိုလာမတိုင်စေရ၊ မိမိကိုယ်တိုင်လည်း သူများလုပ်တာ မခံစေရ။
၆။ သူများပိုင်ဆိုင်သည့် ပစ္စည်းကို ပိုင်ရှင်မသိပဲ မယူရ (ဒုတိယအကြီးဆုံးအပြစ်ဒဏ် - ၀ါးခြမ်းပြားဒဏ်)
မှတ်ချက် - ဤ အပြစ်ဒဏ်ကို အမေက ပေးမည်။
၇။ အိမ်က လှမ်းခေါ်၍ မကြားနိုင်သည့်နေရာသို့ မသွားရ (ကျနော် အများဆုံးကျူးလွန်သည့် အပြစ်ဖြစ်သည်)
၈။ အစ်ကို၊ အစ်မများက ကြမ်းတိုက်ထားလျှင် တအိမ်လုံး အနှံ့ လျှောက်မသွားရ။ ခြေထောက်ဆေးပြီး ခြေထောက်ကို ရေခြောက် အောင် သုတ်ပြီးမှ သွားရမည်။ ကြမ်းပြင်တွင် ခြေရာ ဗရဗွ ဖြစ်နေပါက အပြစ်ပေးခံရမည်။
မှတ်ချက် - ထိုအပြစ်ကို ထိုနေ့တွင် ကြမ်းတိုက် တာဝန်ကျသည့် အစ်ကို (သို့မဟုတ်) အစ်မက ပြစ်ဒဏ်ပေးမည်။
စည်းကမ်းချက် ၁ မှ ၆ ကို အဖေ နှင့် အမေတို့ က ပြဌာန်းထားခြင်းဖြစ်ပြီး ကျန်အချက်များကို အစ်ကို နှင့် အစ်မ များက ပြဌာန်းထားခြင်း ဖြစ်သည်။
ကျနော်တို့ အိမ်ရှိ သစ်သား ထမင်းစား စားပွဲဝိုင်းကြီးမှာ မိသားစု အားလုံး ၀င်ဆန့်ရန် လက်သမား ဆရာကို တကူးတက ခေါ်ယူ၍ လုပ်ခိုင်းထားရသည်။ အစ်ကို နံပါတ် ၁၁ နှင့် ကျနော်မှာ မိသားစုအတွင်းတွင် အဖေ၊ အဖေ နှင့် ကျန်သော အစ်ကို အစ်မများ နှင့် ထမင်းတ၀ိုင်းတည်းစားခွင့်ရ ရန် အရည်အချင်း မပြည့်မီ (qualify မဖြစ်) သည့်အတွက်ကြောင့် သူတို့ နှင့် အတူ ထမင်း တ၀ိုင်းတည်း စားခွင့်မရှိပါ။
အားလုံးနှင့် ထမင်း အတူ စားခွင့် ပါမစ်ကို အစ်မ နံပါတ် ၆ က ချပေးခြင်းဖြစ်ပါသည်။ နံပါတ် ၁၀ အစ်မသည်ပင် တ၀ိုင်းတည်း စားခွင့် ရထားတာ သိပ်မကြာသေး။ အဘယ့်ကြောင့်ဆိုသော် နံပါတ် ၁၀ အစ်မက ဟင်းရည်သောက်ပြီး၍ ဟင်းရည်ခွက်ထဲ ဇွန်းပြန်ထည့်လျှင် အသံမြည်အောင် ချသော အကျင့်ရှိသည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော် ယခုသူ qualified ဖြစ်သွား၍ အတူစားခွင့်ပါမစ် ရထားတာ သိပ်မကြာသေး။ ပါမစ်ရခါစဆိုတော့ သူ စကားပြော တာကိုက လူကြီးတွေ လေသံမျိုးနှင့်။ စကားပြော နည်းနည်း ကြီးကျယ်လာသည်။ ဒီကြားထဲ အမေက သူ့ကို စကတ်ဝတ်သည့် အဆင့်မှ ထဘီဝတ်သည့်အဆင့်ထိ promotion လုပ်ပေးလိုက်သည်က ပိုဆိုးသည်။ အဆိုးဆုံးက သူ ကျနော်တို့ ညီအစ်ကို နှစ်ယောက် နှင့် အတူ မကစားတော့ခြင်း ဖြစ်သည်။ ကျနော့်မျက်စိထဲ သူ့ကို တယ်ပြီးကြည့်မရတော့ပါ။
နံပါတ် ၁၁ အစ်ကို ကိုတော့ အတူစားခွင့်ပါမစ် ရစေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူက ကစားလျှင် ကျနော့်ကို ညီလေး ဆိုပြီး ညှာသည်။ သူ သွားကစားလျှင်လည်း ခေါ်သည့်အတွက် အစ်ကိုတွေထဲမှာ သူ့ကို အချစ်ဆုံးဖြစ်သည်။ လမ်းထိပ်က ခေါက်မုန့် ရောင်းသော ပါပါသီးက အစ်ကို ၁၁ စကားပြောတာကို “လူကြီးလေးလိုပဲ” ဟု မကြာ ခဏပြောသည့် အတွက်ကြောင့် လည်း သူ့ကို လူကြီးတွေ နှင့်အတူ စားခွင့်ပါမစ် ရစေချင်တာဖြစ်သည်။ သို့သော် သူက လူကြီးတွေနှင့် ထမင်းစားလျှင် လူကြီးတွေပြော တာကိုချည်း နားထောင်၍ ထမင်းကို ပြီးအောင် မစား။ အများပြီး၍ ထမင်းဝိုင်း သိမ်းခါနီးကျမှ အမြန်စားရာ ထမင်း သီးကုန်သည်။ ထို့ကြောင့် အစ်မ ၆ က သူ့အား အတူစားခွင့်ပါမစ် မပေးသေးခြင်းဖြစ်သည်။
ထမင်းစားပြီဆိုလျှင် သူ နှင့် ကျနော် နှစ်ယောက်လုံးအား အမေက ပန်းကန်ထဲမှာ ဟင်းပုံပေးလိုက်သည်။ ညီအစ်ကို နှစ်ယောက် သား ကိုယ့်ပန်းကန်ကိုယ်မပြီး၊ အိမ်ရှေ့က သံဆန်ခါကွက်လေးများ ကာထားသည့်နေရာတွင် သွားစားကြရသည်။ လမ်းက ဖြတ်သွားသည့် တလမ်းတည်းသားများကို လှမ်းနှုတ်ဆက်ကြသည်။ “ထမင်းစားပါဦး” ဟု လှမ်းလှမ်းခေါ်၍ အိမ်နောက်ဖေးမှ အမေက တဟဲ့ဟဲ့ အော်ကာ “ထမင်းပြီးအောင် မစားကြဘူး” ဟု ဆူတော့မှ ထိုကဲ့သို့ လူတွေ့လျှင် လှမ်းလှမ်းခေါ်သည့်အကျင့် ပျောက်သွားသည်။ အိမ်ရှေ့တွင် ပိုက်ဆံကြေး ပစ်နေကြသော ကျောက်ဒိုးဝိုင်းကလည်း ကောင်းနေတော့ ထမင်းလည်းစား၊ ငေးလည်းငေးပေါ့။ နောက်ဖေးမှ လူကြီးများ ထမင်းစားဝိုင်းပြီးသည်အထိ ကျနော်တို့ ညီအစ်ကိုနှစ်ယောက် ထမင်းစား၍ မပြီး။ ထိုအခါ အစ်မ ၆ က ဆူလည်းဆူ၊ ပြောလည်းပြောရင်း ကျန်နေသော ထမင်းများကို ခွံ့ကျွေး၍ ထမင်းစားခြင်းကို လက်စသတ်ပေး လိုက်သည်။
တရက်တွင် တွံတေးမြို့မှ အဖေ၏ ညီ၊ ဦးလေး နှင့် သူ့သားတို့ အိမ်ကို အလည်လာကြသည်။ ကျနော်တို့ ညီအစ်ကို နှစ်ယောက် လည်း ညီအစ်ကို ၀မ်းကွဲနှင့် အတူဆော့ရမည်ဖြစ်သည့်အတွက် ပျော်ကြသည်။ ညီအစ်ကို ၀မ်းကွဲက ကျနော့်အောက် လပိုင်း ငယ်သည်ဟု အမေက ပြောထား၍ သိရသည်။ ကျနော်တို့လည်း ညီအစ်ကို ၀မ်းကွဲနှင့် အတူဆော့ကြသည်။
သို့သော် ညနေ ထမင်းစားကြသောအခါ ဦးလေးက ကျနော်တို့ ညီအစ်ကို နှစ်ယောက်အား “ဟေ့ … ငါ့တူကြီးတွေ၊ မင်းတို့ ညီနဲ့ ထမင်း အတူတူစားလေ၊ တခါတလေမှတွေ့ကြရတာ၊ ရောက်တုန်းရောက်ခိုက် အတူတူ စားကြပေါ့” ဟု ဆိုသဖြင့် ကျနော်နှင့် အစ်ကို ၁၁ တို့ ၀မ်းသာသွားသည်။ လူကြီးများ ထမင်းဝိုင်းတွင် သူတို့ ပြောသည့် စကားများကို နားထောင်ပြီး ထမင်းစားရသည်ကို ပျော်သည်။ သူတို့ပြောသည့်အကြောင်းအရာများကလည်း စိတ်ဝင်စားစရာကောင်းသည်။
ထမင်းမစားမီ တနာရီခန့်အလိုတွင် အစ်မ ၆ က “အေး … မင်းတို့ကို အစ်မ ဒီပွဲမှာ ကြည့်မယ်။ ဒီမှာ ထမင်းစားတာ စံနစ်တကျ စားတတ်သွားရင် နောင်ကို လူကြီးတွေနဲ့ အတူတူ စားရမယ်” ဟု လူကြီးများ ကွယ်ရာမှာ တီးတိုးပြောပါသည်။
အမေကလည်း “ဖိုးကျော် နဲ့ ဖိုးဇော်၊ အမေဒီနေ့ ဧည့်သည်တွေလည်းရှိတော့ ဘဲဥဟင်း၊ ငါးလေးဟင်း နဲ့ ပဲကုလားဟင်းချက်တယ်။ ငါးလေးဟင်း ကိုတော့ ပန်းကန်ထဲမှာ ပုံပေး လိုက်မယ်။ ဘဲဥဟင်း နဲ့ ပဲကုလားဟင်းကိုတော့ ခုံဝိုင်းပေါ်က အလယ်ပန်းကန်ထဲမှာ ထည့်ထားမယ် ဟုတ်ပြီလား။ အမေ မင်းတို့ကို ထည့်မပေးဘူး။ ကိုယ့်ဟာကိုယ် ယူစား။ ဒါပေမယ့် ဘဲဥကို တခြမ်းထက် ပိုမယူရဘူးနော်” ဟု မှာပါသည်။
ကျနော်လည်း လူကြီးတွေနည်းတူ ဘဲဥဟင်း တခြမ်းကို ဟန်ပါပါ လှမ်းနှိုက်လိုက်သည်။ လက်ကတော့ တုန်ချင်ချင်။ တခါမှ သည်လို အခွင့်အရေးမျိုး မရဘူးပါ။ အစ်ကို ၁၁ ပန်းကန်ထဲကိုကြည့်လိုက်တော့ သူက ဒီတခါ လက်မြန်သည်။ ဘယ်အချိန် ကတည်းက ဘဲဥတခြမ်း သူ့ပန်းကန်ထဲကို ရောက်နေသည်မသိ။ ညီအစ်ကို ၀မ်းကွဲကလည်း စားလိုက်တာမှ နောက်တပန်းကန်ပင် ထပ်ယူသည်။ ကျနော်က တပန်းကန်တောင် စားမကုန်သေး။ ထမင်းမဖိတ်အောင်လည်း ထိန်းပြီးစားနေရသေးသည်။
ထိုအခိုက် ညီဝမ်းကွဲက ဘဲဥကို နောက်တခြမ်း ထပ်နှိုက်ရန် ဟင်းဇွန်းကို လှမ်းကိုင်လိုက်စဉ်၊ ကျနော်လည်း အလန့်တကြား ဖြစ်ကာ “အမေ … ဧည့်သည်ရော တခြမ်းပဲလားဟင်” ဟု အမေ့မျက်နှာကို ကြည့်ပြီးမေးလိုက်သည်။ ထိုအခါ ညီအစ်ကို ၀မ်းကွဲလည်း ကိုင်မိပြီးသားဖြစ်သော ဇွန်းကို လန့်၍ လွှတ်ချလိုက်ရာ ဘဲဥတခြမ်းရော၊ ဇွန်းပါ ပြုတ်ကျသွားတော့သည်။
ကျနော် ပြောခွင့်ရှိပါသည်။ တော်ကြာ သူက နောက်တခြမ်းစားလိုက်လျှင် အစ်မ ၁ နှင့် အစ်ကို ၃ တို့လည်း ထမင်း မစားရ သေးသည့်အတွက် သူတို့အတွက် ကျန်တော့မည်မဟုတ်ဟု တွေးထားသောကြောင့်ဖြစ်သည်။ ထို့သို့ပြောခြင်းသည် ကိုယ့်အစ်ကို၊ အစ်မများအတွက် ထည့်စဉ်း စားရာရောက်သည်။ သူတို့ကို ချစ်ရာရောက်သည်။ အစ်မ ၆ မျက်နှာကို လှမ်းကြည့်လိုက်တော့ သူက တည်တည်ငြိမ်ငြိမ်ပင်။ သူ့ စိတ်ထဲတွင် “သြော် … ငါ့မောင်လေး၊ ကျန်တဲ့ အစ်ကို၊ အစ်မတွေအတွက် မကျန်မှာစိုးလို့ ပြောလိုက်တာ နေမှာ” ဟုလည်း တွေးကောင်း၊ တွေးနေလိမ့်မည်။ ထို့ကြောင့် ကျနော့်စိတ်ထဲတွင်တော့ သည်တချက်တည်းနှင့်ပင် qualified ဖြစ်သွားပြီဟု အပိုင် တွက်ထားလိုက်သည်။
သို့သော် အခြေအနေက ကျနော်ထင်သည့်အတိုင်း ဖြစ်မလာခဲ့ပါ။ ထမင်းဝိုင်းပြီးဆုံး၍ နောက်ထပ် ၂ နာရီခန့်ကြာသောအခါ အမေက ကျနော့်ကို မီးဖိုဆောင်ထဲတွင် ဧည့်သည်အပေါ် အလိုက်မသိတတ်ဟူသော ပြစ်ချက်ဖြင့် ၀ါးခြမ်းပြားစာ ကျွေးပါတော့ သည်။ ဤနေရာတွင် ကျနော် ရလိုက်သည့် သင်္ခန်းစာက ကိုယ့်အိမ်က လူထက်စာလျှင် ဧည့်သည်ကို ဦးစားပေးရမည်ဟူသော သင်္ခန်းစာပင်ဖြစ်သည်။ ကျနော် ဧည့်သည်အပေါ်ကို အလိုက်မသိတတ်ခဲ့ပါ။ ထိုနေ့က ထမင်းဝိုင်းတွင် ကျသော စာမေးပွဲက ကျောင်းကစစ်ဆေးသော စာမေးပွဲ ကျတာထက် ကျနော့်စိတ်ကို ပို၍ ထိခိုက်စေပါသည်။
ကျနော့်တွင် ညီအစ်ကို မောင်နှမ များသော်လည်း အစ်ကို၊ အစ်မများနှင့် သိုင်းသိုင်းဝန်းဝန်း ထမင်းအတူမစားရ၍ အထီးကျန် ဖြစ်ရသည်။ အမေရိုက်တုန်းက အစ်ကို၊ အစ်မ တယောက်ယောက်က “အမေရယ် … တော်ပါတော့၊ မောင်လေး၊ ညီလေးကို မရိုက်ပါနဲ့” ဟူ၍ ၀ိုင်း မဆွဲကြတာကို ကျနော်တော်တော် စိတ်မကောင်းဖြစ်မိသည်။
ကျနော်နှင့် အစ်ကို ၁၁ မှာ အိပ်ချိန်မှသာ အမေ့ကို ဖက်ပြီး အိပ်ခွင့်ရကြသည်။ ကျနော့်အဖြစ်ကို ကျနော် တော်တော် ၀မ်းနည်း သွားသည်။ ပြီးတော့ ကျောင်းပိတ်ရက်၊ နေ့လယ်ခင်း ထမင်းစားပြီးချိန်များတွင် အမေက ကျနော်တို့ကို သူနှင့်အတူ နောက်ဖေး အဖီလေးမှာ အတူအိပ်ခိုင်းသည်။ နေ့လယ်ခင်း လျှောက်မဆော့ဘဲ သူနှင့် အတူအိပ်လျှင် ညနေ နိုးလာပါက တယောက်ကို မုန့်ဖိုး ၅ ပြားစီရသည်။ ထို ငါးပြားစေ့ ကိုယ်စီ ကိုင်ကာ ကျနော်တို့ ညီအစ်ကိုနှစ်ယောက် လမ်းထဲက ဈေးဆိုင်တွင် ပဲဆုပ် တလုံးစီ သွားဝယ်စားကြသည်။ ဒါကို အဖေသိလျှင် ကျောင်းပိတ်ရက်တွင် ကလေးများအား မုန့်ဖိုးပေးရမလား ဟူ၍ အမေ့ကို ဆူသည်။ မုန့်ဖိုးရမှ အိပ်တတ်သည့် ကျနော်တို့ ညီအစ်ကို နှစ်ယောက်ကိုလည်း အဖေက ဆူသည်။ ကျနော် စိတ်မကောင်းပါ။ ကလေးလည်း ဖြစ်၊ အငယ်ဆုံးလည်းဖြစ်သည့်အတွက်ကြောင့် ၀မ်းနည်းမိသည်။
တရက်တွင် အဖေ့ရှေ့၌ ဟင်းချေးများမိသဖြင့် အဖေရိုက်တာကို ခံရသည်။ အဖေက တော်ရုံတန်ရုံ သားသမီးများကို မရိုက်ပါ။ သူရိုက်သည့်အတွက် ကျနော် စိတ်မကောင်းဖြစ်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံမိသည်။ အိမ်အနီးအနားတွင် သောက်ရေကန် တကန်ရှိသည်။ ရေကန်ထဲ ခုန်ချပြီးသေမည်။ ထိုအကြောင်းကိုတော့ အစ်ကို ၁၁ ကို ပြောပြ၍ မဖြစ်။ သူကလည်း သဘောတူ မည်မဟုတ်။ သို့နှင့် ခေါင်းရင်းအိမ်က ကျနော် နှင့် ကစားဖော်လည်းဖြစ်၊ ခင်လည်း ခင်ကြသည့် အေးနိုင်ကို ပြောပြသည်။ သူကလည်း တားပါသည်။ ကျနော် အိမ်နှင့်ပက်သက်ပြီး စိတ်လည်းညစ်၊ ၀မ်းလည်းနည်းသည့်အတွက်ကြောင့် သေချင်သည်။
ထို့ကြောင့် တခုသောညနေ ထမင်းစားပြီးချိန်၊ မှောင်ချည်သန်းချိန်လောက်တွင် အနွေးအင်္ကျီကို ကြွပ်ကြွပ်အိပ် နှင့် ထုပ်သည်။ ကန်ဘောင်ဆိုတော့ လေကလည်းတိုက်၊ ရေကလည်း အေးသည် မဟုတ်လား။ ကျနော် အမြဲဝတ်နေကျ အနွေးထည်လေးကို ၀တ်ပြီးမှ ခုန်ချမည်။ ကျနော်တို့ လမ်းထဲတွင် စိတ်ညစ်၍ ရေကန်ထဲ ခုန်ချသေသွားသည့် လူသေအလောင်းများ ကို မြင်ဖူးသည်။ အလောင်းကောင်တွေက ပုပ်ပြီးပေါ်လာသည့်အခါ အင်္ကျီများက စုတ်ပြဲလျှက်၊ သားသားနားနားမရှိ။ ကိုယ့်ကျလျှင် ထိုကဲ့သို့ အဖြစ်မခံနိုင်။ သေလျှင်တောင် ကိုယ်ဝတ်နေကျ အနွေးထည်လေးကို ၀တ်လျှက်နှင့်သေမည်။
ထိုနေ့ညနေက ကျနော် ထမင်းကို အမြန်ပြီးအောင်စားသည်။ အစ်ကို ၁၁ မပြီးသေးခင် ကျနော်ပြီးသည်။ သူ နောက်ဖေးတွင် ရေသွားသောက်သည့် အလစ်ကို ချောင်းသည်။ သူ နောက်ဖေးကို ထွက်သွားတော့ ကျနော်လည်း အသင့်ထုပ်ထားသော အနွေးထည်ကို ယူသည်။ ရေကန်သို့ ရောက်ရန် ငါးမိနစ်ခန့်ပြေးရသည်။ ကန်ဘောင်သို့ ရောက်သောအခါ ကျနော် အနည်းငယ် စဉ်းစားမိသည်။ အဖေ့မျက်နှာ၊ အမေ့မျက် နှာ၊ အစ်ကိုအစ်မတွေမျက်နှာများကို မျက်စိထဲတွင် ပြန်မြင်ယောင်လာသည်။
ကျနော်ဝမ်းနည်းလာ၍ ငိုချလိုက်သည်။ ပြီးတော့ ရေကန်ထဲက သစ်သားတံတားလေးပေါ်မှာ အနွေးထည်ဝတ်လိုက်သည်။ ထို့နောက် မျက်စိစုံမှိတ်၍ ခုန်ချလိုက်သည်။
ကျနော် အရမ်းခံစားလိုက်ရသည်။ ကျနော် သေသွားပြီလားဟု မျက်စိကို ဖွင့်ကြည့်လိုက်သည်။ ယခုကဲ့သို့ နွေရာသီအချိန်၊ သင်္ကြန်လည်း နီးနေပြီဖြစ်သည့်အတွက်ကြောင့် ကန်ရေက ကျနော့် ဒူးခေါင်းလောက်သာ မြုပ်တော့သည်။ ထို့ကြောင့် ကျနော် ရေနစ်မသေခဲ့ပါ။ ထိုအချိန်တွင် ကန်ဘောင်ပေါ်၌ အမေ နှင့် အစ်ကို၊ အစ်မများက စိုးရိမ်တကြီးကြည့်နေသည်ကို တွေ့ရသည်။ အစ်ကို ၇ က ကန်ထဲဆင်း၍ ကျနော့်လက်ကို ဆွဲခေါ်သည်။ အမေက ငိုသံပါကြီး နှင့် ဘာတွေပြောနေမှန်းမသိ။ နောက်မှာတော့ အေးနိုင်ပါလာသည် ကိုလည်း တွေ့ရသည်။ ဒီကောင်သွားပြောလိုက်တာပဲ ဖြစ်မှာ။
အိမ်ရောက်တော့ အဖေက အစ်ကို၊ အစ်မတွေကို ဆူသည်။ အမေ့ကိုလည်း ဆူသည်။ ကျနော်လည်း ၀မ်းနည်းလွန်းသည့် အတွက်ကြောင့် ရှိုက်ကြီးတငင် ငိုချပစ်လိုက်သည်။ အစ်မ ၆ က ကျနော့်ကိုဖက်ပြီး “မောင်လေးရယ် … အစ်မတို့ မင်းကို စိတ်နာအောင် လုပ်လိုက်မိလို့လားဟင်” ဟုပြောပြီး ငိုသည်။ အားလုံး၏ မျက်နှာမှာ ကျနော်နှင့် ပက်သက်၍ ၀မ်းနည်းသည့် ပုံရိပ်တွေ အထင်းသား တွေ့ရသည်။ အစ်ကို ၁၁ ကလည်း ငိုမဲ့မဲ့မျက်နှာဖြင့် “မင်းသေသွားရင် ငါ ဘယ်သူနဲ့ ဆော့ရတော့မှာလဲ” ဟု မေးသည်။ ကျနော် လည်း ဘာမှ ပြန်မဖြေပါ။ ကျနော့်ကြောင့် တအိမ်သားလုံး စိတ်ဆင်းရဲရသည့် အတွက် စိတ်မကောင်း ဖြစ်မိသည်။
အဖေက ကျနော့်ကို “သား … အဖေ့ဆီကို လာဦး” ဟု ဆိုသဖြင့်၊ ကျနော် အစ်မ ၆ ရင်ခွင်ထဲမှ ထကာ အဖေ့ဆီကိုသွားသည်။ သာမန် အခြေအနေဆိုလျှင် ကျနော် အဖေ့နားသို့ မကပ်ရဲပါ။ သူက သားသမီးတွေရှေ့မှာ အရယ်အပြုံးနည်းသည်။ စကား ပြောလျှင်လည်း ခပ်တည်တည်ပြောတတ်သဖြင့် ကျနော်တို့ အားလုံး အဖေ့ကိုတော့ ကြောက်ကြသည်။
ယခု အဖေခေါ်သည့် အခါတွင်တော့ သူ့အသံမှာ ၀မ်းနည်းရိပ်တွေ လွှမ်းနေသည်ကို ကလေးပင်ဖြစ်သော်လည်း ကျနော် သတိပြုမိသည်။ အဖေ့ဆီကိုရောက်တော့ အဖေက ကျနော့်ကို သိုင်းဖက်ထားလိုက်သည်။ အဖေက “သား … ဘာဖြစ်ချင်လဲ အဖေ့ကိုပြောစမ်း” ဟု မေးသည်။ ကျနော် အဖြစ် ချင်ဆုံး၊ အတောင့်တဆုံးကို ကျနော်ပြောလိုက်ပါသည်။
“သား....ကိုကြီး၊ မကြီးတို့ နဲ့ ထမင်း အတူတူစားချင်တယ်”
ထိုအခါ အဖေက “သား … နောက်ပြီး ဘာလိုချင်သေးလဲ၊ အဖေ့ကိုပြော” ဟုဆိုတော့ ကျနော် နှုတ်ဆိတ်နေလိုက်သည်။ ကျနော်ဘာမှ မလိုချင်ပါ။ ကျနော် အလိုချင်ဆုံးသော အရာက မိသားစု စုံစုံလင်လင်နှင့် ထမင်းဝိုင်းတွင် တယောက်မျက်နှာ တယောက်ကြည့်ပြီး လက်ဆုံစားခွင့် ရရေးပင်ဖြစ်ပါသည်။
အဖေက အစ်မ ၆ အား “ကဲ … အညို၊ ဖိုးကျော် နဲ့ ဖိုးဇော်ကို မနှစ်က ကျောင်းသွားရင် မုန့်ဖိုး ဘယ်လောက်ပေးလဲ” ဟုမေးသည်။ အစ်မ ၆ က “၃၅ ပြားပါ … အဖေ” ဆိုတော့ အဖေက “အေး … ဒီတခါ ကျောင်းဖွင့်ရင် သူတို့ကို ၁၀ ပြားစီ တိုးပေးလိုက်၊ ဟုတ်ပြီ လား” ဟုပြောသည်။ ကျနော်ဝမ်းသာသွားပါသည်။ ဒီတခါ ကျောင်းဖွင့်လျှင် မုန့်ဖိုး ၄၅ ပြားရတော့မည်မို့ ကျောင်းမြန်မြန်ဖွင့်ပါစေ ဟုသာ ဆုတောင်းနေမိသည်။
အဖေက ကျနော့်ကို “သား … နောက်တခါ အဲဒီလို မလုပ်ရဘူးနော်။ ကိုယ်လိုချင်တာရှိရင် အဖေ၊ အမေရှိတယ်။ အစ်ကို၊ အစ်မတွေ ရှိတယ်။ အားလုံးကိုပြောပြ။ အခုတော့ လူကြီးတွေ အားလုံး စိတ်ဆင်းရဲရပြီ။ ကိုယ့်ကြောင့် သူများ စိတ်ဆင်းရဲ ရတယ်ဆိုရင် မကောင်းဘူး။ ကြားလား” ဟုပြောသည်။ ကျနော် "ဟုတ်ကဲ့” ဟုသာ တခွန်းပြောပြီး ကိုယ်က မှားသည်မို့ နှုတ်ဆိတ်နေလိုက်သည်။
နောက်နေ့များတွင် အစ်မ ၆ က ထမင်းဝိုင်းလေး တခုဖွဲ့၍ ကျနော်၊ အစ်ကို ၁၁ တို့နှင့်အတူ စားသည်။ စားရင်းက ထမင်းစားလျှင် လက်အလယ်ဆစ်နှင့်အထက် ထမင်းလုံးမတက်ရ၊ ဟင်းရည်သောက်လျှင် တရှုးရှုးမမြည်ရ၊ ဇွန်းကို အသံမမြည်အောင် ညင်သာစွာ ချရမည်။ ထမင်းလုံး မဖိတ်စေရ စသည်ဖြင့် ထမင်းလည်းစားရင်း၊ စကားလည်းပြောရင်း စိတ်ရှည်လက်ရှည် သင်ပေးပါသည်။
တရက်၊ နှစ်ရက်ကြာသွားသော် ညီအစ်ကို နှစ်ယောက်စလုံး ထမင်းစားတတ်သွားသည်။ ထိုအချိန်မှစ၍ ကျနော်တို့အိမ်ရှိ ထမင်းဝိုင်းကြီးမှာ အဖေ၊ အမေ အပါအ၀င် မိသားစု ၁၄ ယောက်ဖြင့် မိသားစု ထမင်းဝိုင်းကြီး ဖြစ်သွားပါတော့သည်။
ထိုနေ့သည် ကျနော်နှင့် အစ်ကို ၁၁ တို့ နှစ်ယောက်လုံး qualified ဖြစ်သော နေ့ဟု ဆိုရမည်။ ထို့ပြင် ကျနော်၏ ကလေးဘ၀ နေ့ရက်များတွင် အပျော်ဆုံးနေ့များထဲက တနေ့ဟုလည်း ဆိုချင်ပါသေးသည်။

ဒါတွေကို ပြန် အသုံးချလို့ရတယ်။
နာမည် - -------
အသက် - ၃၇
ပညာအရည်အချင်း - အင်ဂျင်နီယာဘွဲ့(စက်မှု)
လက်ရှိအလုပ်အကိုင် - ကိုယ်ပိုင် ကုမ္ပဏီထောင်ထားသည်။
------- မှာ စင်ကာပူသို့ရောက်ရှိ M.Sc ဘွဲ့တစ်ခု ထပ်ယူကာ အလုပ်လုပ်ရင်းမှ နောက်ပိုင်းတွင် သူငယ်ချင်း များနှင့် အတူပူးပေါင်း၍ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ သူ့ထံတွင်ပင် မြန်မာလုပ်သား ၃၀ ခန့် ရှိသည် ဟု ဆိုပါသည်။ သူက စင်ကာပူ လာရောက်လုပ်ကိုင်သူ လူငယ်များအား နေသာသလိုမနေကြပဲ မိမိဘ၀ တိုးတက်ရာ တိုးတက်ကြောင်း အမြဲ ကြိုးစားနေသင့်သည်ဟု တိုက်တွန်းပါသည်။
၈၊ ၁။ ထက်အာကာသို့ ပျံသန်းခြင်း
ကျွန်တော် R.I.T က ၁၉၉၆ မှာ ကျောင်းပြီးတယ်။ ကျောင်းပြီးတော့ ရန်ကုန်မှာ တစ်နှစ်လောက် လုပ်လိုက်သေးတယ်။ နောက်တော့ ၁၉၉၇ မတ်လမှာ စင်ကာပူလာခဲ့တာပဲ။ စင်ကာပူကို Work Permit နဲ့ လာခဲ့တာ။ အေးဂျင့်နဲ့ လာခဲ့တာပဲ။ Sheet Metal ကုမ္ပဏီမှာ လုပ်ရတယ်။ Engineering Technician တဲ့။ အဲဒီမှာ ၂ နှစ် လုပ်ခဲ့တယ်။ အဲဒါပြီးတော့ တခြား ကုမ္ပဏီ တစ်ခုမှာ E.P လျှောက်တယ်။ Technician အနေနဲ့ပဲ။ အဲဒီမှာ ၁၉၉၉ ကနေ ၂၀၀၀ ထိ လုပ်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်ကျတော့ NUS မှာ M.Sc (Mechanical) ကို အချိန်ပိုင်း သွားတက်ခဲ့တယ်။ ၂ နှစ်နဲ့ ပြီးသွားတယ်။
နောက်တော့ ကုမ္ပဏီတစ်ခုပြောင်းတယ်။ Mechanical Engineer အနေနဲ့။ Generator Set တွေ လုပ်တာ။ အဲဒီမှာ ၆ နှစ်လောက်ကြာတယ်။ ၂၀၀၇ စက်တင်ဘာထိ။ နောက်တော့ ကျွန်တော်မိတ်ဆွေတွေနဲ့ပေါင်းပြီး ကုမ္ပဏီတစ်ခု register လုပ်တယ်။ ဒါပေမဲ့ ချက်ခြင်းမလုပ်ဖြစ်သေးဘူး။ ကုမ္ပဏီအနေနဲ့က Gen Set packaging လုပ်ပေးတယ်။ နောက်ပြီး construction မှာ electrical wiring, installation လုပ်ပေးတယ်။ ကိုယ့်ဟာကိုယ် contract ဆွဲပြီး လုပ်တာ။
အစပိုင်းမှာတော့ အခက်အခဲတွေ အများကြီးတွေ့ရတာပေါ့။ ဒါပေမဲ့ ဒီလိုပဲ လုပ်ရတာပဲပေါ့။
ရန်ကုန်ကလာပြီး ကျောင်းတက်မဲ့သူတွေအတွက် အဓိကလိုတာက အင်္ဂလိပ်စာပဲပေါ့။ တခြားတော့ ဘာမှသိပ် အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ scholarship နဲ့ လာတဲ့သူတွေကတော့ ပြဿနာမရှိဘူး။ ကိုယ့်ဟာကိုယ် အလုပ်လုပ်ရင်း ကျောင်းတက်မယ်ဆိုရင်တော့ အလုပ်အကိုင် အဆင်ပြေရဲ့လား၊ အလုပ်တစ်ဖက်နဲ့ ကျောင်းစာလိုက်နိုင်ပါ့မလား သေသေချာချာ လေ့လာပြီးမှ လာသင့်တယ်။
ကိုယ့်ဟာကိုယ် ကျောင်းတက်မယ်ဆိုရင် ငွေဘယ်လောက်ကုန်မလဲ၊ အဲဒီလောက် အကုန်အကျခံနိုင်ပါ့မလား စတာတွေပါ ထည့်တွက်ရမှာပေါ့။ ဒီမှာက ကုန်ကျစရိတ်များတယ်။ ကျောင်းတစ်ဝက်တပျက်နဲ့ ပိုက်ဆံမတတ်နိုင်လို့ ပြန်သွားရ မယ်ဆိုရင် အရမ်းနစ်နာတယ်။
၈၊ ၂။ အောင်မြင်မှု ဆိုတာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခု မဟုတ်
ကိုယ့်ဘ၀ကိုယ် တက်လမ်းရှာချင်တယ်ဆိုရင်တော့ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ရမှာပဲ။ အထူးသဖြင့် မြန်မာပြည်က အလုပ်လာလုပ်တဲ့ လူငယ်လေးတွေကို မှာချင်တာက ဟာ၊ ငါ ဒီလောက်ပဲ ရတာပဲ။ ဒီလောက်နဲ့ တန်အောင်ပဲလုပ်မယ်ဆိုတဲ့ တွက်ကပ်တဲ့စိတ်မျိုးတွေ မမွေးမိစေဘို့ပဲ။
ကျွန်တော်တို့ လာတုံးကလည်း လခက ဘယ်လောက်မှရတာမဟုတ်ဘူး။ ဒါပေမဲ့ အကုန်လုပ်ရတာပဲ။ ကျွန်တော်တို့ ရတဲ့လခနဲ့ လုပ်ရတာနဲ့ကို ဒီထက်ပိုကြီးတဲ့ ကုမ္ပဏီကြီးတွေနဲ့သာ ယှဉ်ကြည့်လိုက်ရင် ဘယ်လိုမှမကိုက်ဘူး။ ဒါပေမဲ့ မတွက်မကပ်ပဲ ဒီလိုလုပ်ခြင်းအားဖြင့် တစ်နေ့ ကိုယ့်ဟာကိုယ် စီးပွားရေးလုပ်တဲ့အခါမှာ အများကြီး အထောက်အကူရတယ်။ အောက်ခြေသိမ်း အားလုံးနားလည်သွားတယ်။ လက်တွေ့သိသွားတယ်။ အဲဒါအမြတ်ပဲ။ ဒါ ငွေပေးပြီး ၀ယ်လို့မရနိုင်သလို ကျောင်းမှာ သင်ပေးလို့လည်း မရနိုင်ဘူး။ တကယ်လုပ်တဲ့ အခါကျမှ အခက်အခဲ၊ ပြဿနာဆိုတာတွေ့ရတာ။
နောက်တစ်ခုက ကတိတစ်ခုကို လွယ်လွယ်မပေးမိစေဘို့၊ ကတိပေးပြီးရင်လည်း ပေးထားတဲ့ကတိအတိုင်း လုပ်ပေးဘို့ အရေးကြီးတယ်။ ဒါမှ လူတွေရဲ့ ယုံကြည်မှုရမယ်။ စီးပွားရေးလုပ်တဲ့အခါ အဆင်ပြေမယ်။ အခု ကျွန်တော်တို့ ကိုယ့်စီးပွားရေးကိုယ် လုပ်ကြပြီဆိုတော့ အလုပ်ရှာတဲ့အခါ အလုပ်ရှင်က ကိုယ့်နောက်ခံသမိုင်းကို လေ့လာတယ်။ ဒီကောင်တွေ တကယ် စိတ်ချရရဲ့လား ပေါ့။
ကိုယ်က သမိုင်းကြောင်းမကောင်းခဲ့ရင် အလုပ်ရှင်က အလုပ်အပ်မှာမဟုတ်ဘူး။ ဒီတော့ သမိုင်းကြောင်း ကောင်း အောင် ကိုယ့်အလုပ်အပေါ်မှာကိုယ် သစ္စာရှိရမယ်။ ကောင်းနိုင်သမျှ ကောင်းကောင်းလုပ်ပေးရမယ်။ အကောင်း ဆုံးဖြစ်အောင် ကြိုးစားရမယ်။
ဒီတော့ ကိုယ် လခ ဘယ်လောက်ရသလဲ ဆိုတာထက် ကိုယ် ဘယ်လောက် လုပ်ပေးနိုင်သလဲဆိုတာ ပိုပြီး အရေးကြီးပါတယ်။ အထူးသဖြင့်တော့ နောက်ပိုင်းလာတဲ့ ကောင်လေးတွေမှာ အဓိက တွေ့ရတယ်။ ငါကတော့ ဘယ်လောက်ပဲ ရတာမို့ ဘယ်လောက်ပဲလုပ်နိုင်မယ် စသဖြင့်ပေါ့။ ကောင်လေးတွေက ပိုက်ဆံသာလိုချင်တာ။ ဘာခံယူချက်မှ မရှိသလို ကြိုးစားချင်စိတ်လဲမရှိဘူး။ သူတို့ကို တစ်ခုခုလုပ်ခိုင်းလိုက်ရင် တာဝန်ယူချင်စိတ်မရှိဘူး။ နောက်ပြီး ကိုယ်မတတ်လို့ လေ့လာချင်တဲ့စိတ်လည်း မရှိဘူး။
ဒါ ကျွန်တော်ထင်တယ်။ သူတို့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေနဲ့လည်း ဆိုင်မယ်ထင်တယ်။ သူတို့က မြန်မာပြည်မှာကတည်းက ခပ်ပေါ့ပေါ့နေ၊ ခပ်ပေါ့ပေါ့စား။ ပညာသင်ကြားရေးကအစ ဘာကိုမှ အလေးအနက်မထားခဲ့ ဘူး။ အဲဒီ အကျင့်တွေ ဒီကိုပါယူလာခဲ့တယ်။
ကျွန်တော်သူတို့ကို ပြောပြတယ်။ အောင်မြင်မှုဆိုတာ လွယ်လွယ်လေးရတဲ့အရာ မဟုတ်ဘူး။ အစွမ်းကုန် ကြိုးစားနိုင်မှ ရတာ။ ကျွန်တော် ဒီလာတုံးက Work Permit နဲ့လာတာ။ ပါမစ် သက်တမ်းကုန်ခါနီးတော့ E.P တင်တယ်။ မရဘူး။ Reject ထိတယ်။ နောက်ထပ် အလုပ်ထပ်ရှာရတယ်။ E.P တင်ရတယ်။ နောက်မှ ရတာ။
ကျွန်တော်က P.R လိုချင်တယ်။ P.R ဖြစ်မှလည်း ကလေးတွေ ကျောင်းတက်ဖို့ကိစ္စတို့ဘာတို့ အဆင်ပြေမှာကိုး။ အဲဒီအချိန်က P.R ရဘို့ဆိုတာလည်း အတော့်ကိုမလွယ်ဘူး။ ဒီက M.Sc ဘွဲ့ တစ်ခုခုရမှလို ဖြစ်နေတော့ ကျွန်တော် ကျောင်းတက်ဘို့ပြင်တယ်။ မဖြစ်ဖြစ်အောင် ကျောင်းတက်လိုက်တယ်။ ကြိုးတော့ ကြိုးစားရတာပေါ့။ ဒီလိုနဲ့ M.Sc ပြီး သွားတယ်။
နောက်ပြီး စီးပွားရေးလုပ်တယ်ဆိုတာလည်း ပြောသလောက် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ပထမ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ အပြင်းအထန်ရုန်းကန်ရတယ်။ အပင်ပန်းခံ၊ အနစ်နာ ခံရတယ်။ အခက်အခဲ ပေါင်းစုံတွေ့ရတယ်။ ကိုယ် မျှော်လင့်ထားတာရော၊ မျှော်လင့် မထားတာရောပေါ့။
လုပ်တာက ကျွန်တော်ရယ်၊ ကျွန်တော်နဲ့ စင်ကာပူကို အတူတူထွက်လာတဲ့ သူငယ်ချင်းတစ်ယောက်ရယ်၊ နောက် တစ်ယောက်ရယ် ပေါင်းပြီးလုပ်ငန်းတစ်ခု ထူထောင်လိုက်တာ။ ခုဆို နှစ်နှစ်လောက်ရှိပြီ ဆိုပါတော့။ ထိုက်သင့် သလောက်တော့ အောင်မြင်ပါတယ်။
၈၊ ၃။ မြန်မာလူငယ်တွေ အတွက် တိုးတက်ရေး လမ်းညွှန်ချက်
စင်ကာပူကို ရိုးရိုး အလုပ်သမားဘ၀နဲ့လာတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော့်ဆီမှာကိုပဲ ၃၀ လောက် ရှိတယ်။ ဒီကောင်လေးတွေရဲ့ သဘောထားကတစ်မျိုးဗျ။ သူတို့ကို ကျွန်တော် ပြောပြတယ်။
မင်းတို့ကြုံရင် သူငယ်ချင်းတွေ ဆီကနေတဆင့် တခြားကုမ္ပဏီတွေ မေးကြည့်လိုက်။ ငါတို့ မြန်မာကုမ္ပဏီတွေနဲ့ တူရဲ့လား ဆိုတာ။ သူများတွေမှာ OT မဆင်းရလို့ ငြီးနေကြတယ်။ မင်းတို့ကျတော့ ပင်ပန်းလို့ဆိုပြီး ငါတို့က ပေးတာတောင် အိုတီ မဆင်းချင်ကြဘူး။
နောက်ပြီး သူတို့ကပြောလိုက်သေးတယ်။ ကျွန်တော်တို့အတွက် ပိုက်ဆံကအရေးမကြီးပါဘူး တဲ့။ ပိုက်ဆံ အရေးမကြီးရင် ဘာကိစ္စ ကိုယ့်မိသားစုနဲ့ခွဲပြီး စင်ကာပူကိုလာသတဲ့လဲ။ နောက်ပြီး ကျွန်တော်တို့က သူတို့ကို အမြဲစောင့်ကြည့် အကဲခတ်နေတာ။ တော်ရင်တော်သလို၊ ထူးချွန်ရင်ထူးချွန်သလို မြှောက်စားရအောင်။ ဒါ သူတို့အတွက် အခွင့်အလမ်းပဲ။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ခံစားရမှာ။ နောက်ပြီး ဒါတင်မကသေးဘူး။ သူတို့သာယူတတ်ရင် ဒီကနည်းပညာတွေ အများကြီး ယူသွားလို့ရတယ်။ နောင်တစ်ချိန် စင်ကာပူကနေ ပြန်သွားပြီး မြန်မာပြည်မှာ ကိုယ့်ဟာကိုယ် စီးပွားရေးလုပ်ရင် ဒါတွေကို ပြန် အသုံးချလို့ရတယ်။
နောက်တစ်ချက်က သူတို့မှာ ဘာရည်မှန်းချက်မှ တိတိကျကျမရှိဘူး။ စင်ကာပူကို ဘာလို့လာသလဲ။ ပိုက်ဆံ ရှာဘို့ဆိုရင် ဘယ်အတိုင်းအတာထိ ရှာမလဲ။ ရလာတဲ့ ပိုက်ဆံကို ဘယ်လိုအသုံးချမလဲ။ စင်ကာပူမှာ မလုပ်တော့လို့ မြန်မာပြည် အပြီးပြန်သွားရင် ဘာလုပ်မယ်စိတ်ကူးထားလဲ။ မေးလိုက်ရင် သူတို့ ဘာမှရေရေရာရာ မပြောတတ်ဘူး။ ဒါ အလုပ်သမားတွေတင် မကဘူး။ အင်ဂျင်နီယာ ဆိုတဲ့ကောင်လေးတွေလည်း ဒီအတိုင်းပဲ။
စင်ကာပူမှာလည်း မြန်မာတွေ အတော်များများ မန်နေဂျာတို့ဘာတို့ ဖြစ်နေကြတာ ရှိပါတယ်။ သူတို့ ဒီလို ဖြစ်လာတယ် ဆိုတာ အင်မတန် ကြိုးစားပြီးမှ ဖြစ်လာကြတာ။ နေရင်းထိုင်ရင်း ဖြစ်လာတာ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် အစပိုင်းမှာတော့ အခက်အခဲဆိုတာ ရှိမှာပဲ။ အနည်းဆုံးတော့ communication ပြဿနာရှိတယ်။ ယဉ်ကျေးမှုမတူလို့ ဆက်ဆံရတဲ့အခါ မပြေလည်တာတွေ ရှိတယ်။
အလုပ်ရှင်ဆိုတာ လူတွေအကြောင်း ကောင်းကောင်းနားလည်တယ်။ လူကဲခတ် အင်မတန်တော်တယ်။ တော်လို့လည်း သူဌေးဖြစ်နေတာပဲ။ ဘယ်သူကတော့ဖြင့် အလုပ်ကိုကြိုးစားပမ်းစား လုပ်တယ်။ ဘယ်သူကတော့ဖြင့် အင်မတန်ရေသာခို ချင်တယ်။ တွက်ကပ်တယ်။ ဒါ သူတို့ နေရာတကာလိုက်ကြည့်နေစရာ မလိုဘူး။ သိတာပဲ။ ပါးစပ်ဟလိုက်တာနဲ့ ဗိုက်ထဲ ဘာရှိတယ်ဆိုတာ သိပြီးသားပဲ။
ဒီတော့ အင်မတန်ရှင်းပါတယ်။ ကြိုးစားတဲ့လူတက်မယ်။ မကြိုးစားတဲ့လူမတက်ဘူး။ ခု ကျတော့ ရောက်လာတဲ့ ကောင်လေးတွေက တစ်ယောက် ရာထူးတက်သွားရင် ဘာကြောင့်တက်သလဲဆိုတာ မလေ့လာပဲ မနာလိုစိတ်နဲ့ တိုက်ချင်တယ်။ တွန်းချင်တယ်။ တရားသောနည်းအားဖြင့် မယှဉ်ပြိုင်ပဲ မဟုတ်တာလုပ်ချင်တယ်။ ဒါ ကြည့်လိုက်ရင် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ပေါ့။ တိုးတက်မလာပဲ ဆုတ်ယုတ်လာတယ်။ ဒါ ကျွန်တော့် ကုမ္ပဏီမှာ ကိုပဲ တွေ့နေရတာတွေ။
ဆိုတော့ ကျွန်တော်တို့ မြန်မာချင်းတော့ မထောင်းတာဘူးပေါ့။ ဒါပေမဲ့ နိုင်ငံခြားသားကုမ္ပဏီမှာ သွားလုပ်တဲ့အခါ လူမျိုးလိုက်ချီပြီး သိက္ခာကျတယ်။ မင်းတို့ မြန်မာတွေ ဘာသောက်သုံးကျသလဲလို့ အပြောခံရတာ ဘယ်လောက် ရှက်စရာ ကောင်းသလဲ။ ဒါပေမဲ့ အလျင်ရောက်နှင့်နေတဲ့ မြန်မာတွေက အင်မတန်ကြိုးစားလို့ နာမည်ကောင်းရနေတော့ ဒီက ကုမ္ပဏီတွေက မြန်မာဆို သဘောကျတယ်။ အလုပ်ခန့်ချင်တယ်။ အဲဒါကို နောက်လူတွေ အနေနဲ့ ဆက်ထိန်းထားဘို့လိုတယ်။
စင်ကာပူဆိုတာက နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံ လာလုပ်နေကြတာ။ သူတို့မှာ သူတို့လူမျိုးရဲ့ အမူအကျင့်တွေ၊ ဓလေ့စရိုက်တွေ ပါလာတယ်။ ကိုယ်က သူတို့ရဲ့ မကောင်းတဲ့ အမူအကျင့်တွေကိုပယ်ပြီး ကောင်းတဲ့ အလေ့အကျင့်တွေကို အတုခိုးရမယ်။ အခုတော့ ကောင်လေးတွေက မကောင်းတာတွေတော့ အတုခိုးမြန်ပြီး ကောင်းတာတွေကျတော့ နည်းနည်းလေးမှ အတုမယူဘူး။ ဥပမာ - စင်ကာပူရောက်ပြီ ဆိုတာနဲ့ နားကွင်းဖောက်မယ်။ ဆံပင်ရှည်ထားမယ်။ တက်တူးတွေ ထိုးမယ်။ ဖဦးထုပ်မတွေနဲ့ girl friend တွေ ထားမယ်။
ကိုယ်က လခတိုးလိုချင်ရင် အရင်လုပ်ပြရမယ်။ သူများတွေနဲ့ သွားယှဉ်တဲ့အခါမယ် သူများတွေက အတွေ့အကြုံ ရင့်ပြီးသား။ ကိုယ်က သူတို့ထက် ပညာတော့ ပိုတတ်ပါရဲ့။ အတွေ့အကြုံပိုင်းမှာ သူတို့ကိုမမီဘူး။ ဒီတော့ သူတို့ထက် ပို တတ်အောင် ကိုယ်ကကြိုးစားရမယ်။ အရင်ဆုံးလုပ်ရမှာက communication ပဲ။ ကိုယ်ပြောတာ သူတို့ နားလည်ရမယ်။ သူတို့ပြောတာ ကိုယ် နားလည်ရမယ်။
ခု ကောင်လေးတွေမှာ ဖြစ်နေတာက ဟာ - ငါက ဘာဘွဲ့ရပြီးသားပဲ။ ဒါနဲ့တောင် ငါတို့ကို နှိမ်ထားတယ်။ လခ တိုးမပေးချင်ဘူး လို့ ယူဆတယ်။ ကိုယ်ကတော့ ကြိုးစား မပြဘူး။ ဒီတော့ နောက် ကုမ္ပဏီပြောင်းမယ်။ ဒါမှမဟုတ် ပြန်သွားမယ်။
ဒါပေမဲ့ နောက်ကုမ္ပဏီမှာလည်း ဒီအတိုင်းဆို ဘယ်သူက အလကားနေရင်း သူတို့ကို လခ ၁၅၀၀၊ ၂၀၀၀ ပေးမလဲ။ ၂၀၀၀ တန်မှ ၂၀၀၀ ပေးမှာပေါ့။ သူတို့ အပြောကောင်းလို့ အစပိုင်းမှာ လခ ၂၀၀၀ နဲ့ အလုပ်ရချင် ရသွားမယ်။ ဒါပေမဲ့ တကယ်လည်း ၀င်လုပ်လိုက်ရော သူဌေးက သူမလုပ်တတ်မှန်း သိသွားရင် ဖြုတ်ပစ်မှာပဲ။ ညှာနေမှာ မဟုတ်ဘူး။
ဒီတော့ ကုမ္ပဏီ တစ်ခုပြီးတစ်ခု ပြောင်းသွားတာသာ အဖတ်တင်တယ်။ ကိုယ့်မှာ ဘာပညာမှ မရလိုက်ဘူး။
ဒီမှာက ပထမ အလုပ်ခန့်လိုက်ရင် probation period (အစမ်းခန့်ကာလ) ဆိုတာ ရှိတယ်။ ဒီကာလအတွင်းမှာ လခ အပြည့်မပေး တတ်ကြဘူး။ ဆိုပါတော့၊ မူရင်း လခက ၁၈၀၀ လို့ သဘောတူ ထားပေမဲ့ probation period က ၃ လ ဆိုရင် ဒီ ၃ လ အတွင်းမှာ ၁၂၀၀ ပဲပေးချင်ပေးမယ်။ ဒီ ၃ လအတွင်းမှာ ကုမ္ပဏီက ကိုယ့်လုပ်ရည်ကိုင်ရည်ကို အကဲခတ် ကြည့်မယ်။ ကိုယ်က ငါဟာ တကယ်ပဲ ၁၈၀၀ တန်ပါတယ် ဆိုတဲ့အကြောင်း ကောင်းကောင်း ပြနိုင်ရမယ်။ သူတို့ ၁၂၀၀ ပဲပေးတာကို ကြည့်မနေရဘူး။ ကိုယ့်အနေနဲ့ လုပ်ရမှာက ဒီ probation period အတွင်းမှာ လုပ်ငန်းသဘောသဘာဝတွေ လေ့လာရမယ်။ တကယ့်ကို ယုံကြည်စိတ်ချရတဲ့ သူတစ်ဦးဖြစ်အောင် ကြိုးစားပြရမယ်။ ကိုယ်ဒီလို လေ့လာတာတွေ၊ ကြိုးစားတာတွေ တွေ့ရမှ probation period ပြည့်တဲ့အချိန်မှာ သူတို့ဘက်က စိတ်ချလက်ချ လခတိုးပေးမှာပေါ့။ ကိုယ်သာ တကယ်လုပ်ပြနိုင်ရင် ၁၈၀၀ တောင် မဟုတ်ဘူး။ ၂၀၀၀ လည်း တောင်းနိုင်တာပဲ။
ဒါမှမဟုတ်ပဲ ကိုယ်က အာ၊ သူတို့မှ လခအပြည့်မပေးတာဆိုပြီး ရေသာခိုနေ၊ ကပ်နေလို့ကတော့ ဘယ်တော့မှ လခ တိုးရမှာ မဟုတ်ဘူး။ ဒါ အင်မတန်သေချာနေတာပဲ။ သူဌေးဆိုတဲ့လူတွေက အင်မတန်ပါးတာဗျ။ သူတို့က မတော်တဲ့ကောင်တွေကိုသာ မင်းတို့ကို လခတော့ မတိုးပေးနိုင်ဘူး။ ကြိုက်တဲ့ အချိန်ထွက်နိုင်တယ်လို့ပြောပေမဲ့ တကယ် လုပ်တတ်တဲ့၊ တော်တဲ့သူတွေကျတော့ သူတို့ကိုယ်နှိုက်ကကို ထွက်သွားမှာကို ကြောက်နေတာ။ အဲဒီတော့ ကိုယ့်အနေနဲ့ ကိုယ်လိုချင်တဲ့ လခကို ရဲရဲတောင်းလို့ ရတာပေါ့။ ကိုယ့် အရည်အချင်း ကိုယ်သိနေတာကိုး။
အဲဒါကို ကျွန်တော်တို့ မြန်မာလူငယ်တွေ သဘောမပေါက်ကြဘူး။ စေတနာနဲ့လုပ်ပေးဘို့ဆိုတာ အင်မတန် အရေးကြီးတယ်။ ကျွန်တော် နောက်ဆုံး လခစားအနေနဲ့ လုပ်ခဲ့တဲ့ကုမ္ပဏီဆိုရင် ကျွန်တော့်ရာထူးက မန်နေဂျာပဲ။ ဒါပေမဲ့ ကုမ္ပဏီကသေးတဲ့ အခါကျတော့ အကုန်လုပ်ပေးရတာပဲ။ ငါ မန်နေဂျာပဲ၊ ဒီအလုပ် ငါနဲ့မဆိုင်ဘူးလို့ မသိချင်ယောင် ဆောင်နေလို့ မရဘူး။ အရောင်းဘက်မှာလဲ လုပ်ပေးရတယ်။ Technician အနေနဲ့လည်း လုပ်ပေးရတယ်။ Production ဘက်ပါ ၀င်ကိုင်ပေးရတယ်။
အကြောင်းမသိတဲ့သူတွေကတော့ ပြောမှာပေါ့။ ဟာ - ဒါတွေ မင်းလုပ်စရာလား ပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကျတော့ ဒီလို အောက်ခြေသိမ်း လုပ်လိုက်ခြင်းအားဖြင့် ဟော၊ ခု ကိုယ်ပိုင်ကုမ္ပဏီထောင်တော့ အဲဒါတွေဟာ အားလုံး အင်မတန်မှ အဖိုးတန်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်သာ ကိုယ်တိုင်ဝင်မလုပ်ရင် ဒါတွေကို ဘယ့်နှယ်လုပ် သိနိုင်မလဲ။ ဒါမျိုးတွေ ဆိုတာက စာအုပ်ထဲမှာ ရေးပြထားတာမျိုး မဟုတ်ဘူး။ လက်တွေ့ကနေ သင်ယူရတာ။
နောက်ဆုံး ကျွန်တော် သူတို့ဆီကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ် ဆိုတာတောင်မှ ပစ္စလက်ခတ် ထွက်လာတာ မဟုတ်ဘူး။ သူဌေးကို သေသေချာချာပြောတယ်။ ငါ စီးပွားရေးလုပ်မလို့ မင်းဆီက ထွက်တော့မယ်။ ဒါပေမဲ့ မင်း လိုတဲ့အချိန် ငါ့ကိုပြော။ ငါတတ်နိုင်သလောက် လုပ်ပေးမယ်။ နောက်ပြီး ဒီက ငါ့နေရာမှာ အစားထိုးမဲ့လူကိုလည်း ငါ သေသေချာချာ သင်ပေးသွားမယ်။ ဒီတော့ မင်းအနေနဲ့ ငါ့ကို ဘယ်နှစ်လဆက်နေစေချင်သေးလဲ၊ ပြော၊ ငါ လုပ်ပေးမယ် ပေါ့။ နောက်ဆုံးအချိန်ထိ သူ့ကိုအကူအညီပေးခဲ့တယ်။ ဒါ ကျွန်တော်က ကိုယ်ဘယ်လောက် စေတနာထား လုပ်ပေးခဲ့သလဲ ဆိုတာပြောပြတာ။
ဒီလို လုပ်ပေးခဲ့ခြင်းအားဖြင့် သူနဲ့ကိုယ့်အကြား မိတ်မပျက်တော့ဘူး။ နောင် ဆက်ဆံချင်တယ်ဆိုလည်း ပြန်ပြီး ဆက်ဆံလို့ရတယ်။ ရေရှည်အတွက် ကြည့်ရတာပေါ့။
Note: got it from received mail